Monday, December 31, 2012

၁၉၆ဝနှစ်များပုံစံကဗျာ

အကောင်းဆုံးက ကိုယ်လုံးတီးအမျိုးသမီးတွေပဲ
ပြောင်းခင်းထဲမှာလည်း သူတို့ရှိတယ်၊ မြစ်ကမ်းနဘေးမှာလည်း သူတို့ပဲ
သူတို့ဟာကိုယ်လုံးတီးဖြစ်ပြီး လမင်းကအဝါရောင်ဖြစ်တယ်
ဆီးသီးပေါတဲ့ နွေရာသီဖြစ်တယ်
အဲဒီနောက်ဆောင်းဦးရာသီ၊ သူတို့ကို မြို့ထဲမှာငါတွေ့တယ်
ကော်ဖီဆိုင်မှာ၊ ပါတီပွဲမှာ၊ အရက်ဆိုင်မှာ၊ ပန်းချီပြပွဲဖွင့်ပွဲတွေမှာ
အဲဒီကိုယ်လုံးတီးအမျိုးသမီးတွေကို ငါတွေ့တယ်
တစ်ခါတရံ နေကာမျက်မှန်တွေကို သူတို့တပ်ထားကြတယ်
မကြာခဏဆိုသလို စီးကရက်ကိုလက်ကြားမှာညှပ်၊ ကော့တေးခွက်ကိုကိုင်ထားကြတယ်
ကော့တေးထဲမှာ ရေခဲကတစ်တုံးတည်းသာရှိတယ်
ကိုယ်လုံးတီးအမျိုးသမီးတွေဟာ ဘီးဟိုက်ပုံဆံထုံးကိုကြိုက်တယ်
နေရာမရွေးဝတ်လို့ရတဲ့ အနက်ရောင်ဝတ်စုံတွေကိုကြိုက်တယ်
ကိုယ်နံ့မွှေးကြိုင်တာကို ဂုဏ်ယူတယ်
အိစက်စက်အနက်ရောင်ဂါဝန်ကိုဝတ်
နောက်ဆုံးပေါ်အနက်ရောင်ခေါက်ပိုက်ဆံအိတ်ကို သူတို့ကိုင်ထားကြတယ်ဆိုပေမယ့်
သူတို့ဟာ ငါ့စိတ်ကူးထဲကကိုယ်လုံးတီးအမျိုးသမီးတွေပဲ
ဆယ့်လေးနှစ်သားအရွယ်ကတည်းက ငါစိတ်ကူးယဉ်ခဲ့ရတဲ့
ကိုယ်လုံးတီးအမျိုးသမီးတွေပဲ

ဒေးဗစ်လေးမန်း
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ David Lehman ရဲ့ Poem in the Manner of the 1960s ကဗျာကိုပြန်ဆိုပါတယ်) 


Monday, December 17, 2012

အဖေ့ကို ကျွန်မသတ်လိုက်တယ်

အဲဒီညက အဖေ့ကို
ကျွန်မသတ်လိုက်တယ်။
ဒါမှမဟုတ် ဟိုတစ်နေ့ကများလား...
ကျွန်မမမှတ်မိဘူး။
သေတ္တာတစ်လုံးကိုဆွဲပြီး ကျွန်မထွက်ပြေးတယ်။
သေတ္တာထဲမှာ အိပ်မက်ရယ်၊ မှတ်ဥာဏ်ပျက်သုန်းမှုရယ် အပြည့်ပဲ။
ပြီးတော့ ကျွန်မငယ်ငယ်က
အဖေနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံလေးကိုလည်း
ထည့်ယူခဲ့တယ်။
အဖေက ကျွန်မကိုလက်မောင်းနဲ့ပွေ့ထားတဲ့ပုံလေး။

သမုဒ္ဒရာရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာ
လှပတဲ့ကမာခွံတစ်ခုထဲ အဖေ့ကိုထည့်ပြီး
ကျွန်မသေသေချာချာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့တယ်။
ဒါပေမယ့်လည်း အဖော်ကင်းမဲ့စွာ၊ တုန်ရီထိတ်လန့်စွာနဲ့
ကုတင်အောက်မှာ တိတ်တိတ်လေးပုန်းနေတဲ့ကျွန်မကို
အဖေရှာတွေ့သွားပါတယ်။

မရမ် အာလ်-မာစရီ
မြန်မာပြန်-မောင်ဒေး

(ဆီးရီးယားကဗျာဆရာမ Maram al-Massri ရဲ့ I killed my father... ကဗျာကိုပြန်ဆိုပါတယ်)

Sunday, December 9, 2012

ငါ့ရဲ့လက်ရှိအလုပ်အကိုင်


အလုံဈေးကကာရာအိုကေဆိုင်ထဲမှာ ငါ့ရဲ့မျက်စိရှေ့တင်
စစ်တပ်က သပိတ်စခန်းကိုဝင်သိမ်းတယ်။
မိန်းကလေးတွေဟာ ကျပ်ညပ်နေတဲ့ဒိုင်နာကားပေါ်မှာ
ဘာသာစကားတစ်ခုကနေ နောက်တစ်ခုဆီ အသက်လုပြေးကြတယ်။

မိုင်းရှင်းထားတဲ့ပေါင်ကြားကို ထူးဆန်းတဲ့အနာတစ်ခုလို ငါကြည့်နေတုန်း
သုဝဏ္ဏအားကစားကွင်းရှေ့မှာ လယူရှောင်ဘိုကို* ထောင်ထဲထည့်လိုက်တယ်။
ဘုရားရှေ့မှာ နဂါးရှိတယ်။ မိုးဟာ လေမမြင်၊ မိုးမမြင်။
ဇောက်ထိုးဆင်းလာတဲ့လေယာဉ်မှာ ထိုးကွင်းတွေမြင်မကောင်း။

ခုနေခါ ကဗျာရေးဖို့မဖြစ်နိုင်လို့ ဒီကဗျာကိုငါရေးတယ်။
ကဗျာနဲ့မူးယစ်ဆေးဝါးဆိုတာ အလယ်တန်းကျောင်းမှာကတည်းက
မိန်းကလေးတွေအိမ်သာတက်တာကို အလှည့်ကျချောင်းကြည့်၊
ကြောင်ရဲ့ဂွေးမှာ ခဲလုံးကိုကြိုးတပ်ပြီးဆွဲတော့လည်း အတူတူပဲ။
အဲဒါ သီတာထွေး။” “မဟုတ်ဘူး၊ အဲဒါ လေးဖက်ကုန်းနေတဲ့ကဗျာ။”

MRTV 4ဟာ ငါ့ရဲ့နာမည်တွေအများကြီးထဲကတစ်ခု၊ နောက်တစ်ခုက
လှိုင်သာယာစက်မှုဇုံ။ ငါမွေးထားတဲ့မျောက်မှာ ဖိုလိင်အင်္ဂါငါးခုရှိတယ်။
ငါမွေးထားတဲ့မျောက်ဟာလက်အိတ်ကို အောက်ခံဘောင်းဘီလုပ်ဝတ်တယ်။

လဆုတ်လကွယ်ကို ငါထိန်းချုပ်တယ်။ ကိန္နရာရဲ့အတောင်ကိုကျောမှာတပ်၊
ကြယ်တံခွန်ကို ဒဂုန်တာရာရဲ့လျှာနဲ့ ငါလျက်တယ်။

*Liu Xiaobo

မောင်ဒေး
၉ ဒီဇင်ဘာ ၂ဝ၁၂

Monday, November 26, 2012

လှပသောအရာများနှင့် နက်နဲသိမ်မွေ့သောအရာများအကြောင်း

အသိပညာဟာလှတယ်၊ နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။
                                                                                      --- ခါးန့်ထ်

၁။

ရေဒီယိုဟာ အပူမီဒီယာဖြစ်တယ်။
တယ်လီဗီးရှင်းက အေးတယ်။*

ရုရှားနိုင်ငံမှာ ရထားခရီးစဉ်တစ်ခုဟာ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တယ်။
ရှီကာဂိုမြို့ကိုရထားနဲ့သွားတာဟာ ရုပ်ရှင်တစ်ကားဖြစ်တယ်။
မိုင်ယာမီမြို့ကိုလေယာဉ်နဲ့သွားတာဟာ
ဘေးဒုက္ခဆိုးတွေအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်။

ကျောက်ထင်းရှုးပင်တစ်ပင်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။
ညောင်မုတ်ဆိတ်ပင်တစ်ပင်ဟာ
ရေ့ဖ်ဝေါ်လ်ဒိုအီမာဆန်ရဲ့စကားပြေဖြစ်တယ်။

အမျိုးသမီးတစ်ယောက်ရဲ့အတွင်းခံဟာ(ဘယ်သမိုင်းခေတ်မှာမဆို) ကဗျာဖြစ်တယ်။
အမျိုးသားတစ်ယောက်ရဲ့အတွင်းခံဟာ(ဘယ်သမိုင်းခေတ်မှာမဆို) စကားပြေဖြစ်တယ်။

အမျိုးသမီးဝတ်အောက်ခံဘောင်းဘီ(အဖြူရောင်၊ ပိုးသား၊V အက္ခရာပုံ) တွေဟာလှတယ်။
အမျိုးသားဝတ်စပိုတာအောက်ခံဘောင်းဘီတွေဟာ နက်နဲသိမ်မွေ့တယ်။

ယုံမှားလွန်စိတ်ဝေဒနာဟာ ကဗျာဖြစ်တယ်။
အိပ်မရရောဂါဟာ စကားပြေဖြစ်တယ်။


၂။

သေဆေးအထိုးခံပြီး သေပွဲဝင်တာဟာ စကားပြေဖြစ်တယ်။
ကြိုးဆွဲချပြီးသေတာဟာ ငြီးငွေ့စိတ်ပျက်စရာကောင်းတယ်။
သေနတ်နဲ့ကွပ်မျက်ခံရပြီးသေတာဟာ မြင့်မြတ်ပြီး နက်နဲသိမ်မွေ့တယ်။

ဟိုးမားဟာ ကြေကြေကွဲကွဲ နက်နဲသိမ်မွေ့တယ်။
စီးကရက်တွေ အထူးသဖြင့် Camel နဲ့ Lucky တို့ဟာနက်နဲသိမ်မွေ့တယ်။

ဆေးပြင်းလိပ်တွေဟာ နက်နဲသိမ်မွေ့တယ်။
ဆေးတံတွေဟာ လှတယ်။

ရှောလမွန်သီချင်းဟာ လှတယ်။
ကမ္ဘာဦးကျမ်းနဲ့ ယောဘဝတ္ထုတို့ဟာ နက်နဲသိမ်မွေ့တယ်။

ဟေရှာယဟာ နက်နဲသိမ်မွေ့တယ်။ ပထမမြောက်ရှမွေလနဲ့
ဒုတိယမြောက်ရှမွေလတို့ဟာ နက်နဲသိမ်မွေ့တယ်။
ရုသဝတ္ထုဟာ လှလည်းလှ၊ နက်နဲသိမ်မွေ့မှုလည်းရှိတယ်။
ဝါ့ဒ်စဝါ့သ်ဟာလှတယ်။ ကိ(တ်စ်)ဟာ နက်နဲသိမ်မွေ့မှုလည်းရှိ၊ လှလည်းလှတယ်။

အသိပညာဟာ လှတယ်။
နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။


ဒေးဗစ်လေးမန်း
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ David Lehman ရဲ့ On the Beautiful and Sublime ကဗျာကိုပြန်ဆိုပါတယ်) 

*မီဒီယာသီအိုရီပညာရှင် မာရှယ်မက္ကလူဟန် (၁၉၁၁-၁၉၈ဝ) ရဲ့ ၁၉၆၄ ခုနှစ်ထုတ် Understanding Media: The Extension of Man စာအုပ်ထဲမှာ “အပူမီဒီယာ” နဲ့  “အအေးမီဒီယာ” (Hot & Cool Media) အကြောင်းပြောခဲ့ပါတယ်။ မီဒီယာစားသုံးသူကိုယ်တိုင်ပါဝင်ပြီး အဓိပ္ပါယ်ရှာဖွေ၊ စိတ်ကူးပုံဖော်၊ ဖြည့်စွက်စဉ်းစား စတဲ့ထည့်ဝင်မှုတွေလုပ်ရတဲ့ မီဒီယာကို “အအေးမီဒီယာ” (ဥပမာ၊ တယ်လီဗီးရှင်း၊ ရုပ်ပြစာအုပ်) နဲ့ စားသုံးသူဘက်က ဘာမှထွေထွေထူးထူးမလုပ်ရဘဲ အရန်သင့် စားသုံးလို့ရတဲ့မီဒီယာကို “အပူမီဒီယာ”(ဥပမာ၊ရေဒီယို၊ ရုပ်ရှင်ဇာတ်ကား) လို့မက္ကလူဟန်က ခွဲခြားသတ်မှတ် သုံးသပ်ခဲ့ပါတယ်။

Saturday, November 24, 2012

ငါ၊ သီဟတင်စိုး၊ သီဟတင်စိုးနဲ့ငါ

ငါအိပ်ရာဝင်တဲ့အချိန်ဟာ ဘေးခြံကပိုလာဝက်ဝံတွေ အိပ်ရာထတဲ့အချိန်နဲ့
ကွက်တိပဲ။ အပျော်ရှာမယ်ဆိုပြီး နွားကမြို့ပေါ်တက်သွားတယ်။
ဒီတစ်ကြိမ် သမိုင်းဟာ ပေါ့ရွှတ်ရွှတ်ဟာသအဖြစ်နဲ့ အရင်ပြန်လာတယ်။
တောင်ကိုရီးယားမှာအလုပ်သွားလုပ်တဲ့သူငယ်ချင်း ဒုတိယအကြိမ်ပြန်လာတယ်။

အခုပန်းခြံလုပ်ထားတဲ့နေရာတွေဟာ တစ်ချိန်က လူသတ်ကုန်းတွေပေါ့။
စီးတီးမာ့တ်ရဲ့အူလမ်းကြောင်းမှာ သကြားမင်းအနာရင်းနေတယ်။
ဟေ့ ဖြူဖြူ၊ မနေ့ညက နင့်ရဲ့အသံထဲမှာ ငါ့ရဲ့ကွန်ဒုံကျန်ခဲ့တယ်။
ဒီနေ့နင်သီချင်းဆိုတော့ တုန့်ပြန်မှုဘယ်လိုရှိသလဲ။

ခါကာဘိုရာဇီကို ဒါလဟိုဇီဘက် သူတို့ရွှေ့ထားကြတယ်။
ငါ့ကိုသေအောင်မသတ်နိုင်တဲ့အရာဟာ ငါ့ကိုပိုတောင်ခွန်အားကြီးစေတယ်။
လူဝင်မှုကြီးကြပ်ရေးရဲ့ မယားပါကလေးကို မင်းဆီလည်း
ငါ Tag လုပ်ပြီး ပို့လိုက်တယ်။

