Wednesday, December 10, 2014

ထုံးဖြူစေတီများဆီ ခြတောင်ပို့များယူဆောင်သွားခြင်း


၁။
ဘောက်ထော်မှာ ဗေဒင်ဆရာတစ်ယောက်ရှိတယ်။
တစ်နေ့ကျရေထဲမှာ ကျောက်တုံးတွေပေါ်လာလိမ့်မယ်လို့ သူဟောတယ်။ အမှန်က ဒီရေကို
ဖောက်ထွင်းပြီး ငါတို့ကကြည့်တတ်ရမှာလို့ ကွယ်လွန်သူဂျွန်အက်ရှ်ဘရီကရေးခဲ့တယ်။
သာလိကာတွေကတော့ သူများကသင်ပေးလို့သာ လိုက်ပြောရတယ်။
တကယ်က စာမတတ်ကြဘူး။ အပေါ်ကိုထိုးထောင်တက်သွားတဲ့ ရေတံခွန်ဟာ
အောက်ကိုငုံ့မကြည့်တော့ဘူး။ ယူနန်ပြည်နယ်ကတက်လာတဲ့အုပ်စုက
ဆိပ်ကမ်းသာလမ်းထိပ်မှာ ထမင်းကြော်ထွက်စားတယ်။
လမ်းမီးတိုင်အောက်ကအရိပ်တွေ တိုဝင်သွားကြတယ်။ ဒါကို ယုံကြည်ဖို့ခက်တယ်။
ဒါကိုငါ ခက်ခက်ခဲခဲယုံကြည်တယ်။ မျက်နှာဖုံးက မင်းတို့ကိုပြန်ချွတ်သွားပြီလို့
ဇေယျာလင်းက သူမကွယ်လွန်ခင်မှာ ရေးခဲ့တယ်။

၂။
လောကုတ္တရာရဲ့အမှားတွေဟာ လောကီထဲကိုရောက်တော့ ခြတောင်ပို့တွေ
ဖြစ်သွားကြတယ်။ အဲဒီခြတောင်ပို့တွေကို အမွေးတိုင်ထွန်းပြီး ငါပူဇော်လိုက်တယ်။
ရပ်ကွက်ဈေးထဲမှာတော့ ကိုယ်ကိုယ့်ကိုယ်သတ်သေတဲ့နှုန်းက မြင့်တက်လာ
နေတယ်။ ငါ့ရဲ့ခြံစည်းရိုးပေါ်ကခရုဟာ အမြဲလိုလို အိပ်ရာထနောက်ကျတယ်။
သူ့ကိုမပုကြွယ်လို့ ငါနာမည်ပေးထားတယ်။ မပုကြွယ်ဟာ “မျက်လုံး”လို့
သူနာမည်ပေးထားတဲ့ ငါ့ရဲ့လက်မောင်းပေါ်ကိုတက်ရတာ ကြိုက်တယ်။
သူနဲ့ငါ အိမ်အဝမှာအတူထိုင်ပြီး ခြင်တွေကိုကြည့်ကြတယ်။
လောကီရဲ့အမှားတွေဟာ လောကုတ္တရာထဲကိုရောက်တော့ ထုံးဖြူ
စေတီလေးတွေဖြစ်သွားကြတယ်။ မပုကြွယ်နဲ့ငါခရီးထွက်တော့
တောင်ပေါ်က စေတီဖြူဖြူလေးတွေကို ရေတွက်လာခဲ့ကြတယ်။

၃။
အညာဘက်ကနေမြို့ကိုလာလည်တဲ့ အဖိုးလေးတစ်ယောက်ရှိတယ်။
ဘယ်သူနဲ့မှ စကားမပြောဘဲ အုန်းပင်ပေါ်တက်ပြီးတစ်နေကုန်
ထိုင်နေတယ်။ သူ့ရဲ့ဂွေးက ခါးတောင်းကျိုက်ရဲ့အပြင်ကို ထွက်ကျနေတယ်။
အုန်းပင်ပေါ်မှာ ၆ ရက်ပြည့်အောင်ထိုင်ပြီး အညာကိုသူပြန်သွားတယ်။
ရပ်ကွက်ထဲမှာတော့ ရုက္ခစိုးကြီးဆိုပြီးသော်လည်းကောင်း၊ လပျော့ကြီး
ဆိုပြီးသော်လည်းကောင်း နာမည်တွင်ပြီးကျန်ရစ်တယ်။ သာလိကာ
ဘယ်သူလဲ၊ ဗေဒင်ဆရာဘယ်သူလဲ၊ လပျော့ကြီးကဘယ်သူလဲဆိုပြီး
လူတွေကမေးတယ်။ လူတွေဟာ အဖြေတွေကိုပဲ ထပ်ခါလဲလဲမေးကြတယ်။
တကယ်ဆိုဒါက “ငါတို့တိုင်းပြည်အတွက် ဘာများလုပ်ပေးနိုင်မလဲဟေ့”လို့
မနက်စောစောမှာကျတဲ့ နှင်းရည်ကြည်ပေါက်တွေကို သွားမေးနေတာမျိုးပဲ။

မောင်ဒေး

Monday, November 24, 2014

သစ်သီးကိတ် (Alternate Version)


ငါ့ရဲ့ရောဂါလက္ခဏာကို ငါပြန်စားတယ်။
ပြိုပျက်တိုက်စားခြင်းကို ငါဝယ်ယူသုံးစွဲတယ်။
အနာဂတ်ရဲ့တစ်နေရာမှာ ဂဝံခဲတွေဟာ ဝုန်းဒိုင်းကြဲပြီး
နယ်သစ်ပယ်သစ်တစ်ခုဖြစ်လာ။ အဲဒီနယ်သစ်ပယ်သစ်ကို
ရဲဘက်စခန်းလို့ပဲ ငါတို့လွယ်လွယ်ခေါ်လိုက်ကြမှာဖြစ်တယ်။
ငါငှားနေတဲ့အခန်းက ပျက်စီးခြင်းငါးပါးရဲ့လိပ်စာ။
လျှပ်စီးကိုငါထိလိုက်မိချိန်မှာ စာပို့ခိုတွေဟာ
သူတို့ရဲ့အတောင်ပံတွေကို သူတို့ကိုယ်တိုင်ပြန်ရိုက်ချိုး၊
သစ်ပင်မြင့်မြင့်ပေါ်ကနေခုန်ချပြီး လူ့ဘဝကိုရယူကြတယ်။
ကြံခင်းအလုပ်သမားတွေက ကြံစုပ်ရင်းသေရတယ်။
သစ်သီးတိုင်းကို သစ်သီးပုပ်လို့ပဲ ငါနာမည်ပေးခဲ့တယ်။
နေ့တွေကို ငါ့ရဲ့ချွေးနံ့နဲ့ရွှေ့ခဲ့သလို၊ ဆယ့်နှစ်လရာသီဟာလည်း
ငါ့ရဲ့သားမြတ်ကထွက်တဲ့နို့ရည်နဲ့ပဲ အရွယ်ရောက်ခဲ့တယ်။
သရက်သီးပုပ်တွေက မြေပြင်ပေါ်ကို တဘုတ်ဘုတ်နဲ့ကြွေကျ။
လက်သည်မရှိတဲ့အရပ်မှာလည်း ကလေးတွေဖွားမြင်ကြတယ်။
ငါ့ရဲ့ရောဂါလက္ခဏာကို ငါစားလည်းစားတယ်၊ ရောင်းလည်းရောင်းတယ်။

