Monday, November 26, 2012

လှပသောအရာများနှင့် နက်နဲသိမ်မွေ့သောအရာများအကြောင်း

အသိပညာဟာလှတယ်၊ နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။
                                                                                      --- ခါးန့်ထ်

၁။

ရေဒီယိုဟာ အပူမီဒီယာဖြစ်တယ်။
တယ်လီဗီးရှင်းက အေးတယ်။*

ရုရှားနိုင်ငံမှာ ရထားခရီးစဉ်တစ်ခုဟာ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တယ်။
ရှီကာဂိုမြို့ကိုရထားနဲ့သွားတာဟာ ရုပ်ရှင်တစ်ကားဖြစ်တယ်။
မိုင်ယာမီမြို့ကိုလေယာဉ်နဲ့သွားတာဟာ
ဘေးဒုက္ခဆိုးတွေအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်။

ကျောက်ထင်းရှုးပင်တစ်ပင်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။
ညောင်မုတ်ဆိတ်ပင်တစ်ပင်ဟာ
ရေ့ဖ်ဝေါ်လ်ဒိုအီမာဆန်ရဲ့စကားပြေဖြစ်တယ်။

အမျိုးသမီးတစ်ယောက်ရဲ့အတွင်းခံဟာ(ဘယ်သမိုင်းခေတ်မှာမဆို) ကဗျာဖြစ်တယ်။
အမျိုးသားတစ်ယောက်ရဲ့အတွင်းခံဟာ(ဘယ်သမိုင်းခေတ်မှာမဆို) စကားပြေဖြစ်တယ်။

အမျိုးသမီးဝတ်အောက်ခံဘောင်းဘီ(အဖြူရောင်၊ ပိုးသား၊V အက္ခရာပုံ) တွေဟာလှတယ်။
အမျိုးသားဝတ်စပိုတာအောက်ခံဘောင်းဘီတွေဟာ နက်နဲသိမ်မွေ့တယ်။

ယုံမှားလွန်စိတ်ဝေဒနာဟာ ကဗျာဖြစ်တယ်။
အိပ်မရရောဂါဟာ စကားပြေဖြစ်တယ်။


၂။

သေဆေးအထိုးခံပြီး သေပွဲဝင်တာဟာ စကားပြေဖြစ်တယ်။
ကြိုးဆွဲချပြီးသေတာဟာ ငြီးငွေ့စိတ်ပျက်စရာကောင်းတယ်။
သေနတ်နဲ့ကွပ်မျက်ခံရပြီးသေတာဟာ မြင့်မြတ်ပြီး နက်နဲသိမ်မွေ့တယ်။

ဟိုးမားဟာ ကြေကြေကွဲကွဲ နက်နဲသိမ်မွေ့တယ်။
စီးကရက်တွေ အထူးသဖြင့် Camel နဲ့ Lucky တို့ဟာနက်နဲသိမ်မွေ့တယ်။

ဆေးပြင်းလိပ်တွေဟာ နက်နဲသိမ်မွေ့တယ်။
ဆေးတံတွေဟာ လှတယ်။

ရှောလမွန်သီချင်းဟာ လှတယ်။
ကမ္ဘာဦးကျမ်းနဲ့ ယောဘဝတ္ထုတို့ဟာ နက်နဲသိမ်မွေ့တယ်။

ဟေရှာယဟာ နက်နဲသိမ်မွေ့တယ်။ ပထမမြောက်ရှမွေလနဲ့
ဒုတိယမြောက်ရှမွေလတို့ဟာ နက်နဲသိမ်မွေ့တယ်။
ရုသဝတ္ထုဟာ လှလည်းလှ၊ နက်နဲသိမ်မွေ့မှုလည်းရှိတယ်။
ဝါ့ဒ်စဝါ့သ်ဟာလှတယ်။ ကိ(တ်စ်)ဟာ နက်နဲသိမ်မွေ့မှုလည်းရှိ၊ လှလည်းလှတယ်။