မောင်ဒေး
၂၃ နိုဝင်ဘာ ၂ဝ၁၂

Monday, October 29, 2012

သွေးထဲကဆား

ငါ့ကိုကုမ်ရာသီရဲ့ ရေဖွေးဖွေးထဲမှာမွေးတယ်။
လားတွေဟာအပျိုစင်မဟုတ်ပေမယ့် လူသတ်သမားဟာ
ငါ့သူငယ်ချင်း။ ဂျေရုဆလင်မှာငါမနေဘူး။
တရုတ်ပြည်လောက်ကြီးတဲ့ အံ့အားသင့်မှုဟာ ဝက်မျက်နှာနဲ့လာတယ်။

မိဘမဲ့တွေရဲ့ချက်ကြိုးနဲ့ ကြိုးတစ်ချောင်းကိုငါကျစ်တယ်။
ငါဟာအချက်အလက်။ မင်းမဟုတ်တဲ့အရာတိုင်းဟာ
ငါ ဟုတ်လည်းဟုတ်တယ်၊ ငါ မဟုတ်လည်းမဟုတ်ဘူး။
ဘုရင့်နောင်ရဲ့လှော်တက်ကို ကျစ်နေအောင်ကိုင်ထားပေါ့။

ဂေါတမမြတ်ဗုဒ္ဓဟာ ပရိဘောဂမဟုတ်ဘူး။
သမ္မတကြီးရဲ့ဖင်ကို ကြုံရင်ကြုံသလိုဆိတ်ကြရမယ်။
ငါတို့မှာနည်းပညာရှိတယ်။ တောင်ပေါ်သူရဲ့
ပလိုင်းထဲမှာ ကင်ဆာတွေအပြည့်။

လူသေကောင်ပါးစပ်ကနေ ပိုးစုန်းကြူးထွက်လာတယ်။
နိုင်ငံတော်အလံမှာ စပါးနှံပုံကိုငါတို့မလိုတော့ဘူး။ တစ်ယောက်က
ခွေးအကောင် ၁ဝဝကို တစ်ကြိမ်ပြန်ကိုက်ပြီး နောက်တစ်ယောက်
က ခွေးတစ်ကောင်ကိုအကြိမ် ၁ဝဝ ပြန်ကိုက်တယ်။

ငါဟာအဲဒါကိုဘယ်လိုတပ်ဆင်ရမလဲဆိုတာရဲ့ငွေဝယ်ကျွန်။
ငါလာပြီး ငါသွားတယ်။ ချစ်တတ်ရင် အချိန်မဖြုန်းနဲ့။
ပါဝါဟာကဗျာဆရာကိုအစာခြေတယ်။
ငါမထည့်ရသေးခင် သူအော်တယ်။

မောင်ဒေး
၂၈ အောက်တိုဘာ ၂ဝ၁၂

Friday, September 28, 2012

အမျိုးသားနေ့အထူးထုတ်စာစောင်အတွက်ကဗျာပို့ခြင်း

မိုးပေါ်ကကျလာခဲ့ နိုင်ငံသားကတ်ပြားတွေ
ဆပ်ကပ်ထဲက စကားပြောရုပ်သေးတိရစ္ဆာန်တွေဟာ
ပျဉ်းမငုတ်တိုထဲကဇာတ်ဝင်ခန်းကို ပြန်လည်
သရုပ်ဆောင်ပြရင်း ဝမ်းသာပီတိကနေရူးသွားရတဲ့အထိ
(သူအိပ်မက်ကိုဆက်မက်တယ်) အဆုပ်ထဲကဒေတာကို
ခိုးဖတ်သွားခဲ့ အလောင်းကို ၈ပိုင်း ပိုင်းပြီးပင်လယ်ထဲပစ်ချ
                      သိုက်တူးပြီးပြန်အလာမှာ
တည်နေရာမိုးသားမည်းမည်းထဲ လမ်းပေါ်ထွက်ဆန္ဒပြ
ဒြပ်နှောထဲကကူဖော်လောင်ဖက်တွေ ပယောဂနဲ့ပလိပ်
ည ၈နာရီတိတိမှာ ဦးနှောက်ကျောက်ကျောဖတ်တွေပို့လိုက်တယ်
စကားပြောသူ။      ။ဒီမိုကရေစီဟာ ပန်းတိုင်ရဲ့ပန်းတိုင်၊
ပန်းမြိုင်လယ်က ပန်းတောင်ကိုင်
စကားမပြောသူ။      ။သူတို့ကို.....ပေး......မဝင်......နဲ့
စကားပြောသူ။      ။ငါ့စကားဟာပြည်သူ
စကားမပြောသူ။      ။သူတို့ကို.....ပေး......မထွက်......နဲ့
ဆွဲကိုင်ထားတဲ့လက်ဟာ ဆုပ်ထားတဲ့လက်သီးရဲ့
မာဂျင်တာ ပိုးအိမ်ငယ်လောကသုံးပါး
ညူရိုးဆစ်ပညာရှင်တွေရဲ့တာဝန်
တောင်ကုန်းပေါ်မှာအလံဖြူစိုက် စားလို့သူတို့ပြောတယ်
သွားလို့သူတို့ပြောတယ် သေလို့သူတို့ပြောတယ်
ဧည့်သည်တွေအတွက် စကားလုံးတွေဟာအခမဲ့ပါ
ဖြဲရဲကြည့်တဲ့အခါ ဘာသာပြန်မူအသစ်
ဆိုင်းဘုတ်ဟောင်းတစ်ခုပေါ်က မှုန်ဝါးဝါးပန်းစာလုံးတွေပေါ့
သင့်အမျိုးကိုချစ်ပါလေ (စွန့်ပစ်ထားတဲ့တိုက်ခန်းအဟောင်းလား၊
စက်ရုံဟောင်းကြီးတစ်ခုလား)
ဒီဇိုင်းအားဖြင့်ပွင့်လင်းခြင်းဟာ နောက်ကျပြီးမှရောက်လာသလို
                 အ,လည်းအနေခဲ့   ကလေးတွေက
ခေါင်းတွေကိုဝါးချွန်နဲ့ထိုး ခေါင်းပေါ်မှာဟယ်လီကော်ပတာ
ဖြတ်မောင်းတဲ့အခါ ဇာတ်ထုပ်တစ်ခုလုံးဟာ
၁၅စက္ကန့်စာ ရေဒီယိုသတင်းအဖြစ်ကျုံ့ဝင်သွား အရိုးကို
ခြင်္သေ့တွေရဲ့ပိုင်နက်ထဲလွှင့်ပစ်လိုက်သလို
                                    တစ်နေ့နေ့မှာ
ပုလင်းထဲကပုစဉ်းတွေကို လွှတ်ပေးမယ်လို့
သူဆန္ဒပြုခဲ့

မောင်ဒေး
၂၅ စက်တင်ဘာ ၂ဝ၁၂

Wednesday, September 26, 2012

ဂလက်စီအသစ်ကိုတွေ့ခဲ့ကြလေပြီ

ငါတို့ရဲ့ဒေါသကို တစ်နေရာမှာသွားထားလိုက်တဲ့အခါတိုင်း အဲဒါဟာ မြို့တစ်မြို့ရဲ့ကျုံး
တစ်ခုဖြစ်လာတယ်၊ နောက်တစ်ကြိမ်မှာ မြို့တံခါး၊ နောက်တစ်ကြိမ်မှာ ပုလ္လင်ဆောင်..
..စသဖြင့်။ အဲဒီဒေါသဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုငြင်းနေတဲ့ အစုပိုင်စိတ်အခြေအနေ
တစ်ရပ်လို၊ လူသိပ်မသိတဲ့နိုင်ငံတစ်ခုမှာ အစာလမ်းကြောင်းမပါဘဲ အသက်ရှင်နေတဲ့
သတ္တဝါတစ်ကောင်လို ငါတို့ရဲ့အဇ္ဈတ္တထဲမှာ စတည်းချဖို့ကြိုးစားနေခဲ့တယ်။

တစ်ချိန်ကဗီယက်နမ်ဟာ
အခုတော့ အစွန်းရောက်အစ္စလာမ်ဖြစ်ခဲ့ပြီ
လက်လုပ်ပစ္စည်းတစ်မျိုးက သူ့အတွင်းမှာပေါက်ကွဲသွားပြီး
သူ့နှာခေါင်းကနေ အတောင့်လိုက်ထွက်ကျလာခဲ့တယ်
ဒါကို ရပ်ကွက်ထဲက လူငယ်တစ်ယောက်ဟာ
သူ့မိဘတွေအလစ်မှာ Download လုပ်နေခဲ့တယ်
မမြင်ရတဲ့ကြိုးမျှင်အရှုပ်အထွေးကြီးထဲမှာ
ရမ္မက်အနံတစ်မျိုးရှိတယ် ဆိုတာသိတယ် ထောက်လှမ်းလို့
မရနိုင်တဲ့ ဆက်ထုံးလွဲရွေ့လျားမှုတစ်မျိုးနီးပါး မျိုးတူအုပ်စုတွေထဲမှာ
အစိမ်းသက်သက်      ဒေါသဖြစ်နေတဲ့လူအုပ်ဟာ
ငါ့ရဲ့ခြင်ထောင်အပြင်ဘက်မှာ ညတိုင်းငုပ်တုပ် မျိုးတူအုပ်စုတွေရဲ့အပြင်မှာ
ငါဘာတွေတွေးနေခဲ့သလဲ

ကောင်းကင်နဲ့မြေကြီး အတူတွဲလာတာကို
အိမ်ရဲ့အတွင်းပိုင်းကိုမြင်ရသလို ငါမြင်ရတယ်။
ပါကစ္စတန်နဲ့ ဆီးရီးယားက 1Mbps ရဲ့အပြင်မှာပဲ ရှိလေရော့သလား။
ချစ်ရသူ တစ်ကိုယ်လုံးကျည်ရာအပြည့်နဲ့ အိမ်ထဲဝင်လာတယ်။

မကြားရတာကြာပြီဖြစ်တဲ့ စကားတစ်ခွန်းဝင်လာတယ်။
ငါတောင်ပြုံးရာကနေ ရယ်မိမလိုဖြစ်ခဲ့ရတယ်။
အစပြုခြင်းရဲ့အသားသဘောကို ငါစစ်ကြောနေတုန်း
အားလုံးကအစပြုဖို့ အာသာငမ်းငမ်းမျှော်နေကြတယ်။

တီကောင်တွေဟာ
စောစောအိပ်ရာဝင်တတ်တဲ့
ချိုးငှက်တစ်ကောင်ရဲ့
ဝမ်းဗိုက်ထဲမှာ
သူတို့ရဲ့ဂလက်စီအသစ်ကို
တွေ့ခဲ့ကြလေပြီ။
သတင်းအချက်
အလက်တွေဟာ
မြောက်မြားစွာသော
ရုပ်ပုံကားချက်တွေလို
တစ်ခုနဲ့တစ်ခု
ပေါင်းစည်းသွားပြီး
ဟောဒီမှာငုပ်တုပ်
ထိုင်နေတဲ့ ဒေါသ
ဖြစ်လာခဲ့တယ်။
အသိဥာဏ်အနည်းဆုံး
အကောင်က အသံ
အကျယ်ဆုံးပဲ။
ပြန့်ပွားနှုန်းမြင့်တဲ့
စွမ်းအင်တစ်မျိုးက
ဖန်သားပြင်ပေါ်မှာ
ဗြုပ်ထ။
တစ်ချိန်တည်းမှာပဲ
ငါတို့အားလုံးဟာ
တကယ်အစပြု
နေခဲ့ကြပြီလား။

မောင်ဒေး
၂၃ စက်တင်ဘာ ၂ဝ၁၂

Tuesday, September 25, 2012

နံရံကိုကျွန်မခေါင်းနဲ့ဝင်ဆောင့်ပစ်ခဲ့တယ်

ကလေးအရွယ်တုန်းက
သူတော်စင်
ဖြစ်ဖို့ဆိုပြီး
ကျွန်မရဲ့လက်ချောင်းကို မီးထဲထိုးထည့်ခဲ့တယ်။

ဆယ်ကျော်သက်အရွယ်မှာ
နံရံကိုခေါင်းနဲ့ နေ့စဉ်ဝင်ဆောင့်ပစ်ခဲ့တယ်။

မိန်းမပျိုလေးဖြစ်လာတော့
ခုန်ချဖို့ဆိုပြီး
ထပ်ခိုးပြတင်းပေါက်ကတစ်ဆင့်
အမိုးပေါ် ကျွန်မတက်ခဲ့တယ်။

မိန်းမကြီးအရွယ်ရောက်တော့
ကျွန်မတစ်ကိုယ်လုံးမှာ သန်းတွေမြင်မကောင်းဘူး။
ကျွန်မရဲ့ဆွယ်တာကို မီးပူတိုက်တဲ့အခါများ
ပေါက်ပေါက်ဆုပ်တွေလို တဖောက်ဖောက်။

ကွပ်မျက်ခံရဖို့အရေး မိနစ်ခြောက်ဆယ်
ကျွန်မစောင့်ခဲ့ရတယ်။
အနှစ်ခြောက်ဆယ် ဆာလောင်ခဲ့ရတယ်။

အဲဒီနောက် ကလေးတစ်ယောက်ကိုကျွန်မမွေးတယ်၊
အိပ်စက်စေခြင်းလုံးလုံးမရှိဘဲ
ကျွန်မကို သူတို့ထုဆစ်ကြတယ်။

အဲဒီနောက် မိုးကြိုးကကျွန်မကို သုံးကြိမ်ပစ်တယ်။
ဘယ်သူ့အကူအညီမှမပါဘဲ
သေရာကနေ သုံးကြိမ်ပြန်ထလာရတယ်။

သုံးကြိမ်သုံးခါ ရှင်သန်ထမြောက်ခဲ့ပြီးနောက်
ကျွန်မအခုအနားယူနေပါတယ်။

အန်နာဆွားရ်
မြန်မာပြန်-မောင်ဒေး

(ပိုလန်ကဗျာဆရာမ Anna Swir ရဲ့ I Knocked My Head against the Wall ကဗျာကိုပြန်ဆိုပါတယ်)

Sunday, September 23, 2012

“အိမ်ဆိုတာနှလုံးသားတည်ရာနေရာ”လို့ သူတို့ပြောကြတယ်။ ကျွန်မကတော့ အိမ်ဆိုတာ အိမ်ရယ်၊ သူနဲ့ကပ်လျက်က အဆောက်အဦတွေရယ် ရှိတဲ့နေရာလို့ပဲထင်တယ်။ (အမ်မလီဒစ်ကင်ဆန်)