မောင်ဒေး

Sunday, November 9, 2014

မောင်ဒေး၏နာမည်ကိုထည့်၍ မှည့်ခေါ်ထားသောအရာများစာရင်း


အက်ပ်တိုစတီးချူးစ် မောင်ဒေးမီးယား - Aptostichus maungdaymia
(ယောက်ျားများ၏မုတ်ဆိတ်ထဲတွင် တွယ်ကပ်နေထိုင်သော ပင့်ကူငယ်တစ်မျိုး)

မောင်ဒေးဒမ် - Maungdaydom
(နောက်ဆုံးဗမာမင်းဆက်အုပ်ချုပ်ခဲ့သော မြန်မာပြည်)

မောင်ဒေးကလူးန် - Maungdayclune
(ရထားလက်မှတ်အဟောင်းများစုဆောင်းသူ)

ပါရာဂေါဒီးယပ်စ် မောင်ဒီးမီးယား - Paragodius maungdimia
(မနက်ဖက်အိပ်ရာမှထလျင်ထချင်း ထွေးထုတ်လိုက်သောသလိပ်ထဲတွင်ပါရှိသည့်
ကပ်ပါးပိုးကောင်တစ်မျိုး)

ဒေးလုသ် - Dayluth
(နိုင်ငံရေးသမားများစီးလာသည့် ကားထဲတွင် ကျန်ရစ်ခဲ့သည့်အနံ့တစ်မျိုး)

Maung Day Global Preparation Academy
(ပင်လယ်ဖျံများကို စနစ်တကျသုတ်သင်သတ်ဖြတ်ရေးအတွက် လိုအပ်သော
နည်းစနစ်များကိုသင်ကြားပေးသည့် စစ်အကယ်ဒမီ)

Maung Day Bend
(အင်းစိန်လမ်းမကြီးနားမှ ကိုးလောင်းကွေ့၏ ဘိုနာမည်)

မက်ဂါချီလီ ဒေးစကီးအီး - Megachile dayskii
(၄င်း၏တိုက်ခိုက်ခြင်းကိုခံရသောသတ္တဝါ၌ လိင်ပြောင်းလဲခြင်းကိုဖြစ်ပေါ်စေသည့်
နကျယ်ကောင်တစ်မျိုး)

ဆေလ်ဗီလားဂတ်စ် ပါလတ်စ်ထရစ် မောင်ဒယ်ရီ - Sylvilagus palustris maungderi
(မိတ်လိုက်မျိုးပွားနှုန်းအမြင့်ဆုံးဖြစ်သည့် ယုန်မျိုးစိပ်၏အမည်)

ကယ်လိုပလားကား မောင်ဒေး - Caloplaca maungdae
(၄င်းကိုရှုမိလျှင် ရှုသူကို မြန်မာဗိုလ်ချုပ်တစ်ယောက်၏အိပ်မက်ဆိုးထဲသို့
ရောက်သွားစေသည့် အဆိပ်မှိုတစ်မျိုး)

မောင်ဒေး

Tuesday, November 4, 2014

ရုပ်ရှင်ကဗျာ ၁၊ ၅၊ ၆


ရုပ်ရှင်ကဗျာ ၁

တစ်မြို့လုံးရှိ မီးလုံးများ၊ မီးချောင်းများ တစ်ခုချင်းစီ
ပိတ်သွားသည်။ ဘဝကိုငြီးငွေ့နေသူ လူငယ်တို့သည်
လမ်းပေါ်ထွက်လာကြပြီး အများသုံးရေကန်ထဲသို့
အမ်ဖီတမင်းဖျော်ရည်ဂါလံနှစ်ဆယ်ကို လောင်းထည့်လိုက်သည်။
ကန်ထဲမှငါးတို့ကိုဖမ်းကာ ကန်ပေါင်ပေါ်၌ပင် ကင်စားလိုက်ကြသည်။
ဘေးချင်းကပ်မြို့တွင် မီးများလင်းနေပြီး ၄င်းကို “ကြတ်ကုန်း”ဟုခေါ်သည်။
အမှောင်ကိုကြောက်သူတို့သည် အမှောင်ထဲတွင် လေချွန်တတ်ကြသည်။
သူတို့၏လေချွန်သံကိုပြန်ကြားကာ ပို၍ကြောက်သွားတတ်ကြသည်။
လေးကောင်ဂျင်ဝိုင်းတွင် ယောက်ျားမိန်းမတို့ ကြိတ်ကြိတ်တိုးနေ၏။
မြင်ကွင်းများထဲတွင် မီးလောင်နေသောပွဲဈေးတန်းက အလှဆုံးဖြစ်၏။
ဤကဗျာသည် အင်တာနက်လို၊ မူးယစ်ဆေးဝါးလို၊ ကော်ဖီနှင့်စီးကရက်လို
သင်၏စိတ်နှင့်ရုပ်ကို ထိခိုက်စေနိုင်ပါသည်။

(David Fincher Fight Club)