အသိပညာဟာ လှတယ်။
နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။


ဒေးဗစ်လေးမန်း
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ David Lehman ရဲ့ On the Beautiful and Sublime ကဗျာကိုပြန်ဆိုပါတယ်) 

*မီဒီယာသီအိုရီပညာရှင် မာရှယ်မက္ကလူဟန် (၁၉၁၁-၁၉၈ဝ) ရဲ့ ၁၉၆၄ ခုနှစ်ထုတ် Understanding Media: The Extension of Man စာအုပ်ထဲမှာ “အပူမီဒီယာ” နဲ့  “အအေးမီဒီယာ” (Hot & Cool Media) အကြောင်းပြောခဲ့ပါတယ်။ မီဒီယာစားသုံးသူကိုယ်တိုင်ပါဝင်ပြီး အဓိပ္ပါယ်ရှာဖွေ၊ စိတ်ကူးပုံဖော်၊ ဖြည့်စွက်စဉ်းစား စတဲ့ထည့်ဝင်မှုတွေလုပ်ရတဲ့ မီဒီယာကို “အအေးမီဒီယာ” (ဥပမာ၊ တယ်လီဗီးရှင်း၊ ရုပ်ပြစာအုပ်) နဲ့ စားသုံးသူဘက်က ဘာမှထွေထွေထူးထူးမလုပ်ရဘဲ အရန်သင့် စားသုံးလို့ရတဲ့မီဒီယာကို “အပူမီဒီယာ”(ဥပမာ၊ရေဒီယို၊ ရုပ်ရှင်ဇာတ်ကား) လို့မက္ကလူဟန်က ခွဲခြားသတ်မှတ် သုံးသပ်ခဲ့ပါတယ်။

Saturday, November 24, 2012

ငါ၊ သီဟတင်စိုး၊ သီဟတင်စိုးနဲ့ငါ

ငါအိပ်ရာဝင်တဲ့အချိန်ဟာ ဘေးခြံကပိုလာဝက်ဝံတွေ အိပ်ရာထတဲ့အချိန်နဲ့
ကွက်တိပဲ။ အပျော်ရှာမယ်ဆိုပြီး နွားကမြို့ပေါ်တက်သွားတယ်။
ဒီတစ်ကြိမ် သမိုင်းဟာ ပေါ့ရွှတ်ရွှတ်ဟာသအဖြစ်နဲ့ အရင်ပြန်လာတယ်။
တောင်ကိုရီးယားမှာအလုပ်သွားလုပ်တဲ့သူငယ်ချင်း ဒုတိယအကြိမ်ပြန်လာတယ်။

အခုပန်းခြံလုပ်ထားတဲ့နေရာတွေဟာ တစ်ချိန်က လူသတ်ကုန်းတွေပေါ့။
စီးတီးမာ့တ်ရဲ့အူလမ်းကြောင်းမှာ သကြားမင်းအနာရင်းနေတယ်။
ဟေ့ ဖြူဖြူ၊ မနေ့ညက နင့်ရဲ့အသံထဲမှာ ငါ့ရဲ့ကွန်ဒုံကျန်ခဲ့တယ်။
ဒီနေ့နင်သီချင်းဆိုတော့ တုန့်ပြန်မှုဘယ်လိုရှိသလဲ။

ခါကာဘိုရာဇီကို ဒါလဟိုဇီဘက် သူတို့ရွှေ့ထားကြတယ်။
ငါ့ကိုသေအောင်မသတ်နိုင်တဲ့အရာဟာ ငါ့ကိုပိုတောင်ခွန်အားကြီးစေတယ်။
လူဝင်မှုကြီးကြပ်ရေးရဲ့ မယားပါကလေးကို မင်းဆီလည်း
ငါ Tag လုပ်ပြီး ပို့လိုက်တယ်။

မောင်ဒေး
၂၃ နိုဝင်ဘာ ၂ဝ၁၂