အချက်အလက်

အားလားလား

အခန်းတွေဟာအချုံ့ခံထားရ မြူတွေရဲ့နှစ်ခုတွဲ လိုအပ်ချက်

ရေယာဉ်စု
ထဲမှာ ချင့်ချိန်တွက်ဆမှုမရှိခြင်းရှိတယ် ဖဲလ်စ်ပွိုင့်ရပ်ကွက်က
စာချုပ်ကို ရှင်းသန့်တဲ့စိတ်နဲ့ ဂျွတ်ကနဲမြည်အောင်ချိုးလိုက်စဉ်

မရူးသကဲ့သို့
ခံစားပါ၊ ပြီးတော့ ပညာရှင်တွေကိုပူးတွဲလုယက်ပါ

မင်းကဆေဇန်းပဲ
စွဲလန်းငြိတွယ်ရမှာကို မင်းကြောက်တယ်

ဂျွန်လဟာ စာရေးစားပွဲနဲ့ ဝေဒနာအနာတရ၊ ဝေါ်လ်ဒင်န်၊ အချစ်ကဗျာများ၊ သတ်ဖြတ်ရန်
တိရစ္ဆာန်များ---NY အတွက်ကျန်ရစ်တဲ့
မျက်လုံးနဲ့တပြေးညီမှာ ကျောက်မျက်ရတနာ
အချိန်ဟာ
စွန့်ပစ်ထားတဲ့သစ်သီးအခွံမာတွေကို အထက်ဘက်ရောက်အောင် မောင်းနှင်ခဲ့

အံမယ်အံမယ်နတ်သမီးဟာ
ဗဟိုကျတဲ့နေရာက အခရာပေပဲ
ပြီးတော့ ဟောဒီအပြစ်အနာအဆာများတဲ့ အားအင်ကုန်ခမ်းခြင်းထဲမှာ
ဆင်စွယ်ဂီတကို ကောက်နုတ်ရွေးချယ်တယ်
အကျိုးတူဖလှယ်ခြင်းဥပဒေကိုလည်း ရှုပါလေ
တိရစ္ဆာန်ခြေဖဝါး သို့မဟုတ် တိရစ္ဆာန်ခြေဖဝါး
ကယ်ဆယ်ခြင်းဆိုင်ရာအာရုံကြောဟာ
မဆိုရုံကလေးအကွာ အပဲ့ကလေးအဝေးမှာ ပျော်ဝင်နိုင်စွမ်းရှိ
မသိမသာရဲ့ကြွားဝါမှု
ခုံးကောက်သူရဲ့ကာလပြပုံသဏ္ဍာန်

အကျဉ်းရုံးဖော်ပြမှုထဲက ပိတ်ထားတဲ့မိုးဟာ ရှေ့သို့။

ရင်တွင်းမီးရဲ့ မီးခံသံဘောင်


ရော့ဒ်စမစ်သ်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Rod Smith ရဲ့ They say that “home is where the heart is.” I think it is where the house is, and the adjacent buildings ကဗျာကိုပြန်ဆိုပါတယ်)

Monday, September 17, 2012

ပြင်သစ်ကဗျာဆရာ ဖိလစ်ပ်ဆိုပေါလ်ရဲ့ကဗျာသုံးပုဒ်

ဆည်းဆာ

ရေချိုးဇလုံထဲက ဆင်တစ်ကောင်
အိပ်ပျော်နေတဲ့ကလေးသုံးယောက်
ဆန်းကျယ်တဲ့ ဆန်းကျယ်ပုံပြင်
ဝင်နေတဲ့နေလုံးရဲ့ ဇာတ်လမ်း

(Twilight)

တစ် နှစ် သို့မဟုတ် သုံး

ကလေးတွေကိုထွက်ရှာရအောင်
ကလေးတွေရဲ့မိဘတွေကို
ကလေးတွေရဲ့ကလေးတွေကို
နွေဦးရဲ့ခေါင်းလောင်းတွေကို
နွေရဲ့နွေဦးတွေကို
ဆောင်းဦးရဲ့နောင်တတွေကို
ဆောင်းရဲ့တိတ်ဆိတ်ခြင်းကို

(One Two or Three)

ဂျော်ဂျီယာ

ငါအိပ်မရဘူး ဂျော်ဂျီယာ
ညထဲကို ငါမြှားတွေပစ်သွင်းနေတယ် ဂျော်ဂျီယာ
ငါစောင့်နေတယ် ဂျော်ဂျီယာ
ငါတွေးနေတယ် ဂျော်ဂျီယာ
မီးကနှင်းလိုပါပဲလား ဂျော်ဂျီယာ
အသံတစ်ခုစီတိုင်းကို ငါကြားရတယ် ဂျော်ဂျီယာ
တလူလူတက်လာပြီးနောက်လွင့်ပါသွားတဲ့ မီးခိုးကိုငါမြင်ရတယ် ဂျော်ဂျီယာ
ငါလေအရိပ်ထဲမှာ ညင်ညင်သာသာလမ်းလျှောက်နေတယ် ဂျော်ဂျီယာ
ဆင်ခြေဖုံးတွေမှာ လမ်းတွေမှာ
ငါပြေးနေတယ် ဂျော်ဂျီယာ
ဒါကငါမသိတဲ့ ငါ့ရဲ့မြို့ပဲ ဂျော်ဂျီယာ
ငါအလျင်စလိုဖြစ်နေတယ် ဒါကလေတိုက်တာပဲ ဂျော်ဂျီယာ
ပြီးတော့အေးခဲနေတဲ့တိတ်ဆိတ်မှုနဲ့ အကြောက်တရားပဲ ဂျော်ဂျီယာ
ငါထွက်ပြေးနေတယ် ဂျော်ဂျီယာ
ငါပြေးနေတယ် ဂျော်ဂျီယာ
တိမ်တွေကနိမ့်လိုက်တာ သူတို့ပြုတ်ကျလာလိမ့်မယ် ဂျော်ဂျီယာ
ငါ့လက်ကိုဆန့်တန်းထားတယ် ဂျော်ဂျီယာ
ငါ့မျက်လုံးတွေပိတ်မနေဘူး ဂျော်ဂျီယာ
ငါခေါ်နေတယ် ဂျော်ဂျီယာ
ငါအော်နေတယ် ဂျော်ဂျီယာ
ငါခေါ်နေတယ် ဂျော်ဂျီယာ
ငါမင်းကိုအော်ခေါ်နေတယ် ဂျော်ဂျီယာ
မင်းလာမှာလား ဂျော်ဂျီယာ
မကြာခင်လား ဂျော်ဂျီယာ
ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ
ဂျော်ဂျီယာ
ငါအိပ်မရဘူး ဂျော်ဂျီယာ
ငါမင်းကိုစောင့်နေတယ်
ဂျော်ဂျီယာ

(Georgia)
မြန်မာပြန်-မောင်ဒေး

(ပြင်သစ်ကဗျာဆရာ Philippe Soupault ရဲ့ကဗျာသုံးပုဒ်ကိုပြန်ဆိုပါတယ်)

Saturday, September 15, 2012

စစ်တမ်းအမေးလွှာ

ညွှန်ကြားချက်။      ။အောက်ပါစာကြောင်းတစ်စုံစီတွင် သင့်ထင်မြင်ချက်ကိုအကောင်းဆုံး
ဖော်ပြနိုင်သည့်စာကြောင်းအား ၎င်းစာကြောင်းထိပ်ရှိအက္ခရာ(က) သို့မဟုတ် (ခ) ကိုခဲတံ
ဖြင့်ဝိုင်း၍ရွေးချယ်ပါ။ စာကြောင်းအစုံတိုင်းအတွက် ရွေးချယ်မှုလုပ်ရပါမည်။  မည်သည်ကို
မျှချန်လှပ်ခဲ့ခြင်း မပြုရ။

၁။(က) ခန္ဓာကိုယ်နှင့်ကမ္ဘာလောကကြီးအတွင်းရှိ ရုပ်ဝတ္ထုပစ္စည်းများသည် ကျွန်ုပ်တို့ပိုင်
   ဆိုင်နိုင်သော အသိပညာအားလုံး၏သော့ချက်ဖြစ်သည်။
   (ခ) အသိပညာကို စိတ်သို့မဟုတ်စိတ်တန်ခိုးကိုအခြေခံသော နည်းလမ်းများဖြင့်သာရ
   နိုင်ဖွယ်ရှိသည်။

၂။(က) ကျွန်တော်/ကျွန်မ၏ဘဝကို ကံနှင့်ဖြစ်တန်စွမ်းတို့က များစွာထိန်းချုပ်ထားသည်။
   (ခ) ဘဝ၏အခြေခံလားရာကို  ကျွန်တော်/ကျွန်မကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်သည်။

၃။(က) သဘာဝတရားသည် လူသား၏လိုအပ်ချက်တို့အပေါ် အကျိုးလည်းမပြု၊ အကျိုး
   လည်းမပျက်စေပါ။
   (ခ) သိသာထင်ရှားမှုမရှိသည့်တိုင် သဘာဝတရားတွင် ရည်ရွယ်ချက်ရှိသည်။

၎။(က) ကမ္ဘာလောကကြီးကို လုံလောက်သောအတိုင်းအတာတစ်ခုအထိ  ကျွန်တော်/
   ကျွန်မနားလည်ထားသည်။
   (ခ) ကမ္ဘာလောကကြီးသည် စိတ်ရှုပ်ထွေးဖွယ်ဖြစ်သည်။

၅။(က) အချစ်သည် အကြီးမားဆုံးပျော်ရွှင်မှုဖြစ်သည်။
   (ခ) အချစ်သည်အာရုံမှောက်မှားမှု။ ၎င်း၏အပျော်တို့သည်ကား မတည်မြဲ။

၆။(က) ကမ္ဘာလောကကြီး၏အခြေအနေကို နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာဆောင်ရွက်ချက်
   တို့က တိုးတက်ကောင်းမွန်စေနိုင်သည်။
   (ခ) နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာဆောင်ရွက်ချက်တို့သည် အခြေခံအားဖြင့်အကျိုးမရှိ။

၇။(က) ကျွန်တော်/ကျွန်မ၏ ပုဂ္ဂိုလ်ရေးအဆန်ဆုံးခံစားမှုတို့ကို ပြည့်ပြည့်စုံစုံထုတ်ဖော်
   ပြောဆိုနိုင်ခြင်းမရှိပါ။
   (ခ)  ကျွန်တော်/ကျွန်မ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသော ခံစားမှုရယ်လို့မရှိ။

၈။(က) အကျင့်သီလစောင့်ထိန်းခြင်းကိုယ်၌က အကျိုးထူးဖြစ်သည်။
   (ခ) အကျင့်သီလသည် အကျိုးအမြတ်ကိစ္စနှင့်မပတ်သက်။

၉။(က) မည်သူမည်ဝါသည် ယုံကြည်ကိုးစားထိုက်သူဖြစ်သည်ကို အတပ်ပြောလို့ရသည်။
   (ခ) သင်မျှော်လင့်မထားသောနည်းလမ်းများဖြင့် လူတွေကသင့်ကို ရုတ်တရက်ထိုးနှက်
   တိုက်ခိုက်တတ်သည်။

၁ဝ။(က)ကျေးလက်ဒေသမှာနေထိုင်ခြင်းသည် မက်မောဖွယ်အကောင်းဆုံးကိစ္စဖြစ်သည်။
     (ခ) မြို့ပြမှာနေထိုင်ခြင်းသည် မက်မောဖွယ်အကောင်းဆုံးကိစ္စဖြစ်သည်။

၁၁။(က) စီးပွားရေးနှင့်လူမှုရေးဆိုင်ရာမညီမျှမှုသည် အကြီးမားဆုံးသော လူမှုဒုစရိုက်ကြီး
     ဖြစ်သည်။
     (ခ) အကြွင်းမဲ့အာဏာရှင်စံနစ်သည် အကြီးမားဆုံးသော လူမှုဒုစရိုက်ကြီးဖြစ်သည်။

၁၂။(က) ခြုံငုံကြည့်လျှင် နည်းပညာကလူသားကို ကောင်းကျိုးပေးသည်။
     (ခ) ခြုံငုံကြည့်လျှင် နည်းပညာကလူသားကို ဆိုးကျိုးပေးသည်။

၁၃။(က) အလုပ်သည် လူသား၏အကြီးကျယ်ဆုံးသော ဖြည့်စွမ်းမှုကိုပေးနိုင်မည့် ဖြစ်တန်
     စွမ်းသောအရင်းအမြစ်ဖြစ်သည်။
     (ခ) အလုပ်မှလွတ်မြောက်ခြင်းသည် လှုပ်ရှားမှုတိုင်း၊ လူမှုရေးဆိုင်ရာတိုးတက်မှုတိုင်း
     ၏ ပန်းတိုင်ဖြစ်သင့်သည်။

၁၄။(က) အနုပညာ၏အစစ်အမှန်သဘောသဘာဝက နိုင်ငံရေးဆန်ပြီး ကျွန်ုပ်တို့၏အရှိတ
     ရားဆိုင်ရာသိမှတ်မှုတို့ကို ပြောင်းလဲပေးနိုင်သည်။
     (ခ)အနုပညာသည်လူ၏သိစိတ်ကိုသာပြောင်းလဲပေးနိုင်ပြီး အဖြစ်အပျက်တို့ကိုပြောင်း
     လဲပေးနိုင်ခြင်းမရှိသောကြောင့် နိုင်ငံရေးနှင့်မသက်ဆိုင်။

ချားလ်စ်ဘန်းစတိုင်းန်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Charles Bernstein ရဲ့ Questionnaire ကဗျာကိုပြန်ဆိုပါတယ်)
     

Friday, September 14, 2012

ညဆယ့်တစ်နာရီသုံးဆယ်မိနစ်အချိန် ကိုယ်တိုင်ရေးပုံတူ


ဟောဒီမျက်နှာပေါ့။ အယ်လ်မွန့်ဆပ်ပြာရဲ့
ဇာနားကွပ်ရေမြှုပ်တွေနဲ့ ကျွန်မညစဉ်တည်ခင်းဧည့်ခံရတာ။
ဦးခေါင်းက
ခြေကုန်လက်ပန်းကျခြင်းရဲ့ဒုတိယအဆင့်မှာ ငိုက်စိုက်။

ကလေးအရွယ် ဟောဒီရင်သားတွေပေါ့။ ကျွန်မရဲ့အရင့်အမာ
ရင်နှစ်မွှာထဲမှာ သူတို့ကိုထည့်မြှပ်ပစ်ခဲ့ရတယ်။ နိမ့်ကျပုခုံးသားတွေ။
အရိုးပေါ်အရေတင်နေတဲ့ နံရိုးအိမ်၊ ဆုပ်ထားတဲ့လက်သီးက
သံတိုင်တွေကိုထုရိုက်နေဆဲ။