ရုပ်ရှင်ကဗျာ ၅





ကျွန်တော် အိပ်ရာမှထသည်၊ မျက်နှာသစ်သည်၊
 

အဝေးကြည့်မှန်ပြောင်းကို ကောက်ကိုင်သည်၊ အိပ်ရာမှထသည်။


လေနုအေးသည် လမ်းကြားထဲမှခွေးသားအမိကို အဝတ်လဲပေး၏။


နောက်ဖေးအိမ်မှမိန်းကလေးသည် မိကျောင်းအရေခွံကိုချွတ်၍


ဖွတ်အရေခွံကိုလဲဝတ်၏။ ကျွန်တော်တို့၏ရပ်ကွက်သည် ကမ္ဘာ၏


အလယ်တည့်တည့်တွင် ရှိပါသည်။ ကျွန်တော်တို့ရပ်ကွက်၏ဆောင်ပုဒ်--


ကျွန်ုပ်တို့၏မိတ်ဆွေများအဆင်ပြေလျှင် ကျွန်ုပ်တို့ဝမ်းနည်းသည်”


ခရုသင်းစွဲနေသောဆင်ကိုတော့ ဆင်ဖြူတော်ဟုခေါ်သည်။


ခယ်မရော၊ မရီးရော လိုက်ပွဲဖြစ်သည်ဟု အရပ်ထဲမှငနဲများကဆို၏။


လွန်ခဲ့သောငါးရက်လောက်က ခိုးရာလိုက်သွားသောစုံတွဲသည်


Melody World အစီအစဉ်တွင် ပြန်ပေါ်လာခဲ့သည်။


(Alfred Hitchcock Rear Window)


ရုပ်ရှင်ကဗျာ ၆

မှန်ကြည့်သောသူများကို ကြည့်မှန်ကမြင်သည်။
မှန်ပေါ်မှသနပ်ခါးစက်တို့ကို တံတွေးနှင့်ဖျက်သော်လည်း
အပွေးကိုမမြင်ခဲ့သူမှာ အပင်ကိုမသိချေ။
ရေချိုးဇလုံ၏ဆဲလ်ကိုယူ၍ ရေချိုးဇလုံနောက်တစ်ခုကို
ပြုလုပ်၍မရပါ။ မှန်တစ်ခါကြည့်တိုင်းသာ
ဆပ်ပြာမြှုပ်တို့၏အောက်သို့ ဝါးတစ်ပြန်စာနစ်ရသည်။
လက်မကြီးတစ်ခုသည် ဓါတ်ပုံပေါ်မှ မိသားစုဝင်တို့၏မျက်နှာကို
အကြိမ်ကြိမ်ပွတ်၍ ဖျက်၏။ အမှန်တကယ်အသက်ရှင်ခဲ့သူကော၊
မှန်ထဲ၌သာ အသက်ရှင်ခဲ့သူပါ နောက်ဆုံးတွင်သေကြရသည်။
မည်သို့ပင်ဆိုစေ သေသူ၏အုတ်ဂူကို မလေးမစားမပြုလုပ်အပ်ပါ။

(Yojiro Takita Departures)

မောင်ဒေး

ရုပ်ရှင်ကဗျာ ၂၁၊ ၂၂၊ ၂၃


ရုပ်ရှင်ကဗျာ ၂၁

မနေ့ကအထိရှိနေခဲ့သေးသောကမ္ဘာတွင် ဘာလုပ်၍ဘာကိုင်ရမည်ကို
ကျွန်တော်တို့သိကြသည်။ ကနေ့ဆောက်လုပ်ပြီးစီးသော အဖိုးနည်းအိမ်ရာ
သည် အပြင်ကကြည့်လျှင်ပို၍လှသည်။ ရေပိုက်ခေါင်းကိုပိတ်ဖို့ မေ့ခဲ့လျှင်
ဆူနာမီလာမည်။ ထမင်းစားပွဲပေါ်မှဇွန်းပြုတ်ကျလျင် ယောက်ျားတစ်ယောက်
ရောက်လာမည်ဖြစ်ပြီး၊ ခက်ရင်းပြုတ်ကျလျှင် မိန်းမတစ်ယောက်ရောက်
လာမည်။ ဓါးပြုတ်ကျခဲ့သော် လူမဟုတ်သောသတ္တဝါတစ်ကောင်
ရောက်လာမည်။ သက်တံကိုမြင်ချင်လျှင် မိုးရွာတာကိုသည်းခံဖို့လိုသည်
ဟူသောစကားသည် ကလေးတို့အတွက် အလုပ်ဖြစ်သော်လည်း
လူကြီးတို့အဖို့မူ မကောင်းမှု၏ရှိနေခြင်းကိုသိဖို့ရာ စစ်ပွဲတွင်သေရသော၊
သို့မဟုတ် အစာငတ်သေရသောကလေးတို့၏ဓါတ်ပုံများလိုအပ်သည်။
မနေ့ကအထိရှိနေသေးသောကမ္ဘာသည် လူအများကြားတွင် တိုးဝှေ့ထိုင်
လိုက်ပြီး လက်ဖက်ရည်ကိုတစ်ကျိုက်မော့လိုက်သည်။ လက်ခုပ်တီးလျှင်
တောထဲမှကျားလာမည်။ ရေပိုက်ခေါင်းကိုပိတ်ဖို့မေ့ခဲ့လျှင် ဆူနာမီလာမည်။

(Rodrigo Gudiño The Last Will and Testament of Rosalind Leigh)


ရုပ်ရှင်ကဗျာ ၂၂

ကျွန်တော်၏ဝမ်းနည်းနေသောစိတ်ကို ကြက်ကင် ဝယ်ကြွေးလိုက်သည်။
ဆိုင်းဘုတ်များကိုင်၍ စုရုံးစုရုံးလုပ်နေသောလူအုပ်ကို စတော်ဘယ်ရီအနံ့
ပါသော သကြားလုံးများ ဝယ်ကြွေးလိုက်သည်။ ပိန်းရွက်များ
ခူးကြွေးလိုက်သည်။ လမ်းဘေးတွင်ခိုးကူးခွေများ လိုက်လံဖမ်းဆီးနေသော
ရဲများကို ကာလရွေ့လျားစက်ပေါ်သို့တင်၍ ကာလတရား၏အပသို့နှင်လွှတ်
လိုက်သည်။ ယခုမျိုးဆက်ကို ကျွန်တော်နားလည်ချင်သောအခါ ဇလုံထဲသို့
ပေရေနေသောအဝတ်များကိုထည့်ပြီး ရေနွေးဖျောရသည်။ ပိန်းရွက်များနှင့်
အကြိမ်ကြိမ်ဆက်ဆံဖူးသည်ဆိုလျှင် ခင်ဗျားကို ကျွန်တော်၏အကောင်းဆုံး
ဖောက်သည်အဖြစ် သတ်မှတ်မည်။ မာတင်လူသာကင်း၊ ဗိုလ်ချုပ်အောင်
ဆန်း စသောခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသောကြောင့် မြန်မာလူငယ်
တော်တော်များများ ကဗျာရေးလိုကြခြင်း ဖြစ်နိုင်သည်။ ကျွန်တော်သည်
ကျွန်တော်၏ဝမ်းနည်းနေသောစိတ်နှင့် ပလူးချင်သောအခါ သူကြည်ဖြူ
လာအောင် တစ်နာရီလောက်စည်းရုံးရသည်။

