Tuesday, November 4, 2014

ရုပ်ရှင်ကဗျာ ၁၊ ၅၊ ၆


ရုပ်ရှင်ကဗျာ ၁

တစ်မြို့လုံးရှိ မီးလုံးများ၊ မီးချောင်းများ တစ်ခုချင်းစီ
ပိတ်သွားသည်။ ဘဝကိုငြီးငွေ့နေသူ လူငယ်တို့သည်
လမ်းပေါ်ထွက်လာကြပြီး အများသုံးရေကန်ထဲသို့
အမ်ဖီတမင်းဖျော်ရည်ဂါလံနှစ်ဆယ်ကို လောင်းထည့်လိုက်သည်။
ကန်ထဲမှငါးတို့ကိုဖမ်းကာ ကန်ပေါင်ပေါ်၌ပင် ကင်စားလိုက်ကြသည်။
ဘေးချင်းကပ်မြို့တွင် မီးများလင်းနေပြီး ၄င်းကို “ကြတ်ကုန်း”ဟုခေါ်သည်။
အမှောင်ကိုကြောက်သူတို့သည် အမှောင်ထဲတွင် လေချွန်တတ်ကြသည်။
သူတို့၏လေချွန်သံကိုပြန်ကြားကာ ပို၍ကြောက်သွားတတ်ကြသည်။
လေးကောင်ဂျင်ဝိုင်းတွင် ယောက်ျားမိန်းမတို့ ကြိတ်ကြိတ်တိုးနေ၏။
မြင်ကွင်းများထဲတွင် မီးလောင်နေသောပွဲဈေးတန်းက အလှဆုံးဖြစ်၏။
ဤကဗျာသည် အင်တာနက်လို၊ မူးယစ်ဆေးဝါးလို၊ ကော်ဖီနှင့်စီးကရက်လို
သင်၏စိတ်နှင့်ရုပ်ကို ထိခိုက်စေနိုင်ပါသည်။

(David Fincher Fight Club)




ရုပ်ရှင်ကဗျာ ၅





ကျွန်တော် အိပ်ရာမှထသည်၊ မျက်နှာသစ်သည်၊
 

အဝေးကြည့်မှန်ပြောင်းကို ကောက်ကိုင်သည်၊ အိပ်ရာမှထသည်။


လေနုအေးသည် လမ်းကြားထဲမှခွေးသားအမိကို အဝတ်လဲပေး၏။


နောက်ဖေးအိမ်မှမိန်းကလေးသည် မိကျောင်းအရေခွံကိုချွတ်၍


ဖွတ်အရေခွံကိုလဲဝတ်၏။ ကျွန်တော်တို့၏ရပ်ကွက်သည် ကမ္ဘာ၏


အလယ်တည့်တည့်တွင် ရှိပါသည်။ ကျွန်တော်တို့ရပ်ကွက်၏ဆောင်ပုဒ်--


ကျွန်ုပ်တို့၏မိတ်ဆွေများအဆင်ပြေလျှင် ကျွန်ုပ်တို့ဝမ်းနည်းသည်”


ခရုသင်းစွဲနေသောဆင်ကိုတော့ ဆင်ဖြူတော်ဟုခေါ်သည်။


ခယ်မရော၊ မရီးရော လိုက်ပွဲဖြစ်သည်ဟု အရပ်ထဲမှငနဲများကဆို၏။


လွန်ခဲ့သောငါးရက်လောက်က ခိုးရာလိုက်သွားသောစုံတွဲသည်


Melody World အစီအစဉ်တွင် ပြန်ပေါ်လာခဲ့သည်။


(Alfred Hitchcock Rear Window)


ရုပ်ရှင်ကဗျာ ၆

မှန်ကြည့်သောသူများကို ကြည့်မှန်ကမြင်သည်။
မှန်ပေါ်မှသနပ်ခါးစက်တို့ကို တံတွေးနှင့်ဖျက်သော်လည်း
အပွေးကိုမမြင်ခဲ့သူမှာ အပင်ကိုမသိချေ။
ရေချိုးဇလုံ၏ဆဲလ်ကိုယူ၍ ရေချိုးဇလုံနောက်တစ်ခုကို
ပြုလုပ်၍မရပါ။ မှန်တစ်ခါကြည့်တိုင်းသာ
ဆပ်ပြာမြှုပ်တို့၏အောက်သို့ ဝါးတစ်ပြန်စာနစ်ရသည်။
လက်မကြီးတစ်ခုသည် ဓါတ်ပုံပေါ်မှ မိသားစုဝင်တို့၏မျက်နှာကို
အကြိမ်ကြိမ်ပွတ်၍ ဖျက်၏။ အမှန်တကယ်အသက်ရှင်ခဲ့သူကော၊
မှန်ထဲ၌သာ အသက်ရှင်ခဲ့သူပါ နောက်ဆုံးတွင်သေကြရသည်။
မည်သို့ပင်ဆိုစေ သေသူ၏အုတ်ဂူကို မလေးမစားမပြုလုပ်အပ်ပါ။

(Yojiro Takita Departures)

မောင်ဒေး

No comments:

Post a Comment