အနက်ရောင်ဘရာစီယာ၊ ညိုညစ်ညစ်ခြေအိတ်ရှည်၊ ရှည်လျားပြီး
ထစ်ငေါ့နေတဲ့ အတွင်းခံဂါဝန်။ ကျွန်မရဲ့ဝမ်းဗိုက်တလျှောက်
လျှောဆင်းသွားတဲ့အမာရွတ်ဟာ အမြှောင်းလိုက်ခုံးကြွပြီး မဟူရာဖလားလို
ရောင်စုံဖျာထွက်။ သူတို့ရိပ်သင်ပစ်ခဲ့တဲ့ အမွေးကြမ်းကြမ်းတွေ
ပြန်လည်ရှည်လျားလာခဲ့တယ်။

ဟောဒါက ကျွန်မရဲ့ဝမ်းဗိုက်ပေါ့။ ရေမြှုပ်လိုပွယောင်း၊ ခွင့်လွှတ်လိုစိတ်လည်းအပြည့်။
သူ့ရဲ့အိတ်ကပ်တွေအားလုံးကို ကျွန်မနှိုက်ထုတ်ရှင်းလင်းခဲ့ပြီးပြီ။
သူဟာငိုက်မြည်းနေတဲ့ ခါးကုန်းကြီးအဖြစ် နေသားကျခဲ့ပြီ။
“တစ်ချိန်တုန်းကတော့ ငါ့ကိုမြတ်နိုးလိုက်ကြတာ”

ပြီးတော့ကျွန်မရဲ့ခြေထောက်တွေ၊ အကြမ်းပတမ်းခံတဲ့ တံဆိပ်ပြားတွေလို
အသားမာတွေ။ ဖိနပ်တို့ရဲ့စက်ရုံထဲမှာ အမိန့်အတိုင်း
သူတို့တစ်နေ့လုံးကြိတ်ခွဲကြတယ်။
ကျွန်မရဲ့ခြေဖမိုးသားတွေကတော့
ရှမွိုင်းလိုနူးနူးညံ့ညံ့။

ရှာနာဘလော့ခ်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာမ Chana Bloch ရဲ့ Self-Portrait at Eleven Thirty P.M ကဗျာကိုပြန်ဆိုပါတယ်)

Wednesday, September 12, 2012

တိုက်ခန်း


ငါနဲ့ရုပ်ချင်းသိပ်မတူလှတဲ့
မီးဖိုစင်ပေါ်ကအမျိုးသမီးဟာ
လွှစက်တစ်ခုကို ကိုယ်နဲ့ခွာပြီး
ကိုင်ထားတယ်၊
ခြောက်ခြောက်ခြားခြားလည်းပြုံးနေတယ်၊
အဲဒီအချိန် ဖော်ထုတ်ခံရခြင်းမရှိသေးတဲ့အကျိတ်တစ်ခုက
သူ့ရဲ့ကျောက်ကပ်ပေါ်မှာ ဆောင့်ကြောင့်တက်ထိုင်လိုက်တယ်။


ပစ္စုပ္ပန်ဟာ
ကြေကြေကွဲကွဲနဲ့ အလိုလားဆုံးဖြစ်ရတဲ့အရာ၊
ဟိတ်ကြီးဟန်ကြီးနိုင်ခြင်းနဲ့
အောက်တန်းကျခြင်းတို့ရဲ့
မူးရစ်ရီဝေစေသော အရောအနှော၊
ထိပ်ပိုင်းအဖြတ်ခံထားရ၊
ဘောင်အသွင်းခံထားရ။


သူငယ်ချင်းတစ်ယောက်ရဲ့အခန်းကို
ငါကတစ်ဆင့်ပြန်ပြီး အငှားချထားသလိုမျိုးပါလား။
ဘယ်သူငယ်ချင်းပါလိမ့်လို့
အိပ်မက်ထဲမှာတောင် မရမက
ငါစိတ်ကူးယဉ်စဉ်းစားနေမိတယ်။

ပြီးတော့ ငါ့ရဲ့ရေလဲဝတ်ရုံတွေအားလုံးကို
မရမက လိုက်လံစုစည်းနေမိတယ်။
ငါတကယ်ပိုင်တဲ့ ဝတ်ရုံတွေကိုရော
ငါမပိုင်တဲ့ဝတ်ရုံတွေကိုရော

ရေးအာမန်ထရောက်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာမ Rae Armantrout ရဲ့ Apartment ကဗျာကိုပြန်ဆိုပါတယ်)

Tuesday, September 11, 2012

သေသွားတဲ့လူတွေ

ပတ်ဒူဂန်...ငါ့အဖိုး...လည်ချောင်းကင်ဆာ...၁၉၄၇။
အက်ဒ်ဘယ်ရီဂန်...ငါ့အဖေ...နှလုံးရောဂါ...၁၉၅၈။
ဒစ်ကီဘတ်ဒ်လောင်း...ငါ့အချစ်ဆုံးသူငယ်ချင်းဘရူစီရဲ့အကိုကြီး၊ ငါတို့က
                                    ၅နှစ်နဲ့ ၈နှစ်အရွယ်...ကိုရီးယားမှာအသတ်ခံရ၊ ၁၉၅၃။
ရက်ဒ်အိုဆူလေဗန်...နာမည်ကျော်ဟော်ကီကစားသမား၊တောလမ်းဖြတ်အပြေးသမား
                အထက်တန်းတုန်းကငါ့ရဲ့နေလည်စာစားပွဲမှာထိုင်ခဲ့...ယာဉ်တိုက်မှု...၁၉၅၄။
ဂျမ်မီ“ဝါး”တီယာနန်...အထက်တန်းတုန်းကသူငယ်ချင်း
                ဘောလုံးနဲ့ပြည်နယ်ပေါင်းစုံဟော်ကီလက်ရွေးစင်...ယာဉ်တိုက်မှု...၁၉၅၉။
စစ္စကိုဟျူစတန်...ကင်ဆာကြောင့်ကွယ်လွန်...၁၉၆၁။
အကပညာရှင်ဖရက်ဒီဟာကို...၁၉၆၃ ခုနှစ်၊ ဂရင်းနစ်ခ်ျဗေးလစ်ဂ်ျ ပြတင်းပေါက်တစ်ခု
ကနေခုန်ချသွား။
အန်းကပ္ပလာ...ငါ့ရည်းစား...ယွန်းကားစ်ကလေးဆေးရုံမှာ ပုလွေမှုတ်နေတုန်း
                                   မီးခိုးအဆိပ်မိပြီးသေဆုံး
                                         ၁၆နှစ်အရွယ်လူငယ်တစ်ယောက်ရဲ့ရှို့မီး...၁၉၆၅။
ဖရန့်ခ်...ဖရန့်ခ်အိုဟားရား...ဖိုင်းယားကျွန်းပေါ်မှာကားတိုက်ခံရပြီးသေဆုံး၊ ၁၉၆၆။
ဝူဒီဂါသရီ...ဟန်တင်တန်ဦးနှောက်ပျက်ရောဂါနဲ့ ၁၉၆၈ခုနှစ်မှာသေဆုံး။
နီးလ်...နီးလ်ကဆာဒီ...မက္ကဆီကိုကရထားလမ်းဘေးမှာ မိုးထဲရေထဲ
                 ညလုံးပေါက်အိပ်ပျော်သွားခဲ့ပြီးသေဆုံး...၁၉၆၉။
ဖရန်နီဝင်စတန်...ကောင်မလေးတစ်ယောက်...သွားဆရာဝန်ဆီကအပြန် ဒဲထရွိုက်-
                 အန်းအားဘားရ်လမ်းမပေါ်မှာ ကားလည်းကြေ၊လူလည်းသေ...
                      စက်တင်ဘာ ၁၉၆၉။
ဂျက်ခ်...ဂျက်ခ်ကရိုးဝက်...အရက်နဲ့ကြမ်းကြုတ်တဲ့အဖျားရောဂါကြောင့်သေဆုံး...၁၉၆၉။

ငါ့ရဲ့နှလုံးအခုန်ကိုနှေးကွေးစေခဲ့တဲ့ သေခြင်းအကြောင်းတရားတွေ။ အဲဒီမိတ်ဆွေတွေ
အခုငါနဲ့အတူရှိနေတယ်။

တက်ဒ်ဘယ်ရီဂန်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Ted Berrigan ရဲ့ People Who Died ကဗျာကိုပြန်ဆိုပါတယ်)

Monday, September 10, 2012

ဆောင်းတစ်ည

မုန်တိုင်းကသူ့ရဲ့ပါးစပ်ပေါက်ကို အိမ်ရဲ့ကိုယ်ပေါ်မှာတပ်ဆင်လိုက်ပြီး
အသံဂုဏ်ရည်တစ်ခုကိုရဖို့အတွက် လေကိုမှုတ်ထုတ်တယ်။
ငါကအိပ်ရာပေါ်မှာဘယ်ညာလှိမ့်။ ပိတ်ထားတဲ့ငါ့မျက်လုံးတွေဟာ
မုန်တိုင်းရဲ့စာသားကို ဖတ်နေခဲ့တယ်။

ကလေးငယ်ရဲ့မျက်လုံးတွေက အမှောင်ထဲမှာပြူးကျယ်လာ။
မုန်တိုင်းက သူ့အတွက်တစ်ဝေါဝေါအ်ာတယ်။
ခါယမ်းနေတဲ့မီးအိမ်တွေကို သူတို့နှစ်ဦးစလုံးသဘောကျတယ်။
နှစ်ဦးစလုံးဟာ စကားပြောဆိုနိုင်ခြင်းဆီရောက်ဖို့ လမ်းတစ်ဝက်မှာ။

မုန်တိုင်းမှာ ကလေးတစ်ယောက်ရဲ့လက်တွေ၊အတောင်ပံတွေရှိတယ်။
အဝေးတစ်နေရာမှာတော့ ခရီးသွားတွေဟာ လေကွယ်ရာဆီအပြေးအလွှား။
အိမ်ဟာ ၎င်းရဲ့နံရံတွေကိုစုစည်းထိန်းချုပ်ထားတဲ့
အိမ်ရိုက်သံ ကြယ်အစုအဝေးကို ထိစမ်းခံစားကြည့်နေတယ်။

ငါတို့ရဲ့အခန်းတွေထဲမှာ ညကငြိမ်သက်လျက်။
အဲဒီမှာ ခြေသံတွေရဲ့ပဲ့တင်ခြေသံတွေဟာ
ရေကန်တစ်ခုအောက်မှာနစ်မြုပ်နေတဲ့ သစ်ရွက်တွေလို အနားယူလျက်။
ဒါပေမယ့်အပြင်ကညဟာတော့ စိတ်ကြမ်းလူကြမ်း။

ပိုပြီးမှောင်မိုက်တဲ့မုန်တိုင်းတစ်ခုက ငါတို့ရဲ့ကမ္ဘာပေါ်မှာမားမားရပ်နေတယ်။
သူ့ရဲ့ပါးစပ်ပေါက်ကို ငါတို့ရဲ့ဝိညာဉ်ပေါ်မှာတပ်ဆင်လိုက်ပြီး
အသံဂုဏ်ရည်တစ်ခုကိုရဖို့အတွက် လေကိုမှုတ်ထုတ်တယ်။ မုန်တိုင်းကငါတို့ကို
ဗလာကျင်းသွားအောင်မှုတ်ထုတ်လိုက်မလားဆိုပြီး ငါတို့ထိတ်လန့်ကြတယ်။

ထောမတ်စ် ထရန်စ(ထ)ရိုးမား
မြန်မာပြန်-မောင်ဒေး

(ဆွီဒင်ကဗျာဆရာ Tomas Transtromer ရဲ့ A Winter Night ကဗျာကိုပြန်ဆိုပါတယ်)

Sunday, September 9, 2012

သဲနွံအိုင်

သဲနွံအိုင် ပျောက်ကွယ်သွားပြီ။ မသိရင် ကမ္ဘာအနှံ့ရွှေ့ပြောင်းဖယ်ရှားရေးစီမံကိန်းတစ်ခုက
သူ့လုပ်ငန်းကိုအပြီးသတ်လိုက်တဲ့အတိုင်းပဲ။ သဲနွံအိုင် ဘယ်ရောက်သွားပြီလဲ။
      သဲနွံအိုင်တစ်ခုထဲမှာကျွံ့ဝင်နေရမယ့်အဖြစ်ကို ငါငယ်ငယ်ကတည်းကကြောက်ခဲ့တာပဲ။
တောကြီးမျက်မည်းထဲမှာငါတစ်ယောက်တည်း၊ ပြီးတော့ဘာလုပ်ရမယ် ဘာမလုပ်ရဘူး ဆိုတာကိုဗျာများပြီးစဉ်းစား။ အတင်းကာရောရုန်းထွက်ရင်လည်း  သဲနွံထဲပိုပြီးနစ်ဝင်ဖို့ပဲရှိ မယ်။အနီးပတ်ဝန်းကျင်မှာ ဟိုဒီသွားလာနေတဲ့ဒေသခံတိုင်းရင်းသားတစ်ယောက်တစ်လေ ရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အော်ဟစ်အကူအညီတောင်းဖို့ဆိုတာကလည်း  အသုံးမတည့်
လှတဲ့ကိစ္စ။ အဲဒီတိုင်းရင်းသားက မျှားသေးသေးလေးတွေကို မှုတ်ပြောင်းနဲ့မှုတ်ပြီးတိုက်ခိုက်
တတ်တဲ့ မျိုးနွယ်ကဖြစ်ချင်ဖြစ်နေမှာ။ ငါ့တစ်ကိုယ်လုံးထုံကျင် သွက်ချာပါဒလိုက်ပြီးတဲ့အခါ
ကျတော့ သူကငါ့ကိုနွံတောထဲကဆွဲထုတ်ပြီး ငါ့ခေါင်းကိုဘေ့စ်ဘောတစ်လုံးအရွယ်လောက်
ကျုံ့သွားအောင် လုပ်ပစ်မှာ။ မဖြစ်သေးဘူး၊ တိတ်တိတ်ကလေးနဲ့စိတ်အေးအေးထားနေတာ
က ပိုကောင်းမယ်။စိတ်အေးအေးထားတော့ ရုပ်ရှင်ထဲမှာကြည့်ဖူးတဲ့ပညာရှင် တစ်ယောက်
ပြောတာကို သွားအမှတ်ရမယ်။အဲဒီပညာရှင်ရဲ့အဆိုအရ တစ်ခုတည်းသောလွတ်မြောက်ရာ
လမ်းဟာ ငါရေကူးနေပါလားလို့မြင်ယောင်ကြည့်ခြင်းပဲတဲ့။ ဒါပေမယ့် ဘယ်နေရာမှာကူးရမယ်
ဆိုတာကိုတော့ သူကပြောမသွားဘူး။ ကော့ထ်ဒဲဇယူးရ်ကမ်းရိုးတန်းမှာကူးရမှာလား။ မြောက် အတ္တလန္တိတ်မှာကူးရမှာလား။ အဲဒီကရေမည်းမည်းကြီးတွေရဲ့အောက်ခြေကိုတော့ တိုက်တန်း နစ်သင်္ဘောကြီးလျှောဆင်းသွားခဲ့ဖူးတယ်။ ဒါမှမဟုတ် ငါငယ်စဉ်ကအော်ဟစ်ရယ်မောဆော့
ကစားခဲ့တဲ့ ပြည်သူပိုင် စိမ်းပြာရောင်ရေကူးကန်မှာ ကူးရမှာလား။
      ဒါပေမယ့် အခုဒီကိစ္စအတွက် သောကရောက်စရာမလိုတော့ဘူး။ သဲနွံအိုင်ပျာက်ကွယ်သွား
ပြီလေ။မသိရင် သူ့ကိုယ်သူပြန်မြိုသွားသလား အောက်မေ့ရတယ်။။