(Wes Anderson Rushmore)


ရုပ်ရှင်ကဗျာ ၂၃

ကျင်းထဲ၌ သူတို့အိပ်ကြသည်၊ သို့သော် လူသေများမဟုတ်။ အမဲလိုက်ကြသည်၊
သို့သော် မုဆိုးများမဟုတ်။ လူတို့၏အိမ်ထဲသို့ ဝင်ကြသည်၊ သို့သော်
ဧည့်သည်များမဟုတ်။ လူတို့ကို ဆေးတိုက်သည်၊ သို့သော် ဆရာဝန်များမဟုတ်။
လူတို့၏ကျောရိုးကို ခွဲစိပ်သည်၊ သို့သော် ခွဲစိပ်ဆရာဝန်များမဟုတ်။
သစ်ပင်တို့ကိုခုတ်၍ မြေကျင်းကြီးများကိုလည်း တူးကြသည်၊ သို့သော်
ဆောက်လုပ်တူးဖော်ရေး အလုပ်သမားများ မဟုတ်။ ဇနီးတို့နှင့်အိပ်ကြသည်၊
သို့သော် ခင်ပွန်းများမဟုတ်။ လူတို့၏အိပ်မက်ထဲသို့ဝင်၍ ထိုလူတို့ကို
သတ်ဖြတ်သည်၊ သို့သော် ထမင်းလုံးတစ္ဆေများမဟုတ်။ ကလေးတို့ကို အဝေးသို့
ခေါ်ဆောင်သွားကြသည်၊ သို့သော် မိဘများမဟုတ်။ သူတို့သည် ကျွန်ုတို့ထံ
ဆင်းသက်လာ၍ သူတို့၏အင်အားကို ကြီးထွားအောင်လုပ်ကြလေ၏။

(Alex van Warmerdam Borgman)

မောင်ဒေး

Tuesday, July 15, 2014

ပါးစပ်ရာဇဝင်


အိမ်အပေါ်ထပ်ကနေ “ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား”လို့ပြောတော့
ငါတို့အားလုံးငယ်ကြသေးတယ်။ ဖင်မှာလိပ်ထွက်ရင် ကန်စွန်းရွက်ကျွေးလို့ရတယ်လို့
ထင်ကောင်းတုန်းအရွယ်။ နောက်တော့ ငှက်ပျော်သီးတွေမှည့်လာတယ်။
ငါတို့ အရွယ်ကြီးလာတယ်။ ကျောင်းနေဖက်ကောင်မလေးတွေ ဗိုက်ကြီးလာတယ်။

၂၁ ရာစုထဲကို ငမိုက်ကြီးတွေ၊ ငမိုက်ကလေးတွေဝင်လာတယ်။ နတ်ပြည်က
စမ်းချောင်းထဲမှာ ဝိုင်နဲ့နွားနို့စီးဆင်းတယ်။ ငါတို့လမ်းကမြောင်းထဲမှာ လငပုပ်ဟာ
ဆပ်ပြာမြှုပ်နဲ့ရောပြီး မစီးဆင်းနိုင်ပဲ တန့်နေတယ်။ စောစောကစောင်းနေတဲ့ဓါတ်တိုင်ဟာ
အခုလည်းစောင်းနေတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးအစိုးရ တစ်ခုတည်းရှိပြီး

အဲဒီအစိုးရကို လူတိုင်းပိုင်တယ်။ ငါတို့ထဲကအလိမ္မာဆုံးခွေးဟာ ဟုတ်ကဲ့၊ဟုတ်ကဲ့လို့
ဟောင်တယ်။ ငါတို့တတွေကြီးလာတော့ အဝှာလည်းလိုက်ကြီးလာတာပေါ့။
သူကြီးရဲ့တူမကိုမုဒိန်းကျင့်တဲ့ဗီဒီယိုပြကွက်ဟာ ငါတို့ရဲ့မျက်စိထဲက ထွက်ကိုမထွက်ဘူး။
လူကြမ်းအောင်ခိုင်ဟာ သွားကြားထိုးတံကိုက်ပြီး အိမ်ပေါ်ကနေဆင်းသွားတယ်။

ငါတို့ကြီးလာတော့ ငါတို့ရဲ့လောဘတွေလည်း လိုက်ကြီးလာတယ်။ ငါတို့ရဲ့မိဘတွေဟာ
အိုမင်းပြီး ငိုက်မြည်းလာတယ်။ လူတကာရဲ့အိတ်ကပ်ထဲကပိုက်ဆံကို ငါတို့လိုချင်တယ်။
အီမယ်လ်ဒါမားကို့စ်ရဲ့ ရွှေအနားကွပ်အောက်ခံဘောင်းဘီ ငါတို့ဖြစ်ချင်တယ်။
ဘယ်လောက်ပဲစိတ်ကူးစိတ်ကူး စိတ်ကူးဆိုတာက ပူဖောင်းနဲ့လုပ်တဲ့ ခွေးရုပ်ကလေးပဲ။
ငါတို့တတွေဟာ တစ်ယောက်ကထွေးလိုက်တာကို နောက်တစ်ယောက်ကဝါးတယ်။
ငါတို့ပေးချင်တဲ့မက်ဆေ့ခ်ျကို ဒီလိုပဲ ပါးစပ်တစ်ခုကနေတစ်ခု ဆင့်ကမ်းသယ်ယူခဲ့တယ်။