ရွန်ပတ်ဂျစ်ထ်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Ron Padgett ရဲ့ Quicksand ကဗျာကိုပြန်ဆိုပါတယ်)

Saturday, September 8, 2012

ငါတို့ ချီတုံချတုံ


ရောက်လာမယ့်နေ့တွေဟာ ရေဝေကုန်းတန်းတစ်ခု။
မင်းရဲ့ဘုရားသခင်ပုံတူကို ဒီထက်ကောင်းအောင်လုပ်ဖို့တော့လိုမယ်။
ဒါမှရိုးရိုးရှင်းရှင်းဖြစ်မယ်။ စာရင်းထဲမှာအဲဒါပါတယ်။
မင်းနဲ့မင်းရဲ့ခန္ဓာကိုယ်တွေက အဝတ်လှန်းတဲ့ကြိုးတန်းပေါ်မှာ။

အသစ်ဟူသောအတိတ်က မှိုင်းညို့သောမျှော်လင့်ချက်ကြီးတစ်ခုလို
သစ်ပင်တန်းရဲ့အထက်မှာ အလိပ်ကိုဖြည်ချလိုက်တယ်။ ကမန်းကတန်းရွေ့နေတဲ့
တိမ်တွေပေါ်မှာ အခိုက်အတန့်သဘောတင်ထားတဲ့ ဧရာမလက်ကြီးတစ်ခုအလားပဲ။
မြစ်ဝှမ်းတွေပြည့်တင်းလာ၊ ပြီးတော့ရှုပ်ထွေးလာကြ

ဒါပေမယ့် မလုံလောက်သေးဘူး။ စိုးရိမ်ပူပန်မှုနဲ့ ရှက်ကိုးရှက်ကန်းဖြစ်ရတာတွေက
သိပ်သည်းဗောင်းလန်စွာ ကြီးထွားလာတယ်။ သူတို့အိမ်ပြန်ရောက်တာနဲ့တစ်ပြိုင်နက်
ဆဲဆိုတာတွေမရှိတော့ဘူး။ မီးလောင်တာတွေက ညနေခင်းရဲ့စိတ်ကိုနှောင့်ယှက်တယ်။
တကယ့်ဇာတ်လမ်းကိုဘယ်သူမှမကြားနိုင်။ ဒါမှမဟုတ် တစ်ခါတစ်ရံမှာလူတွေဟာ

ကလေးတစ်ယောက်လို မေ့လျော့တတ်ကြတယ်။ အဲဒီကျင့်ဝတ်ကိုတားမြစ်လိုက်နိုင်ဖို့
ငါ့အတွက် လပေါင်းများစွာကြာခဲ့တယ်။ အဲဒါကိုတားမြစ်လိုက်တဲ့အတွက်ရော
ဘာများအကျိုးရှိသတုန်း။ မင်းကတော့ ဦးနှောက်လည်းပုံမှန်၊ လည်လည်ပတ်ပတ်လည်းရှိတဲ့
လူတစ်ယောက်ဖြစ်နေဆဲပါပဲ။ ဆည်းဆာမှာအမြစ်တွယ်ပြီး စိတ်ကူးယဉ်နေတဲ့ ယာဉ်ကြောပေါ့။

ဂျွန်အက်ရှ်ဘရီ
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ John Ashbery ရဲ့ We Hesitate ကဗျာကိုပြန်ဆိုပါတယ်)

Friday, September 7, 2012

လစ်သူယေးနီးယန်း ငိုချင်းတစ်ပုဒ်

မြူနှင်း မြူနှင်း ငါ့ရဲ့အလှတရားကဆုံးရှုံးခဲ့တဲ့အရာ
အဖိုးကြီးတစ်ယောက်စကားပြောနေတာ ငါကြားတယ်

ငါတို့ သစ်တောတွေပဲဖြစ်ရမယ်
ဥာဏ်ပညာကြီးရင့်သူအမျိုးသမီးတွေက သစ်ကိုင်းမှာဖဲကြိုးတွေချည်နှောင်

လေက စာဘယ်လိုပေါင်းဖတ်ရမလဲဆိုတာကို သိတယ်
ဟောဒီမြစ်သေးသေးလေးထဲမှာ ရေတွေများလှချည့်

ဘာသာတရားဟောင်းကြီးကို မဆုံးရှုံးစေနဲ့လမင်း
ငါတို့လိုအပ်လို့ ငါတို့သန်မာနေကြတာပဲ

တစ်ခါတရံအဖေကသားထက် တစ်လကြီးတယ်
ကျိုးနေတဲ့ဂစ်တာပေါ်ကတရားကို မင်းကြားလား

ငါ့သမီးကို သစ်ပင်နာမည်တွေခေါ်တတ်အောင် သင်ခဲ့ပေးပြီးပြီ
နေမကွယ်ခင်အထိ ဘယ်သူ့ကိုမှသွားမထိနဲ့

သွေးထွက်နေတဲ့လူတစ်ယောက်ကို မြစ်ကမ်းနဖူးပေါ်မှာမင်းမြင်ခဲ့တယ်
အကြိမ်ကြိမ်ဆေးကြောကြပေမယ့် ငါတို့ဘယ်တော့မှ သန့်ရှင်းမလာ

လမ်းလျှောက်ပုံကိုကြည့်ပြီး ငါတို့တစ်ယောက်ကိုတစ်ယောက်သိတယ်
မိုးရေထဲမှာ ဖဲကြိုးနီတွေက အသားစတွေလို။

ရောဘာ့ထ်ကယ်လီ
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာRobert Kelly ရဲ့ A Lithuanian Elegy ကဗျာကိုပြန်ဆိုပါတယ်)

Wednesday, September 5, 2012

အတွင်းသူပုန်ကိုအရေဆုတ်ရန်

အိပ်ချိန်ဟာအတိတ်ရဲ့မီးကို သတိတရရှိတယ်။ စက္ကန့်တစ်ချို့ကြာမြင့်
ပြီးနောက် အချိန်ကအချိန်ဘက်ကိုပြန်လှည့်သွားတယ်။ အတိတ်ကိုကြောက်တာဟာ
မမြင်ရတဲ့ငမန်းကိုကြည့်ဖို့ ပင်လယ်ဆီသွားရသလိုပဲ။ “အတွင်းသူပုန်”
ကိုတစ်ကြိမ်မကငါရှာခဲ့ပြီးပြီ။ အဲဒီနောက်၊
ထောင်ချောက်တံခါးများနဲ့ ရင်ဘတ်အောင့်ခြင်းတစ်ချို့။

ပြတင်းပေါက်ရဲ့အပြင်ကိုကြည့်၊ ယုန်တွေမျိုးပွားသလို
ပစ္စုပ္ပန်ကိုဆတိုးကိန်းနဲ့မြှောက်၊ ရှေ့နောက်သွေဖယ်နေတာတွေကို လှီးထုတ်။
တစ်ခါတရံ ဘာကိုဆုံးဖြတ်ရမလဲငါတို့မသိဘူး။ လက်သမားတွေ
လှေကားကိုယ်စီ။ မကြာခဏဆိုသလိုပဲ အိမ်တစ်လုံးအတွင်းမှာ
နောက်ထပ်အိမ်တစ်လုံးဆောက်ဖို့အရေးဟာ။ အဲဒီနောက်၊
လမ်းချော်နေတဲ့ဇာတ်ဝင်ခန်း

ရထားတွေလမ်းချော်တာကိုပြတဲ့ဇာတ်ဝင်ခန်းမှာ ငါတို့ဟာ
တံတားကိုဖျက်မယ့်လူစူလုဝေး။ ယုန်ကို
ဘယ်လိုအရေဆုတ်ရသလဲလို့ သူမကမေးတယ်။
သင့်တင့်လျောက်ပတ်တဲ့စကားစုမရှိခြင်းကို ပြတဲ့သဘောပဲ။
မီးအိမ်အနောက်မှာပုန်းနေတဲ့ရန်သူ။ မီးဖိုချောင်ထဲကထမင်းစားပွဲဟာ
လူအယောက်တစ်ရာကိုနေရာပေးနိုင်တယ်။

မကြာခဏဆိုသလိုပဲ ငါတို့ဟာအိပ်စက်မှုအတွင်းလိင်ဆက်ဆံကြတယ်။
ကြမ်းတမ်းတယ်လို့ထင်ရပေမယ့် တကယ်ကဝမ်းနည်းကြေမွ
နေတာ။ နောက်ပြန်လမ်းလျှောက်ရင်း ကြိုးစားအားထုတ်မှုတစ်ခုအဖြစ်
တိုက်စားပျောက်ကွယ်နေတာ။ ရင်ထိတ်ဖိုရခြင်းရဲ့အလယ်အလတ်အဆင့်။ ငါ့မှာ
ဘုံအသိရှိတယ်လို့ထင်တာပဲ။ အိပ်ရာကနိုးလာတော့လည်း မြို့ဟာဇောက်ထိုး။

မောင်ဒေး
စက်တင်ဘာ ၅၊ ၂ဝ၁၂

Monday, August 13, 2012

ဒီတစ်ခုကချစ်တယ်လို့ပြောတဲ့သူအတွက်

လွမ်းတာတို့ နွမ်းနယ်တာတို့ ယုယချင်တာတို့ကိုသယ်ဆောင်လာတဲ့ကုန်တွဲကြီး
အထီးကျန်အဆန်ဆုံး အသက်မွေးဝမ်းကျောင်း
တသမတ်တည်းပဲ ပြီးတော့ပြောင်းနေတယ်
တသမတ်တည်း
ပြောင်းနေတယ်
ယဉ်ကျေးစွာရှင်းလင်းထားတဲ့အခန်း
ချေကလက်တောင့်တွေနဲ့ လက်သည်းပေါ်ကလခြမ်းလေးတွေ
အောက်စဖို့ဒ်အချစ်ကဗျာပေါင်းချုပ်ထဲမှာ စံနစ်တကျမုဒိန်းကျင့်မှု
ပျော့ဖတ်နူးမြိနေတဲ့ အပြဲ
တစ်ယောက်ကကုတင်ပေါ်မှာအိပ်နေတုန်း
နောက်တစ်ယောက်ကမျက်နှာကျက်ပေါ်မှာ မြင့်နိုင်သမျှမြင့်အောင်ခုန်နေတယ်
စုပေါင်းကဗျာစမ်းသပ်ချက်
ငါတို့လည်းတစ်မိုးတည်းအောက်မှာပဲ
မျက်ရည်ဟာမျက်လုံးအတွက်မှန်ဘီလူးဖြစ်လာတယ်
ညင်ညင်သာသာစီးဆင်းနေတဲ့ဆပ်ပြာ
ဖောက်ထွင်းရလွယ်တဲ့တိရစ္ဆာန်ရုံထဲက အသံရှည်ကြီး
မုန်တိုင်းဇာစ်မြစ်ဟာဇောချွေးဒီးဒီးကျ
အပြစ်တွေကအုပ်စိုးတယ်ဆိုတာကောင်းတဲ့ကိစ္စပဲ
မျဉ်း
အချပ်လိုက်ကြီးကွာကျလာတဲ့လူသားမျိုးနွယ်ပြုန်းတီးရေး
မင်းအော်ချင်ရင်အော်လိုက်ပေါ့ M.D.
ခံစားမှုအပူကိုတိုင်းတဲ့ကော်ပေတံ
အဲလ်ဖရက်ဒ်ဟစ်ခ်ျကော့ခ်ရဲ့ Vertigo
ကျာပွတ်ကိုနမ်းနေတဲ့လက်ဖျံသား
လက်ထပ်တယ်ဆိုတာ မနက်စောစောမှိုကောက်တာ

မောင်ဒေး
သြဂုတ် ၁၁၊ ၂ဝ၁၂

Tuesday, July 31, 2012

အပြီးအပိုင်အပျော်ခရီးထွက်ဖို့ ငါစဉ်းစားနေတယ်

သူတို့ရဲ့အခြားဦးခေါင်းကို သူတို့ဘာတွေတွတ်ထိုးပြောဆိုနေ

သူတို့ နောက်ကျိနေတဲ့ဟာဒယထဲမှာ

သူတို့ ကိုယ်လုံးတီးကြီးဟေ့

သူတို့ မကျန်ချင်သော်လည်း အချန်ခံရသူ

သူတို့ ပေါ်လာလိုက်မြုပ်သွားလိုက်

သူတို့ ခွေးကိုခွေးသားချကြွေးသူဘယ်သူ

သူတို့ တစ်ဝက်တစ်ပျက်ပဲဆင့်ကဲဖွံ့ဖြိုး

သူတို့ တစ်ဝက်ဘဝ တစ်ဝက်စာကြောင်း တစ်ပျက်တိုင်းပြည်

သူတို့ ငါ့ကိုရှာတယ်

သူတို့ ရင်းထစိတ် အသက်ရာကျော်ရှည်ပါစေ

သူတို့ ရေငုပ်သင်္ဘောရဲ့နံရံကိုခွာချနေတဲ့ ရေနက်ဆိပ်ကမ်း

သူတို့ လေရဲ့အရိုးဖွဲ့စည်းပုံကိုခင်းကျင်းပြသနေတဲ့ ဗိန္ဓောအတတ်

သူတို့ မမြင်ရတဲ့တံခါးတွေမှာအော်တယ်

သူတို့ ငါ့နာမည်ကို ဒိုင်းတစ်ခုကဲ့သို့ကိုင်ဆောင်

သူတို့ ကျောက်ထုစခန်းတစ်ခုလိုပြုစား

သူတို့ ခပ်တင်းတင်းပွေ့ဖက်မှုမှာ ခေါင်းမပါတဲ့ဘုရားဆင်းတုတော်


မောင်ဒေး
ဇူလိုင် ၃၁၊ ၂ဝ၁၂
“ငါ့ကိုစောက်ရူးလာမလုပ်နဲ့ မင်းဆီလည်း
လာလိမ့်မယ်
သူတို့ကခံစားမှုမရှိဘူး
ငါသန့်ရှင်းပေးတာကိုသူတို့ပိုကြိုက်တယ်”

Saturday, July 28, 2012

ဒေါသမှဝမ်းနည်းကြေကွဲမှုဆီ

မှုန်ပျပျအနီးကပ်ရိုက်ချက်။ လေညင်းက
ဝံပုလွေကိုအူပစ်လိုက်တယ်။ အသက်နဲ့ရင်း
ပေါင်းစည်းမှုတစ်ခု။

ဒီမှာ၊ ရင်သားရဲ့အသားဆိုင်ထဲမှာတောင်
အရောင်အနံ့အရသာမရှိ။ ဝတ်မှုန်ကူးသလို
ခုန်ကူးနေတဲ့ အပွအယောင်း။

အဝေးရောက်မိသားစုဝင်တွေ နှစ်ဘက်စလုံးကို
စုပြုံတိုးဝှေ့။ ဖိအားအောက်ကငါး။
ရေသောက်မြစ်နဲ့ပတ်သက်တဲ့

အဆက်အသွယ်အထောက်အထား။
ကျောက်ဆောင်ရဲ့ဝေဒနာအတက်အကျမှာ
ရဲဘော်ကျသွားတယ်။

ရေဒီယိုသတင်းထဲမှာ ပျံဝဲနေတဲ့အတောင်ပံခတ်သံ
ရှိတယ်။ လမ်းကြောတစ်ခုလုံးကိုဆယ်ယူနေတဲ့
ယာဉ်တန်း။ ပစ်ကွင်း ရှင်းလင်းခြင်းမရှိ။

မင်းအဲသလို အပြောင်းအလဲမြန်ခဲ့လိမ့်မယ်လို့
ထင်မထားခဲ့။ အခုတော့ လက်သီးဆုပ်ကိုဓါးနဲ့ မွှန်းတာမျိုး။
နှလုံးအိမ်ထဲကအရောင်တင်ဆီ။

သွန်းလောင်းမှုကိုပြားချပ်စွာသာသိခွင့်ရ။ တိုက်ရိုက်
ဆက်သွယ်မှုလုံးဝမရှိ။ သေကောင်ပေါင်းလဲနှင်းကို
တိတ်ဆိတ်စွာအိုမင်းပစ်နေတဲ့ တစ်စက္ကန့်။

မောင်ဒေး
ဇူလိုင် ၂၈၊ ၂ဝ၁၂

Wednesday, July 18, 2012

တိတ်ဆိတ်သောခြံ/တစ္ဆေဇာတ်လမ်းတစ်ပုဒ်

(၁)
ငါ့ရဲ့ကလီစာတွေ ပွင့်ထွက်ပြုတ်ကျကုန်တယ်လို့ ငါအိပ်မက်မက်တယ်။
ငါ့ရဲ့ကလီစာတွေကို တံခါးဝမှာ
ငါကိုယ်တိုင်သွားပုံထားလိုက်တယ်လို့ ငါအိပ်မက်မက်တယ်။
အရာရာတိုင်းဟာငါ့ဆီကနေ
အုံနဲ့ကျင်းနဲ့ထွက်ပြေးတိမ်းရှောင်နေတယ်။
အမျိုးအမည်မသိ အစိုင်အခဲ၊ ငါဟာ ငါထင်ထားတာထက်တောင်
နာမကျန်းဖြစ်နေတယ်။

(၂)
ထောင်မှုးကိုသတ်ပြီး သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို
ထောင်ဘူးဝမှာသွားပုံထားလိုက်တယ်လို့
ငါအိပ်မက်မက်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က
မာရ်နတ်ရဲ့ကလေးကိုလွယ်ထားတယ်။
ငါဟာ ငါထင်ထားတာထက်တောင်ပိုပြီးကျန်းမာနေတယ်။

(၃)
တစ်ခြံလုံးမှာငါပြန့်ကျဲနေတယ်။
တစ်ရွာဝင်တစ်ရွာထွက် အသက်လိုက်နှုတ်နေတယ်။
အမြဲတမ်း တစ်ရွာလုံးနဲ့တစ်ယောက်ပဲ။
ဒါပေမယ့်ငါ့ကိုယ်ငါ ယမင်းရုပ်ကလေးလို့ထင်နေဆဲ။
ဒါပေမယ့်နှင်းဆီခင်းထဲမှာ တစ်ယောက်တည်းလောင်နေတယ်။
တွေ့သမျှဝိညာဉ်တွေကို ခန္ဓာကိုယ်ကလိုက်ကပ်နေတယ်။

(၄)
ရောဂါက ရောင်စဉ်ခုနှစ်သွယ်ပြင်ပမှာ အရှိန်ရလာတယ်။
မူလအညစ်အကြေးကိုစားရင်း အဖျားကတက်လာတယ်။
အိမ်နီးချင်းတွေက နတ်ရဲ့အဆင်တန်ဆာတွေကိုဆင်မြန်းပြီး
တောထဲဝင်သွားကြလေရဲ့။
ချောင်းထဲမှာဝမ်းပေါက်နေတဲ့လှေကို ငါပြေးမြင်မိတယ်။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အပြစ်ဝန်ခံရတာ
အလုပ်မဖြစ်တော့တဲ့အတွက် အဲဒီကိစ္စကိုမေ့ထားလိုက်တယ်။

(၅)
တကယ်တော့လှေတွေအကြောင်း ငါဘာမှမသိပါဘူး။
ငါ့ကိုမုန်းတဲ့သူတွေကပဲ ငါ့ကိုမွေးမြူထားတာ။

မောင်ဒေး
ဇူလိုင် ၁၉၊ ၂ဝ၁၂

Tuesday, July 17, 2012

စက္ကူပန်းများနဲ့ဆိုက်ဘာဥဒေါင်းများ

                                                (အမီရီဘာရကာသို့)



ရေနံတွင်းရဲ့နှုတ်ခမ်းကိုစုတ်ဖို့ ငါရောက်လာတာပဲ

အင်တာနက်ကဖေးရဲ့ကြမ်းပြင်မှာ လကမ္ဘာအရွယ်အပေါက်ရှိတယ်

ငါလား။ ငါကဖြည်းဖြည်းချင်းပွယောင်းလာတဲ့ထုထည်

ပြီးတော့မင်းရဲ့ငှက်ဖျားပိုးပေါ့

မနုဿဗေဒဆိုင်ရာသမိုင်းပြတိုက်မှာ ငယ်ထိပ်နဲ့အသက်ရှုတဲ့လူရောက်နေတယ်

မင်းလဲ HTML Format နဲ့နေတာပဲ

လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဆိုတာ လွတ်လပ်ရေးကျောက်တိုင်ရဲ့အလျား

အီးမေးလ်လိပ်စာကိုတစ်နေ့တစ်ခါပြောင်းရတယ်

ငါးရံ့ဆိုတာနတ်ငါး။ လည်မျိုမှာဆို့နေတဲ့စေတီပုထိုးဟာ

အခြားတစ်နေရာမှာတော့ တရားမဝင်တဲ့ကြယ်

ဧရိယာတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာခဲ့ပြီးပြီ

ထိုးဆိုက်လာတဲ့အဝေးပြေးကားတွေကိုက ကြမ္မာဆိုး

အိပ်မက်ထဲကလူကို ဖူးရောင်သွားအောင်ထိုးပစ်လိုက်တယ်

အမှောင်ထဲကကိစ္စတွေကိုတရားဝင်လုပ်ခွင့်ပေးပါ

အချိန်တန်ရင်ဝက်သတ်ပြီးပူဇော်မယ်

အချိန်မတန်ပေမယ့် တူရိယာကိုကြိုးညှိပေးမယ့်သူ ရောက်လာတယ်

အထဲမှာပြင်ဆင်ချက်တွေပါလာတယ်

အထဲရဲ့အထဲမှာ ကလေးစစ်သားတွေပါလာတယ်

အထဲရဲ့ အထဲရဲ့ အထဲမှာ စက္ကူပန်းတွေပါလာတယ်

ငါ့မှာရောင်းချစရာ အလိမ်အညာတွေနဲ့

မြေကိုလှန်ပစ်လိုက်လို့ ကောင်းကင်ကပြောတယ်

စာလုံးအစောင်းနဲ့စီထားတဲ့ စာကြောင်းတွေ၊ သူတို့ရဲ့အိမ်မှာ ငါပျော်တယ်

မောင်ဒေး
ဇူလိုင် ၁၈၊၂ဝ၁၂

Monday, July 16, 2012

နှောင်းခေတ်ပေါ်သူရဲကောင်းဝါဒ

တာဝန်ရှိရဲက
ဝတ္တရားတိုင်းရဲ့ရာဇဝတ်သားဆန်မှုကို မှတ်ပုံတင်ပေးတယ်
ဖရဲသီးနဲ့ရောဖျော်ထားတဲ့ တစ်တစ်ခွခွအပြာဓါတ်ပုံ
ခေတ်သစ်ရန်ကုန်ရဲ့ I.R.A.

ငါ့ဦးနှောက်ရဲ့သားမြတ်ကင်ဆာ
အစိုအိပ်မက်ထဲမှာပုလင်းသွင်းပြီး
နယ်စပ်ဘက်ကိုတင်ပို့လိုက်တဲ့ ဘောလုံးကွင်းကိုငါသတိရ
ဗိုလ်ကျတတ်တဲ့ကလေးတစ်ယောက်ရဲ့ဖျံသို
ဖက်ဆစ်ဝါဒကလည်း အနှီဝါကျကိုကိုးကားတယ်

ခိုးကူးခွေကိစ္စကိုရှင်းဖို့အတွက်တော့
သူငယ်တော်အက,ကတတ်တဲ့ သုဘရာဇာကိုတာဝန်ပေးသင့်
ဒီနေရာမှာပြည့်တန်ဆာဝန်ထမ်းဖို့ စဉ်းတောင်မစဉ်းစားနဲ့
ဒါရန်ကုန်ကွ၊ ရန်ကုန်

မြို့ကြီးသားမှန်ရင် ဘရားသားပဲ
ဇောက်မနက်တဲ့ချောက်ပဲ

သံပတ်ကုန်နေတဲ့ရွှေဘကို ဓါတ်ကင်ရမယ်
သူဟာငါတို့နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်စီ

မောင်ဒေး
ဇူလိုင် ၁၆၊ ၂ဝ၁၂

Sunday, July 15, 2012

အပျော်ကိုယစ်မူးနေစဉ်အတွင်း နေရာပြောင်းသွားတဲ့ မာတိကာ

အသက် ၁၃နှစ်အရွယ်မှာ
ငါ့ဂျိုးကိုဂေါ်ဇီလာကိုက်သွားတယ်
အဲဒီတုန်းကတော့ အဲဒါကိုဂျိုးလို့ပဲခေါ်တယ်
အခုတော့ငါဟာမြေဆွဲအားတိုင်းထွာတဲ့စက်

ငါကကျမ်းစာကိုဝါးစားနေတယ်
ကျမ်းစာကအသားတုံးပေါ်မှာနေတယ်
အနာဂတ်ရဲ့သားအိမ်ထဲမှာမြင်ရတဲ့ ရေဒါ
ထမင်းစေ့ရဲ့အနောက်မှာ နွားရိုင်းသွင်းချိန်ရှိတယ်

ချောင်မှာကုပ်ပြီးနေတတ်သူဟာကော်ကောင်
အရေးအသားကရာဘာ
အရေးအသားကိုရေးသားသူက ကင်ပေတိုင်
တိမ်အောက်မှာမျိုးဆက်ပြန့်ပွားတာကို မကြိုက်ဘူး

အဝေးမှုန်တဲ့သူတွေကိုသတ်ပစ်ရမယ်တဲ့
နားရွက်ကိုလက်ဖျံထဲမှာမြှပ်ထားတယ်
မြေကြီးပေါ်ပြတ်ကျသွားတဲ့ရွှေပန်းဟာ မြေစာပင်ဖြစ်လာခဲ့
စားတဲ့သူခွေးရူးပြန်တယ်

မြင့်မိုရ်တောင်ကို ဂရပ်ဖ်ဆွဲပြသူဟာ
ငါ့ကိုလေညွှန်တံအဖြစ်ပြောင်းသုံးတယ်
ရွှေကိုရွှေနဲ့ထပ်တော့မြတ်တယ်
လက်ကိုဆီးစပ်အမွေးထဲထိုးထည့်တော့ ပြတ်တယ်

လူတိုင်းအတွက်အလုံအလောက်ပါမလာရင်
အဲဒီအဆိပ်ကို နင်မသောက်သင့်ဘူး၊ ဂျူးလိယက်
သန်းခေါင်ယံအချိန်နဲ့ဆက်ယှက်ပြီး မွေးလာတဲ့ဆင်
ဘယ်တိရစ္ဆာန်ရုံမှ လူ့နှလုံးသားမဟုတ်ဘူး

မောင်ဒေး
ဇူလိုင် ၁၆၊ ၂ဝ၁၂

Monday, July 2, 2012

စစ်သားရုပ်ကလေးတွေ

တောင်ကြားကသွေးညှီနံ့ထွက်နေတယ်။ သူတို့နှစ်ယောက်
ကန်သင်းရိုးပေါ်မှာ မြွေလိုခွေအိပ်လိုက်ကြတယ်။ (သွေးကိုမြင်တဲ့အခါ
ဦးနှောက်ထဲလက်ကနဲဖြစ်သွားတဲ့နေရာဟာ ပိုက်ဆံကိုမြင်တဲ့အခါ
လက်ကနဲဖြစ်သွားတဲ့နေရာနဲ့အတူတူပဲလို့ ဆရာဝန်ကပြောတယ်) ကျန်အစိတ်
အပိုင်းတွကတော့ ကျောက်တုံးတစ်တုံးအောက်မှာမြုပ်နေတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်နှစ်ရက်အကြာမှာ
ခေါင်းဆောင်မှုက မကျီးပင်ကိုဝင်တိုက်ကာ ထိုးရပ်သွားတယ်။
(မကျီးပင်လည်းအမြစ်လန်သွားပြီး ငါငယ်ငယ်ကကြည့်မြင်တိုင်ခြံ
နောက်ဖေးဘက်မှာမြှပ်ခဲ့တဲ့ စစ်သားရုပ်ကလေးတွေ
မိုင်ထောင်ချီဝေးတဲ့ဟောဒီမကျီးပင်အောက်မှာ လာပေါ်နေတာတွေ့ရတယ်)
ဓါတ်ပုံတွေထည့်ထားတဲ့ဘူးကတော့ပျောက်နေတယ်။