မောင်ဒေး

Saturday, May 10, 2014

အဲဒီအိပ်မက်


ဖွင့်ထားတဲ့ပြတင်းပေါက်တစ်ခုကို
သူအိပ်မက်မက်တယ်။
အဲဒါဗဂျိုင်းနားကိုပြောတာလို့
စိတ်ရောဂါကုဆရာဝန်ကပြောတယ်။
ရှင့်မိန်းမနဲ့ ကွာရှင်းရကိန်းရှိတယ်လို့
သူ့ရဲ့အငယ်အနှောင်းလေးကပြောတယ်။
ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာကိုပြောတာလို့
သူ့ရဲ့အတွင်းက အဆိုးနမိတ်ဆောင်တဲ့အသံက ပြောတယ်။
ပြတင်းပေါက်ကိုပိတ်ဖို့ မမေ့နဲ့ဟေ့၊
တော်ကြာနေ အအေးမိလိမ့်မယ်၊
နင့်ရဲ့အိပ်မက်ကလည်း အဲဒါကိုပဲသတိပေးနေတာလို့
သူ့ရဲ့အမေကပြောတယ်။
သူ့ရဲ့မိန်းမကတော့ ဘာမှမပြောဘူး။
အဲသလောက်အန္တရာယ်များတဲ့ အိပ်မက်အကြောင်းကို
သူကလည်းသူ့မိန်းမကို ပြောမပြရဲဘူး။

ဖဲလစ်(က်စ်)ပိုလာ့ခ်
မောင်ဒေး-မြန်မာပြန်

(သြစတြီးယန်း-အမေရိကန်ကဗျာဆရာ Felix Pollak The Dream ကိုပြန်ဆိုပါသည်။)

Thursday, April 24, 2014

တောစကားတောင်စကား


တောင်စိမ်းစိမ်းတွေပေါ်မှာ ဘာကြောင့်နေရတာလဲလို့ မင်းငါ့ကိုမေးလာတဲ့အခါ
ငါတိတ်တိတ်ကလေး ရယ်မယ်။ ငါ့ရဲ့စိတ်ဝိညာဉ်က ကြည်လင်ငြိမ်းချမ်းတယ်။
မက်မွန်ပွင့်ဟာ ရေစီးအတိုင်းမျောပါသွား။ လူ့လောကရဲ့အလွန်မှာ
နောက်ထပ် ကောင်းကင်နဲ့မြေကြီး တည်ရှိတယ်။

လိပို
မောင်ဒေး-မြန်မာပြန်

(တရုတ်ကဗျာဆရာ Li Po (701-762 AD) Conversation in the Mountains ကိုပြန်ဆိုပါသည်။)

Friday, April 18, 2014

ငှက်သိုက်


ငှက်တွေဟာ ကျွန်မရဲ့ရင်ခွင်ထဲမှာ၊
ကျွန်မရဲ့ပခုံးတွေပေါ်မှာ၊ ကျွန်မရဲ့ဒူးခေါင်းတွေနောက်မှာ
အသိုက်ဆောက်ပြီးနေကြတယ်။
ကျွန်မရဲ့ရင်နှစ်မွှာကြားမှာတော့ ငုံးတွေရှိတယ်။
ကျွန်မကို သစ်ပင်လို့ပဲ ထင်ကြလို့ဖြစ်မယ်။
ငန်းတွေကျပြန်တော့ ကျွန်မကိုရေပန်းတစ်ခုလို့ ထင်ကြတယ်။
ကျွန်မစကားပြောတဲ့အခါ သူတို့အားလုံးဆင်းချလာပြီး ရေသောက်တယ်။
သိုးတွေကလည်း ကျွန်မရဲ့ကိုယ်ပေါ်ကနေ ဖြတ်လျှောက်ပြီး၊
စာကလေးတွေက ကျွန်မရဲ့လက်ချောင်းတွေပေါ်မှာနားကာ
အစာစားကြတယ်။ ပုရွက်ဆိတ်တွေက ကျွန်မကို မြေကြီးလို့ထင်တယ်။
ယောက်ျားတွေကတော့ ကျွန်မကို အလကားပဲတင်းလို့ပဲမှတ်တယ်။

ဂလိုရီယာ ဖွားတက်စ်
မောင်ဒေး-မြန်မာပြန်

(စပိန်ကဗျာဆရာမ Gloria Fuertes Birds Nest ကိုပြန်ဆိုပါသည်။)

Wednesday, April 16, 2014

ဘော့ဘ်ပရဲလ်မန်းရဲ့ကဗျာနှစ်ပုဒ်


အခန်း

စကားလုံးတွေဟာ သူတို့ကိုယ်သူတို့ ဖော်ပြကြတယ်။
တိုက်ရိုက်အနက်ကောက်ရင် သူတို့အားလုံးအမှန်ချည်းပါပဲ။
တစ်မိနစ်တစ်ခါ စက်ဝိုင်းတစ်ခုပေါ်လာပြီး
လမ်းတစ်ဝက်မှာတင် သူ့ကိုယ်သူပြန်တွေ့သွားတယ်။

Lockerဟာ အတွင်းကနေ
သော့ပိတ်တယ်။ “ငါ”ဆိုတာ
ဟောဒီအကျဉ်းကျမှုကနေ မွေးဖွားပေးလိုက်တဲ့
ဧရိယာကျယ်ဝန်းတဲ့ စကားဖန်တစ်ခုသာဖြစ်ပါတယ်။

ပဲ့တင်သံတွေဟာ ငါ့ရဲ့အခန်းဖြစ်တဲ့
မြောက်အမေရိကကို ဖြတ်သန်းသွားကြတယ်။
နားက ချက်ချင်းနီးပါး ကြားတယ်။
လမ်းတွေပေါ်မှာတော့ စက်ယန္တရားတွေက

မဟုတ်စက်ယန္တရားတွေရဲ့ အတွေးကို
အများသိအောင်ကြေညာလိုက်တယ်။ ဟောဒီ
အရာဝတ္ထုတွေမှာ လတ်တလော
ဘာမှမပြောဘဲနေခွင့်ရှိပါတယ်။

ဖွင့်ထားတဲ့တံခါးရဲ့အလင်းရောင်ထဲမှာ
ဖောင်တိန်ဟာလက်နဲ့ နပန်းလုံးလျက်။
အရာဝတ္ထုတွေဟာ
သူတို့မှာရှိရမယ့်အရွယ်အစားအတိုင်း ရှိနေကြတယ်။

ဘော့ဘ်ပရဲလ်မန်း
မောင်ဒေး-မြန်မာပြန်

(အမေရိကန်ကဗျာဆရာ Bob Perelman Room ကိုပြန်ဆိုပါသည်။)


ဘော့ဒလဲ၊ယ်၊သို့

ခေါင်းဟာ ခန္ဓာကိုယ်ရဲ့သားရဲတွင်း။
အရှေ့ဘက်ကိုတော့ မသိမသာထွက်ချင်ထွက်နေမယ်။
အဲဒီကင်းကွာချက်တွေကို အခွင့်ကောင်းယူပြီး
စကားလုံးတွေဟာ မူးယစ်စေတဲ့ငြီးငွေ့ဖွယ်ရာဖြစ်မှုအတွက်