ဟိုးအရင် ရွာနှစ်ရွာကြားကမြစ်ကို ပိုင်နက်လုကြစဉ်က
အဖွားရဲ့လင် သူများသတ်လို့သေသွားတယ်။
(အခုတော့ ဖြစ်ခဲ့တာတွေကိုမပြောကြတော့ဘူး၊ ပြောခဲ့တာတွေကိုလည်း
မယုံကြည်ကြတော့ဘူး၊ ရွှေကို မြစ်ရဲ့ဒွာရပေါက်တွေထဲက
အလုအယက်သာနှိုက်ယူနေကြတော့တယ်)

အဖွားမြို့ကိုပြောင်းလာတော့ မှတ်ပုံတင်လျှောက်မရဘူး။
သခင်ယေရှုထမ်းခဲ့တဲ့လက်ဝါးကပ်တိုင်ကို အိုလံပစ်မီးတုတ်လို
လက်ဆင့်ကမ်း ထမ်းနေရဆဲပါလားလို့ အဖွားကညည်းတယ်။
(အဝတ်ဟောင်းနဲ့ဓါးစားခံဟောင်းတို့ရဲ့ သားသတ်ရုံလိုပဲ
နေရာတိုင်းမှာအလင်းကပျောက်တိပျောက်ချက်၊ ဝက်တွေက
တကျွီကျွီအော်၊ တော်လှန်ရေးကကြမ်းပြင်ထဲစိမ့်ဝင်နေတယ်)

ဇာတ်လမ်းကအမေ့လက်ထက်အထိဆက်ဖြစ်နေတယ်။ လမ်းထိပ်က
အရုပ်ဆိုင်မှာလည်း စစ်သားရုပ်အသစ်ကလေးတွေထပ်ရောက်လာတယ်။

မောင်ဒေး
ဇူလိုင် ၂၊ ၂ဝ၁၂


Thursday, June 28, 2012

နေ့စဉ်သိစိတ်ခွင်ထဲကဆေးသား

                        တစ်စုံတစ်ယောက်ကအနောက်ကလိုက်နေတယ်၊ “ငါသူ့ကို ဘယ်မှာသွား
ဝှက်ထားရမလဲ”၊ မိုက်မဲမှုစစ်စစ်မှာသာယာတာ၊ ရောင်စုံဖျာနေတဲ့ မိမိရဲ့ကမာခွံအောက်မှာ
ပင်လယ်ကိုပြန်အစီစဉ်ချတာ၊ ဘယ်တုန်းကမှ မရှိခဲ့တဲ့မြို့တွေဆီပြောင်းရွှေ့ နေထိုင်တာ၊
ဘယ်တုန်းကမှ မထွက်ခွာခဲ့တဲ့လေယာဉ်တွေကို မောင်းနှင်ပျံသန်းတာ၊ ပျံသန်းမှုတိုင်းဟာ
နောက်ဆုံးဆေးသားအလွှာ၊ ဆေးသားအောက်ကဆိုက်ရောက်မှုရဲ့သဒ္ဒါဟာ သတ္တုတစ်မျိုး
ထဲမှာအဆိပ်တက်နေ၊ တစ်ညဥ့်လုံး ချုံထဲမိုးကြိုးပစ်ချတာလို ယောင်နန၊ မျက်နှာကျက်ပေါ်
ကမီးအလင်းကိုလှောင်ရယ်ပစ်လိုက်တယ်၊ ကောင်းကင်ဘုံမှတစ်ဆင့်တိုက်ရိုက်ဆိုတာကို
လှောင်ရယ်ပစ်လိုက်တယ်၊ မျက်လုံးတိုင်းဟာဝရံတာဘက်ဆီခုံးနေပြီး အတွင်းငြိမ်းချမ်းမှုက
မျက်လုံးထဲကိုခွက်ဝင်နေတယ်၊ အင်ဂျင်ထဲကပင့်သက်ဟာ ရေနွေးငွေ့တထောင်းထောင်း၊
ဆေးသားဟာ ရစ်သမ်တစ်ခုထဲမှာ ဆက်လက်ကွာကျ

လူတိုင်းဟာ မူးယစ်နေတဲ့လိပ်ပြာခေါ်သူကတစ်ဆင့် ကုတ်နံပါတ်ကိုတောင်းခံယူတယ်၊
ကြိတ်ဆုံထဲမှာထူလပျစ်ဖြစ်နေတဲ့နေထိုင်မှုကို အနီစက်ကလေးတစ်စက်အဖြစ်အကျဉ်းချုံး ဒါဟာကြီးနိုင်သမျှကြီးအောင်လုပ်ယူထားတဲ့ ထပ်ခိုး၊ လက်ထိုးအရုပ်နဲ့တူတဲ့နိုင်ငံရေး၊
သရုပ်မှန်က အနောက်ကနေအလစ်ဝင်ရိုက်တယ်၊ အပြင်မှာတော့ မီးစတစ်ဖက် ရေမုတ်
တစ်ဖက်ကြားနေဝါဒ၊ “ညဥ့်နက်တဲ့အထိ ငါတို့သိပ္ပံပညာအကြောင်းပြောတယ်”၊သရုပ်မှန်
ကပြောစကားကိုပြောစကားထဲမှာ အခွင့်အာဏာနှင်းအပ်၊ ဆေးသားဟာ လိပ်ပြာရဲ့
အငွေ့ပျံမှုတလျှောက် ပျော်ဆင်းလာတယ်၊ မတူညီတဲ့ အချိန်အပိုင်းအခြားအလိုက်
ဆွေးနွေးငြင်းခုံမှုထဲမှာ မြုပ်ဝင်ပျောက်ကွယ်၊ ဒီနေ့ဟာလည်း ဆင်မြန်းသူပျောက်နေတဲ့
သရဖူနဲ့ အနားပြိုင်စတုဂံတို့ရဲ့နေ့

မောင်ဒေး
ဇွန် ၂၈၊ ၂ဝ၁၂

Tuesday, June 26, 2012

ဂျွန်လရဲ့ကွက်လပ်မှတ်စုများ

ဂျွန်လကိုငါတို့ပိုင်တယ်ပဲထား။ ဒါဆို ငါတို့ဂျွန်လကိုပိုင်တယ်ပေါ့။ ဂျွန်လနဲ့ သူ့ရဲ့ထောင့်လေးထောင့်။ ဂျွန်လကိုဆန့်ကျင်ဝန်းရံထားတဲ့ ထောင့်လေးထောင့်။ ဂျွန်လကရူပဗေဒကို ခြေဆုံးခေါင်းဆုံးနားလည်တယ်။ ရေစိုနေတဲ့ ခြေအိတ်တွေဟာ  နာမည်တစ်ခု
ရဲ့အဓိပ္ပါယ်အတွင်း အမြင်ဆိုင်ရာထောင့်တစ်ခုကိုထည့်ပေးတယ်။ သွားခဲ့ဖူးတဲ့ခရီးနဲ့ ခွဲခြားပေးတယ်။ လျှို့ဝှက်ချက်ဟာနွယ်ပင်ပေါ် တရွေ့ရွေ့တက်ပြီး ထိပ်ဖျားမှာပွင့်အာသွားတယ်။ တစ်နွယ်ငင်နေတဲ့အစိမ်းရောင်နဲ့ ကွက်လပ်အဖြစ်ကျန်ရစ်တဲ့သက်ရှိလူဟာ အပွင့်သဘောကော အဖူးသဘောပါဆောင်တယ်။

မြင်ကွင်းကိုအဓိပ္ပါယ်ဖော်သူဟာ နံရံဘက်ကိုမျက်နှာမူပြီးသေဆုံးသွားတယ်။ ဒီလိုဆိုတော့ အဆုံးကနေစရမယ့် အော်ပရာ။ အသက်ရှင်လျက်ရှိဆဲတစ်စုံတစ်ယောက်အတွက်တော့ ဘယ်တော့မှ
မပြီးစီးနိုင်တဲ့နေရာနဲ့ နာမည်စာရင်း။ သီချင်းကိုနားထောင်ရင်း အကြိမ်အရေအတွက်ကို သူမှတ်တယ်။

သီချင်းကိုရေးစပ်ဖန်တီးသူဟာ သူ့ရဲ့အချိန်တော်တော်များများကို ခရီးထွက်ရင်းကုန်ဆုံးရတယ်။ ညနေဘက်ဆို ရေကန်ရှိရာနံရံဘက်ဆီသွားတယ်။ မိုးရွာဖို့အချိန်ကျပြီလို့ ဂျွန်လကိုပြောတယ်။
ရည်ရွယ်ချက်မဲ့ခြင်းနဲ့ အချိန်းအချက်လုပ်တယ်။

အချိန်းအချက်ဟာအခု။ အချိန်ရဲ့ပစ်မှတ်တည့်တည့်မှာ အချိန်းအချက်ဟာအခု။ အချိန်အဆက
 မြေဆီလွှာလိုခါနေတယ်။ ကနေ့ဆို သိသိသာသာကြီးမိုးအုံ့တယ်။ မိုးကုပ်စက်ဝိုင်းက တောင်ဘက်ကို
နည်းနည်းစွေနေတယ်။ မိုးအေးအေးထဲမှာ ဂျွန်လကသူ့ရဲ့အလင်းကိုပိတ်ပြီး သူ့နှလုံးသားကို အတင်းစက်နှိုးနေတယ်။

ငါတို့ဟာဂျွန်လထဲမှာ နှစ်ပေါင်းရာချီခရီးသွားတယ်။ သီချင်းနားထောင်တယ်။ ပြီးတော့ ဂျွန်လရဲ့ရူပဗေဒ
ထဲမှာ ပန်းစိုက်တယ်။ ဂျွန်လဟာ နံရံတစ်ခုကိုဆောက်ဖို့ အုတ်ခဲတွေကိုငိုချနေတဲ့ အမြင်အာရုံ။ နဲ့ မြက်ခင်းပြင်ရဲ့အောက်မှာ အမြစ်တွယ်နေတဲ့ကွက်လပ်။


မောင်ဒေး
ဂျွန် ၂၆၊ ၂ဝ၁၂

Monday, June 25, 2012

အဒိုးနိစ်ရဲ့ကဗျာ ၂ ပုဒ်

ဝတ်မှုန်

တစ်ခါတရံ လယ်ကွင်းရဲ့ကိုယ်ပေါ်မှာ
လက်သည်းအစို့အညှောက်တွေပေါက်တယ်။
သူဟာရေကိုအတောင့်တကြီး တောင့်တနေတယ်။

                        *

ဆောင်းရဲ့အထီးတည်းဖြစ်မှုနဲ့
နွေရဲ့ကုန်လွန်ဖြတ်သန်းခြင်းကို
နွေဦးရဲ့တံတားက ပေါင်းကူးပေးတယ်။

                        *

အသံဟာဘာသာစကားရဲ့အာရုဏ်ဦး။

                        *

ဖုန်မှုန့်ဟာ
လေထဲမှာသာ ကခုန်တတ်တဲ့
ခန္ဓာကိုယ်တစ်ခု။

အဒိုးနိစ်
မြန်မာပြန်-မောင်ဒေး



ဝတ်မှုန် (၂)

သဘာဝတရားကအိုစာမသွားဘူး။

                       *

အချိန်ကိုငါကျေးဇူးတင်တယ်။
သူ့ရဲ့ရင်ခွင်ထဲမှာ ငါ့ကိုသယ်ဆောင်ပြီး
ငါလျှောက်ခဲ့တဲ့လမ်းတွေကိုဖျောက်ဖျက်ပေးလို့။

                       *

မင်းရဲ့လက်နှစ်ဖက်ကိုဖွင့်ထားပေးပါလား။
အဲဒီလက်နှစ်ဖက်ကြားမှာတုန်ရီနေတဲ့
ငါ့ရဲ့အမှတ်ရအောက်မေ့မှုကို
ငါပြန်မြင်ချင်တယ်။

အဒိုးနိစ်
မြန်မာပြန်-မောင်ဒေး

(Adonis ရဲ့ Pollen နဲ့ Pollen II ကဗျာတို့ကိုပြန်ဆိုပါတယ်)

Saturday, June 23, 2012

၁၄


ပျော်ပါးပြီးရင်
မေ့ပစ်လိုက်လို့ရတဲ့နေ့
သစ္စာရှိသူတွေ အသင်းပြောင်းအားပေးကြတဲ့
ပွဲ

*
နတ်တို့ရဲ့ကျေးကျွန်
မြိုင်ဟေဝန်မှာ စည်တော်သံဟိန်းလျက်

*
အမှောင်ဓါတ်အောင်းနေတဲ့အံသွားကို
နိုင်ငံခြားဘာသာစကားတွေက
အလှည့်ကျစောင့်ကြပ်တယ်

*
စစ်ဘုရင်တွေဟာ
သဲ၊ သံ၊ မီးနဲ့ မရဏအကြောင်းပြောပြီး
ပျောက်ကွယ်စပြုနေတဲ့အလင်းထဲမှာ
တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးဟန်ဆောင်ကြတယ်

*
ဒီအခန်းထဲမှာ
ညနေကြယ်ကဘယ်လိုလုပ်ပြီး
ကြွေကျနေတာတုန်း ??