သေခြင်းကင်းတဲ့လိုအပ်ချက်ကို တုန့်ပြန်လိုက်တယ်။
ခန္ဓာကိုယ်ဟာ စိတ်ရဲ့ဆန်ခါ။
မြတ်နိုးတွယ်တာရပါသောကြေကွဲမှုဖြစ်တဲ့ ရေဟာ
အနီရောင်ရေခဲတုံးတစ်တုံးပေါ်ကနေ တစ်စက်ချင်းစီယိုစီးပြီး

စာရေးသူနဲ့စာဖတ်သူတို့က အတင်းအဓမ္မ စွဲလန်းဖက်တွယ်ထားတဲ့
ရေမွှေးနံ့ထုံသင်းသော ပျောက်ဆုံးသုခဘုံပေါ်ကို ကျသွားတယ်။
ထူးခြားဆန်းကျယ်တဲ့ ရောင်ခြည်စက်ဝန်းတွေဟာ
သူတို့ကိုယ်သူတို့ ကြာပွတ်နဲ့ပြန်ရိုက်နေတဲ့ ကိုယ်လုံးတီး

ကျွန်တွေရဲ့ခေါင်းမှာ ဝါဝင်းတောက်ပနေကြတယ်။
ကမ္ဘာလောကသစ်ဟာ
ကမ္ဘာလောကဟောင်းရဲ့ ခေါင်းမပါတဲ့ကိုယ်လုံးကြီးပေါ်မှာ
လွင့်မျောနေတဲ့ပုံရုပ်တွေကိုတော့ဖြင့်

သည်းခံပေးနိုင်စွမ်းရှိဖို့ လိုပါတယ်။
ဟောင်းလောင်းကြီးဖြစ်နေတဲ့အပေါက်တစ်ခုကို စိုက်ကြည့်နေမိတာမို့
ငါ့ကိုယ်ငါတောင် အံ့အားသင့်မိတယ်။
ငါမှာခဲ့တာက ပန်းတွေပါ။”

ဘော့ဘ်ပရဲလ်မန်း
မောင်ဒေး-မြန်မာပြန်

(အမေရိကန်ကဗျာဆရာ Bob Perelman To Baudelaire ကိုပြန်ဆိုပါသည်။)

Wednesday, April 9, 2014

ရေဖြစ်ခဲ့တဲ့မိန်းမ


ရေဖြစ်ခဲ့တဲ့မိန်းမဟာ
အိမ်ခန်းရဲ့အစပ်မှာနေထိုင်တယ်၊
ဘယ်အချိန်ဆုတ်ခွာသွားရမယ်ဆိုတာ သိတယ်။

ရေဖြစ်ခဲ့တဲ့မိန်းမဟာ
ဘရွတ်ကလင်းကိုရောက်လာတယ်၊
မြေအောက်ခန်းတွေကို ရေကြီးပစ်လိုက်တယ်။

ရေဖြစ်ခဲ့တဲ့မိန်းမ
ပြန်သွားတဲ့အခါ
သူ့ချစ်သူတွေ သန့်သန့်စင်စင်ကျန်ခဲ့တယ်။

ရေဖြစ်ခဲ့တဲ့မိန်းမက အခိုင်အမာပြောတယ်၊
လူတွေကသူ့ကို နားမလည်ဘူးတဲ့။
ရေဖြစ်ခဲ့တဲ့မိန်းမဟာ သူ့ကိုယ်သူ မြူနှင်းလို၊ မိုးပုလဲမနက်ခင်းတစ်ခုလို၊

မွှေးအီသောခရမ်းပွင့်မြူခိုးလို နူးညံ့သူအဖြစ်မြင်တယ်။
ဒါ့ကြောင့်မို့ ကျောက်စရစ်ခဲတွေကို ခပ်ပြင်းပြင်း သူထုရိုက်တဲ့အခါ၊
အုတ်မြစ်တွေကို တတိတိ ကိုက်ဖောက်စားတဲ့အခါနဲ့၊

ရေပိုက်တွေကိုဖောက်ခွဲပစ်တဲ့အခါတွေမှာ
တကယ်တော့ သူ့ရဲ့အချစ်ကိုကမ်းလှမ်းချင်တာပါတဲ့။
လူတွေကအဲဒီအချစ်ကို ဘာကြောင့်များမလိုချင်ကြတာလဲ။

ရေဖြစ်ခဲ့တဲ့မိန်းမဟာ
မဝေဖန်မပိုင်းခြားတတ်ပါဘူး။
သူသိတာသုံးခုပဲရှိတယ်။

လူတွေက သူ့ကို ဥပဒေထုတ်ပြီးနှိမ်နင်းလို့မရဘူး၊
သူဟာအန္တာရာယ်မရှိပါဘူးလို့လည်း ကြေညာချက်ထုတ်လို့မရဘူး၊
သူမရှိဘဲနဲ့လည်း လူတွေအသက်ရှင်လို့မရဘူး။

ရေဖြစ်ခဲ့တဲ့မိန်းမဟာ
မြို့တစ်မြို့ကို မီးအလင်းပေးနိုင်သလို
ရေအောက်ရောက်သွားအောင်လည်း လုပ်နိုင်တယ်။

အင်းနစ်ဒ်ဒိမ်း
မြန်မာပြန်-မောင်ဒေး

အမေရိကန်ကဗျာဆရာမ အင်းနစ်ဒ်ဒိမ်း(Enid Dame)ရဲ့ The Woman Who Was Water
ကဗျာကိုပြန်ဆိုထားတာဖြစ်ပါတယ်။ ဒိမ်းကို ၁၉၄၃ ခုနှစ်၊ ဂျွန် ၂၈ ရက်နေ့မှာမွေးပြီး City College of New York ကနေအမ်အေဘွဲ့၊ Rutgers University ကနေ ပီအိပ်ခ်ျဒီဘွဲ့တို့ရခဲ့တယ်။ On the Road to Damascus, Maryland, Lilith and Her Demons, Anything You Don't See, Jerusalem Syndrome စတဲ့ကဗျာလုံးချင်းတွေရေးခဲ့ပြီး Bridges ဆိုတဲ့ ဂျူး Feminist မဂ္ဂဇင်းကိုတွဲဖက်အယ်ဒီတာအဖြစ် လည်းကောင်း၊ Home Planet News စာပေစာစောင်ကို ခင်ပွန်းဖြစ်သူဒေါ်နယ်လ်လက်ဗ် (Donald Lev) နဲ့တွဲဖက်ပြီးလည်းကောင်း တည်းဖြတ်ခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဟာ ပို့(စ်)ဘိ(ထ်)(Post-Beats) ကဗျာသမားများအဖြစ်သတ်မှတ်ခံရတယ်။

Saturday, April 5, 2014

“ရုပ်ရှင်ကဗျာများ” မှ


David Lynch Inland Empire

ပန်းဆိုးတန်းတံတားပေါ်တွင် သောင်တင်နေသည့်သင်္ဘောကို
ကမ်းလေမမြင်သောအရပ်သို့ ပို့လိုက်ပါ။
ရန်ကုန်ဆေးရုံကြီးပေါ်မှ ပန်းကန်ပြားပျံကို
ဗိုလ်အောင်ကျော်လမ်းဘက်အထိ မောင်းယူလာခဲ့ပါ။
ရဲသားများသည် ကျောင်းတွင် သူရဲကောင်းများဖြစ်၍
အပြင်လောကတွင် ယုန်တွင်းများဖြစ်သည်။
လူစကားပြောသောယုန်များသည် ကျောင်းတွင် ပညာရှိများဖြစ်၍
အပြင်လောကတွင် ခိုစားသောပြောင်းစေ့များဖြစ်သည်။
ခိုများသည် ကျောင်းတွင် အနာဂတ်၏ခေါင်းဆောင်များဖြစ်၍
အပြင်လောကတွင် ကိုယ်ပျောက်ဝိဇ္ဇာများဖြစ်သည်။


Sam Raimi The Evil Dead

ရေတံလျောက်ပေါ်တွင်ပြေးနေသော ကြွက်များသည်
မုန့်စားဆင်းလာသော ကျောင်းသားများနှင့်တူ၏။
လမ်းပေါ်တွင်မီးစွဲလောင်နေသော Probox ကားများနှင့်တူ၏။
ကျောင်းစာအုပ်တို့ အလိုလိုပွင့်သွားပြီး
မြေအောက်ခန်းထဲတွင် အိပ်ပျော်နေသော တစ္ဆေများနိုးလာသည်။
ကျွန်တော်တို့အိမ်မှ ခွေးကလေးစိန်စိန်သည်
ခြံဝသို့စိုက်ကြည့်၍ တစ်နေ့လုံးတအီအီလုပ်နေခဲ့သည် ဆို၏။
ကျောင်းဆင်းသောအခါ ကျွန်တော်လည်းအိမ်ပြန်လာ၍
အသီးမသီးသောအိမ်ကအုန်းပင် အသီးသီးပါစေကြောင်းဆန္ဒပြုပြီး
၎င်း၏ပင်စည်တွင် ငါးမူးစေ့ကို သံနှင့်ရိုက်ထည့်လိုက်သည်။


Spike Jonze Her

ကျွန်တော်နှင့် ကျွန်တော်၏တရုတ်နိုင်ငံလုပ် စမတ်ဖုန်းတို့
တစ်ယောက်ကိုတစ်ယောက် အသည်းအသန်ချစ်မိကြသည်။
ချစ်မိလျှင် ပို၍ပိုင်ဆိုင်ချင်သည်။ ပိုင်ဆိုင်မိလျှင် ပို၍ချစ်ချင်သည်။
လောကကြီးသည် ဖြေရခက်သော မေးခွန်းများနှင့်ပြည့်နေ၏။
သို့ပေမယ့် ထိုမေးခွန်းတို့၏အဖြေကို ကျွန်တော်မသိချင်ပါ။
သိလိုစိတ်သည် ပညာတတ်တို့၏ ဘိန်းဖြစ်သည်။
ဟိုတလောဆီက မုတ်သုံလေထံမှစာလာသည်။
ဒီနှစ် သူမလာနိုင်ဟုဆို၏။ ဒါကိုလည်း ကျွန်တော်ဂရုမစိုက်ပါ။
အဲဒါငါ့စောက်လုပ်မဟုတ်ဘူးဟဲ့ဟု စာပြန်ရေးလိုက်သည်။

Friday, March 7, 2014

စည်း


ဟိုဘက်ကမ်းကို ငါသွားချင်တယ်

မြစ်ရေဟာ ကောင်းကင်ရဲ့အရောင်ကို ပြောင်းလဲပစ်တယ်
ငါ့ကို ပြောင်းလဲပစ်တယ်
ရေစီးကြောင်းထဲမှာ ငါရှိနေတယ်
ငါ့ရဲ့အရိပ်ဟာ မိုးကြိုးပစ်ခံရတဲ့ သစ်ပင်တစ်ပင်လို
မြစ်ကမ်းနံဘေးမှာ မတ်တပ်ရပ်လျက်

ဟိုဘက်ကမ်းကို ငါသွားချင်တယ်

ဟိုဘက်ကမ်းက သစ်ပင်တွေထဲမှာ
မျက်ကလူးဆန်ပျာဖြစ်နေတဲ့ တစ်ကောင်ထီးတည်း ခိုငှက်
ငါ့ဆီပျံသန်းလာတယ်


ပေတောက်
မြန်မာပြန်-မောင်ဒေး

(တရုတ်ကဗျာဆရာ Bei Dao ရဲ့ The Boundary ကိုပြန်ဆိုပါတယ်)

Saturday, March 1, 2014

ဘော့ဘ်ဟိုးလ်မန်းရဲ့ကဗျာလေးပုဒ်


မျက်မှောက်ခေတ် ချစ်သူတွေ

တို့နှစ်ယောက်ရဲ့ပတ်သက်မှုကို အသက်ဆက်ဖို့အတွက်
တို့တတွေ နောက်ထပ်မတွေ့ဘဲ နေကြရအောင်
(Modern Lovers)


ငါနေ့စဉ်လုပ်တဲ့ ကိစ္စဆယ်ခု

မိမိကိုယ်ကို သတ်သေခြင်း
(10 Things I Do Everyday)


မျက်လုံး

ရင်ဘတ်ထဲကနေ
မင်းကိုမျက်စိမှိတ်ပြနေတယ်
(Eye)


မြေလူးငှက်တစ်ကောင်ကို တစ်မျိုးတစ်ဖုံရှုမြင်နည်း

အဲဒါ ဘာမြေလူးငှက်မှမဟုတ်ဘူး
အဲဒါ ပြတင်းပေါက်တစ်ခုနဲ့
အုတ်ခဲသေးသေးလေးတစ်ခုပဲ
(One Way of Looking at a Blackbird)