*
နှစ်ဆယ့်တစ်ရာစုရဲ့
နဂါးခံတွင်းဝမှာမျက်စိဖွင့်အိပ်ရင်း
မမွေးသေးတဲ့ကလေးတွေကို
ကျိန်ဆဲတယ်

မောင်ဒေး
ဇွန် ၁၄၊ ၂ဝ၁၂

Thursday, June 21, 2012

ပါဝါအကြောင်းပို့ချချက်အစစ်အမှန်

တစ္ဆေကစတင်လိုက်ပြီလို့ ငါပြောတဲ့အခါ
ဘာကိုပြောလိုက်တယ်ဆိုတာ မင်းနားလည်တယ်။
အဲဒီအချိန်ဆိုတာက ငါတို့သူ့ကိုဘယ်လိုထိန်းသိမ်း
                   ဘယ်လိုတိုင်းထွာ
တယ်ဆိုတာနဲ့ ဘာမှမဆိုင်ဘူး။
...အစကရှိခဲ့ပြီး နောက်မရှိတော့ဘူး။
                   ညနေပိုင်းသတင်းစဉ်
လိုတစာစာလည်းမြည် သွေလည်းသွေဖည်နေတယ်။
အခုအပြင်မှာ 3D။ အတွင်းမှာ ကိုယ်စား
                   ပြုခြင်းမဲ့စပေ့စ်
ဥပဒေသတိုင်းမှာ အပြင်ဆိုတာနဲ့
                   အတွင်းဆိုတာရှိတယ်
ရက်စက်ကြမ်းကြုတ်မှု ကျိုးကျသွားတာ၊အလျင်စလိုမြိုချတာ၊ချွေးထွက်တာနဲ့
                   အပြုံးတစ်ခုကိုအကွင်းလိုက်
ဖောက်ထုတ်လိုက်တာကို ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့ပြီးပြီ။
အိပ်ပျော်မနေဖို့။ စပေ့စ်ထဲမှာအခုလိုစကားပြောခြင်း။
ဆက်လက်ဖြစ်ပေါ်နေတဲ့အရာတွထဲ စိတ်ကိုနှစ်ထားဖို့။
ယုံကြည်မှုဆိုတာက စိတ်သက်သာရာရမှုပျောက်သွားတဲ့အထိ
                   အတွင်းကျကျ
တကယ့်ကိုအတွင်းကျကျ ဆန်းစစ်ရမယ့်အရိပ်တစ်ခုဖြစ်တယ်။ ယာဉ်ကြော
အလယ်မှာအထိုင်ကျနေတဲ့ ကြက်လျှာစွန်းအမှောင်က
                   ငါတို့ကိုမြိုထားတယ်။
အချိန်ဟာကြိယာဝိသေသနသဘောသက်ရောက်တဲ့ ပေါက်ကွဲမှု၊
ဘီယာတစ်ခွက်၊ ဆေးလိပ်တစ်လိပ် အဖြစ်ရောက်လာတယ်...
ညနေခင်းလေက အမောပြေစေတယ်၊ လန့်ဖျပ်ခြောက်ခြားစေတယ်၊
ပြီးတော့မေးခွန်းတွေက
                   စတိုးဆိုင်မျက်နှာစာပေါ်က အရိပ်တွေလို
နက်ရှိုင်းသထက်နက်ရှိုင်းလာတယ်။
                   ညစ်မည်းနေတဲ့ပြတင်းပေါက်မှန်မှာ
ဖော်ဆစ်သီးယားချုံပင်က နာရီစက်သံတချက်ချက် ရိုက်မြည်နေတယ်။
အချိန်ကျခဲ့ပြီ။ အပေါ်။ အောက်။ အပေါ်။
မင်းကအဲဒါရဲ့ တစ်စိတ်တစ်ပိုင်းပဲ။
ငါအဲသလိုပြောရင် မင်းရင်ထဲမှာခံစားမှုဖြစ်ပေါ်သလား။
မြင်ယောင်ကြည့်စမ်း။ မိုးကြိုးတွေပစ်။ မိုးတွေရွာ
                   ပြီးတော့မောင်းနှင်သွား။
တိမ်တွေဖြတ်သန်း။ သန့်စင်ခြင်းခံလိုက်ရတဲ့ည။ ကြယ်တွေ။
တိတ်ဆိတ်နေတဲ့ပန်းချီကားတွေထဲမှာ သစ်ပင်ဟာ
                   အမြင်အာရုံကြောအတွင်း လဲကျသွားတယ်။
အသံက ဓါတုဖွဲ့စည်းမှု။
၎င်းဆီရောက်ရှိဖို့မဖြစ်နိုင်။ အကယ်၍
                   ၎င်းဆီရောက်ရှိခြင်းဟာ
တကယ့်အစစ်အမှန်အသံလို ခံစားမှုဖြစ်ပေါ်စေရင်
                   အဲဒါတိတ်ဆိတ်မှုဟုတ်ပါ့မလား။
                   မျဉ်းကြောင်းအဆွဲခံထားရတဲ့
ငါ့အရိပ်တွေနဲ့ ဒီမှာငါတစ်ယောက်တည်း…
ဒီတော့ ဒါဟာဘာကိုဆိုလိုသလဲ။
မြင်းတစ်ကောင်နဲ့ ရဲတိုက်တစ်လုံး၊ သစ်ပင်တစ်ပင်
                   နဲ့ ၎င်းရဲ့စွန့်ခွာခြင်းလား။
တစ်ကိုယ်ရည်ခမ်းနားမှုထဲမှာဒါဟာ
                   ဘာကိုဆိုလိုသလဲ။
ဆွဲရေစီးကြောင်းနဲ့ ၎င်းရဲ့အပေါက်ဝ၊
တံခါးတစ်ချပ်နဲ့ ပွင့်နေတဲ့ကောင်းကင်လား။
ဒါမှမဟုတ် မြူးတူးခုန်ပေါက်နေတဲ့ ရောင်ပြန်အလင်းက
                   ငါ့ရဲ့မော်တော်ကားဘန်ပါကိုလင်းတောက်စေလို့
ငါ့အကြည့်ကအဲဒီကိုရောက်သွားပြီး
သိမ်းငှက်တစ်ကောင်ရဲ့အရိပ်ကိုတွေ့ခဲ့ရတယ်။
လူဆင်းရဲတစ်ယောက်ပြုလိုက်တဲ့
                   အသံ
ငါ့နားထဲရောက်လာတာကြောင့် သီးချင်းထဲမှာငါလဲကျသွားတယ်။
သစ္စာစောင့်သိမှုရဲ့ဝါကျအထားအသိုကမှ ကြေကွဲဖွယ်ရာမဖြစ်ရင်
                   လောင်းကြေးကဘာလဲ။
အချိန်ဆိုတာရှိခဲ့ရင် အဲဒီအချိန်ကို ငါတို့ပိုင်ပါ့မလား။

ပီတာဂစ်ဇီ
မြန်မာပြန်-မောင်ဒေး

(Peter Gizzi ရဲ့ True Discourse on Power ကဗျာကိုပြန်ဆိုပါတယ်)

Tuesday, June 19, 2012

ပထမဆုံးပြစ်မှု


ဆောရီးပါပဲ ရဲအရာရှိရယ်။ ကျွန်တော်ဆိုင်းဘုတ်ကိုမမြင်လိုက်ဘူး။
တကယ်တော့လည်းဘာဆိုင်းဘုတ်မှ ရှိမနေဘဲကိုး။ မီးပွိုင့်က
စိမ်းနေတယ်။ ဒဏ်ကြေးဘယ်လောက်ဆောင်ရမလဲ။

အကျိတ်က လူသေလောက်သလား။ ဒါမှမဟုတ်သိပ်စိုးရိမ်စရာ မရှိဘူးလား။
ဆရာဝန်ကတို့ကိုပြောပြပါ့မလား။ အခြေအနေကို သူသိတယ်လို့ပြောတာပဲ။
ဆောရီးပါပဲ ရဲအရာရှိရယ်။ ကျွန်တော်ဆိုင်းဘုတ်ကိုမမြင်လိုက်ဘူး။

အရူးတိုင်းကဘုရားရဲ့ကိုယ်စားလှယ်မဟုတ်ဘူး။
စမ်းသပ်မှုအောင်မြင်သူတိုင်း အသက်ရှင်ခွင့် ရချင်မှရတာ။
မီးပွိုင့်ကစိမ်းနေတယ်။ ဒဏ်ကြေးဘယ်လောက်ဆောင်ရမလဲ။

အလောတကြီးလုပ်တာနဲ့စောင့်စားတာ ဘယ်ဟာကပိုဆိုးသလဲ။ စောင့်နေတဲ့လူတန်းက
ဆုံးဖြင့်မဆုံးနိုင်။ ဒါမှမဟုတ် အခါလင့်သွားမှာကြောက်ကြလို့များလား။
သူစိုးရိမ်မှုပိုလာတယ်။ ဆောရီးပါပဲ ရဲအရာရှိရယ်။ ကျွန်တော်ဆိုင်းဘုတ်ကိုမမြင်လိုက်ဘူး။

လုံးဝကိုမူးမနေတာပါဗျာ။ ကျွန်တော်သောက်ခဲ့တာဆိုလို့ ဝိုင်တစ်ခွက်တည်းရယ်။
ဘယ်သူများအနာတရဖြစ်သွားသေးလဲ။ ကျွန်တော်ဘာလုပ်ပေးရမလဲ။
မီးပွိုင့်ကစိမ်းနေတယ်။ ဒဏ်ကြေးဘယ်လောက်ဆောင်ရမလဲ။

ပါးရည်နပ်ရည်ရှိတဲ့ကဗျာစာကြောင်းတွေကို ကသိကအောက်နဲ့ တရဟော
ရေးထုတ်သလို ငါတို့ဆင်ခြေတွေပေးကြမလား။ အနိုင်ရဖို့မဟုတ် ထာဝစဉ်ပိုးပန်းဖို့
သက်သက်လား။  ဆောရီးပါပဲ ရဲအရာရှိရယ်။ ကျွန်တော်ဆိုင်းဘုတ်ကိုမမြင်လိုက်ဘူး။
မီးပွိုင့်ကစိမ်းနေတယ်။ ဒဏ်ကြေးဘယ်လောက်ဆောင်ရမလဲ။

ဒေးဗစ်လေးမန်း
မြန်မာပြန်-မောင်ဒေး

(David Lehman ရဲ့ First Offense ကဗျာကိုပြန်ဆိုပါတယ်) 

Monday, June 18, 2012

Oligarchic Weather:Drawings by Maung Day


                                               

Sunday, June 17, 2012

ကမ္ဘာဂြိုဟ်အမှတ်နှစ်

သူတို့ကလည်းငါတို့ကိုလှမ်းကြည့်
ငါတို့ကလည်းသူတို့ကိုလှမ်းကြည့်

ငါတို့ရဲ့အပြုအမူထဲမှာ သူတို့ကိုငါတို့ပြန်တွေ့ရတယ်
နှစ်ဖက်စလုံးမှာ အဖျက်စွမ်းအားလည်းဆတူရှိတယ်

နေရာရဲ့အသိဟာ အိပ်မွေ့ချသူရဲ့ရင်သွေးလို တအုံနွေးနွေး
ဘုံတူညီမှုတွေဟာ အမှောင်ထဲကမှိန်လဲ့လဲ့မျက်လုံးတွေ

အရှိတရားအသစ်ရဲ့တစ်ဖက်ဝန်ရိုးမှာ
ယုတ္တိသူရဲကောင်းတစ်ရာနဲ့ မိန်းကလေးအလောင်းတစ်လောင်း

ငြိမ်းချမ်းရေးဟာစစ်ရဲ့ဆောင်ပုဒ်
စစ်ဟာငြိမ်းချမ်းရေးရဲ့ဆောင်ပုဒ်

လက်တွေဟာပါးစပ်ဖြစ်သွားပြီး
အချိန်ရဲ့ဗုံးခိုကျင်းထဲကနေ
သမုဒ္ဒရာရဲ့ပြာကို လျှာနဲ့လှမ်းလျက်တယ်

မောင်ဒေး
ဇွန် ၁၀၊ ၂၀၁၂

သူနဲ့အတူသူ့ဆီကတစ်ဆင့်

သူရှိမနေတာကိုငါသိဖို့လိုတယ်
ငါကသူ့ကိုလိုချင်ရင် သူကအနုပညာမြောက်မြောက်
အလိုချင်ခံပါ့မလား  ဒီထက်ပိုပြီးအနုစိပ်တဲ့အခါ
ငါ့အတွင်းမှာသူအကြိမ်ကြိမ် ပြီးနေတယ်

အခုသူရေပိုက်ခေါင်းကိုဖွင့်လိုက်တယ်
တံခါးကြားကနေ သူ့ရဲ့စာသားကိုငါချောင်းကြည့်တယ်
ဝတ်လစ်စလစ်လည်းဖြစ် အဆုံးသတ်ရမယ့်နေရာမှာတော့
တစ်လိုင်းပျောက်နေတယ်

သူလာတဲ့အခါ သူ့အဆုတ်နဲ့ငါ့ကိုရှုသွင်းလိုက်ပြီး
(ပြီးပြည့်စုံတဲ့ကဗျာကိုမရခင်) သူ့အထဲမှာငါပွင့်ရတယ်
အနည်းဆုံးတော့ အစပြုစရာစကားလုံးရှိလာတယ်
ထမင်းဝိုင်းမှာ နတ်သျှင်နောင်ကိုသူကိုးကားတော့

ကြိုတင်ညှိမထားတဲ့ဇာတ်ကွက်အလှည့်မှာ ငါဒေါသဖြစ်ရတယ်
သူ့အထဲမှာခမ်းနားမှုဘယ်လောက်ပဲ သွတ်ထားသွတ်ထား
အသက်ရှုပုံဆိုင်ရာပုစ္ဆာတစ်ခုသာဖြစ်တယ်
သူ့ရဲ့ဖွဲ့စည်းပုံထဲမှာသူ့ရဲ့နိဂုံးရှိတယ်

 မောင်ဒေး
 ဇွန် ၁၇ ၊ ၂၀၁၂


Saturday, June 16, 2012

A Letter from a Friend Back Home


Pristine is not the word: this situation is situated outside your pasture.

In the long shot it looks like an eviscerated wolf talking.

Close-up it is kissing a lipless face.

We are always coming back from a seesaw journey.

Time passes, we barely blink.

The third man holds everything together.

It forms a circle from time to time, like a snake biting its own tail.

How do you fit in there?

Nobody is in contemplative mood as the solstice goes on.

Now we share the housework among us because mothers disappear too.

Eat quickly. A is for B.

When it rains they are washed away, stitches revealed to the daylight.

The pavements have stories to tell but no deathbed confessions.


Maung Day

*This poem appeared in The Wolf, issue 25

Untitled

Untitled by Maung Day,
"Forward/Backward" Art Exhibition, 2011, H Gallery, Bangkok
                    

Diffusion & Nascency

Today I am a missing archipelago.
Until yesterday
I could read my own lithospheric map
as aurora vitals,
as ejecta-free decipherment.
But today
I am a missing archipelago,
a chimeric & catabolic entity.

I consider myself a great stratocumulus lake by nature
& a carrier pigeon born to a war criminal by chance.
I feel the weight of my true name
being forgotten
& I am being absorbed
into a Disneyland cryovolcanism.

I admit
I am from a post-riot inclemency
& have domesticated my pain
as commonplace abreaction,
as deciduous fiber skin.
I have also gone blind
by resisting razorlight emissions 
from ghost farming & agnosaic irrigation.

But I exist
or aspire to exist
as shaman invisible as breath,
as source of coevolution,
as built-in permaculture.

I am accused
of being ill-plumaged & ill-omened
because I oppose substitute roots
& utopia without 's'.

I have to.
I belong to a new race of biocenoses.
& I see myself as oblique medium,
as infinite macrofauna,
as ubiquitous psychic data.

I never identify myself with
either anagram enclosure
or gender euthanasia.
I am a chakra on Kali's body
& a hair-snake on Medusa's head.

I exist through
numerical & power-mad vortices
before I disappear in myself
as a fading clast.

Maung Day