ဘော့ဘ်ဟိုးလ်မန်း
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Bob Holmanရဲ့ကဗျာလေးပုဒ်ကို ပြန်ဆိုပါတယ်)

Friday, February 28, 2014

ခရီး


အရိပ်က ရေသောက်နေတယ်
အလင်းရောင်ပြုတ်ကျသွားခြင်းက
အရုဏ်ဦးကို ဆွဲဖွင့်ချလိုက်တော့
ရယ်မောခြင်းဟာ အလင်းရောင်ကို လိုက်ပြီးတုပတယ်

အဲဒီခရီးအတွက်သယ်လာခဲ့တဲ့ စာအုပ်တွေဟာ
အဲဒီခရီးကြောင့်ပဲ အိုမင်းကုန်ကြ
အဲဒီစာအုပ်တွေရဲ့ရေးသူနာမည်တွေဟာ
အဲဒီခရီးကြောင့်ပဲ အမည်မသိစာဆိုရယ်လို့ဖြစ်လာကြ
ပြဇာတ်စင်မြင့်ရဲ့ နောက်ခံရှုခင်းကားထဲ ဝင်လာတဲ့မြင်းက
နောက်ကိုပြန်လှည့်ကြည့်တယ်

ခင်ဗျား အခုဆိုက်ရောက်လာတာ
အဲဒီလူကိုမွေးခဲ့တဲ့ နေရာပေါ့

ငါးတွေက မြို့ကို ရေအောက်ကနေ မော့ကြည့်တယ်
ရေအောက်ထဲမှာတော့ အသစ်တပ်ထားတဲ့ ငါးစာတွေနဲ့အတူ
ဘယ်လိုမှကိုသည်းခံလို့မရတဲ့ ကျောက်ဆူးတစ်လက်

ပေတောက်
မြန်မာပြန်-မောင်ဒေး

(တရုတ်ကဗျာဆရာ Bei Dao ရဲ့ Travel ကိုပြန်ဆိုပါတယ်)

Friday, February 21, 2014

ရွက်ကြွေရာသီ ရဲရင့်မှု၊ ၁၉၃၂


ကျားသစ်ကွက်တောကြောင်














ဆရာဝန်လေးတစ်ယောက်ဟာ ငါတို့ရဲ့သစ်သားမြို့တော်ဆီ ရဲရင့်မှုတစ်ချို့ယူလာတယ်။

ညဘက်တွေမှာ အိပ်မက်ထဲ နာကျင်စွာထည့်မက်ခဲ့ရသမျှ မယုံနိုင်စရာအကုသိုလ်ကိစ္စအားလုံးကို ငါတို့အခု လုပ်ကိုင်နိုင်ပြီ။

ငှက်တစ်ကောင်က လျှို့ဝှက်ဂူတစ်ခုထဲလမ်းလျှောက်ဝင်သွားပြီး သရဲတွေရဲ့ဆံပင်ကိုလိုက်ကောက်တယ်။

တစ်စုံတစ်ယောက်က သူ့ကိုယ်သူ အဆုံးစီရင်တယ်။

လှလိုက်တာနော်”လို့ သူတို့ပြောကြတယ်။

ငါမင်းကို ရူးနေတဲ့နှင်းဆီကျွေးလိုက်တယ်။

ကျားသစ်ကွက်တောကြောင်နှစ်ကောင်ရဲ့မင်္ဂလာဆောင်မှာ ငါဟာသတို့သားအရံ။

ရွက်ကြွေတဲ့ရာသီဆို ရေကန်နံဘေးကရဲရင့်တဲ့မြို့မှာ လုပ်ဖူးပြီးသားဘာမဆို လုပ်လို့ရတယ်။

ဒန်အိုင်းဗက်ခ်
မြန်မာပြန်-မောင်ဒေး

(Dan Ivec ရဲ့ Autumn Courage, 1932 ကိုပြန်ဆိုပါတယ်)

Tuesday, January 21, 2014

ဂျမီးကာလီရဲ့ကဗျာနှစ်ပုဒ်


ဆင်တစ်ကောင်ရဖို့ဆုတောင်း

ကောင်လေးတွေရဲ့ သွေးထဲကမိုးရေကို စုပ်ယူမြိုချဖို့
မုန်တိုင်းထန်နေတဲ့တူးမြောင်းတွေဘက် ငါသူတို့ကိုခေါ်သွားတယ်။

အရိပ်တွေက ငါတို့ရဲ့သစ်တောအောက်ခြေမှာ ဖြန့်ကျက်ရွေ့လျား၊
ပြီးတော့ ရွံစရာကောင်းတဲ့ရွတ်ဖတ်သရစယ်သံတွေက

ဟောင်းနွမ်းဝါကျင့်နေတဲ့ အဲဒီနေလုံးကြီးကို ဆုတ်ဖြဲပစ်လိုက်တာများ
ကာလတရားကိုခြေမွပစ်နေတဲ့ နားဝင်ချိုလွင် ဆင်ဖိုနီလက်ချောင်းတွေလိုပဲ။

သွားရည်တများများကျနေတဲ့ အမဲလိုက်ခွေးတစ်ကောင်ဟာ
နင့်လို အရက်မူးနေတဲ့သူငယ်ချင်းမျိုးကို ဘုရားလိုမကိုးကွယ်ဘဲ မနေနိုင်ပါဘူး။

ဂျမီးကာလီ
မြန်မာပြန်-မောင်ဒေး


ပူတဲ့နေ့တွေ

ရေပိုက်ခေါင်းဆီသူလျှောက်သွားပြီး မီးခြစ်ဆံတစ်ချောင်းကို ခြစ်လိုက်တယ်။

မီးတောက်တစ်ခုဟာ လေမှုတ်မီးလို ဟုန်းကနဲပန်းထွက်လာတယ်။

သူ့ရဲ့ညာဘက်လက်မောင်းမွေးတွေ ရှဲကနဲပါသွားတယ်။

ကဲ၊ တို့ဘာလုပ်ကြမလဲ” လို့

သူ ကျွန်မကိုမေးတယ်။

ကျွန်မ ပခုံးပြန်တွန့်ပြလိုက်တယ်။

ဂျမီးကာလီ
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာမ Jami Kali ရဲ့ Elephant Wish နဲ့ Hot Days ကဗျာတို့ကိုပြန်ဆိုပါတယ်)