သဲနွံအိုင် ပျောက်ကွယ်သွားပြီ။ မသိရင် ကမ္ဘာအနှံ့ရွှေ့ပြောင်းဖယ်ရှားရေးစီမံကိန်းတစ်ခုက
သူ့လုပ်ငန်းကိုအပြီးသတ်လိုက်တဲ့အတိုင်းပဲ။ သဲနွံအိုင် ဘယ်ရောက်သွားပြီလဲ။
သဲနွံအိုင်တစ်ခုထဲမှာကျွံ့ဝင်နေရမယ့်အဖြစ်ကို ငါငယ်ငယ်ကတည်းကကြောက်ခဲ့တာပဲ။
တောကြီးမျက်မည်းထဲမှာငါတစ်ယောက်တည်း၊ ပြီးတော့ဘာလုပ်ရမယ် ဘာမလုပ်ရဘူး ဆိုတာကိုဗျာများပြီးစဉ်းစား။ အတင်းကာရောရုန်းထွက်ရင်လည်း သဲနွံထဲပိုပြီးနစ်ဝင်ဖို့ပဲရှိ မယ်။အနီးပတ်ဝန်းကျင်မှာ ဟိုဒီသွားလာနေတဲ့ဒေသခံတိုင်းရင်းသားတစ်ယောက်တစ်လေ ရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အော်ဟစ်အကူအညီတောင်းဖို့ဆိုတာကလည်း အသုံးမတည့်
လှတဲ့ကိစ္စ။ အဲဒီတိုင်းရင်းသားက မျှားသေးသေးလေးတွေကို မှုတ်ပြောင်းနဲ့မှုတ်ပြီးတိုက်ခိုက်
တတ်တဲ့ မျိုးနွယ်ကဖြစ်ချင်ဖြစ်နေမှာ။ ငါ့တစ်ကိုယ်လုံးထုံကျင် သွက်ချာပါဒလိုက်ပြီးတဲ့အခါ
ကျတော့ သူကငါ့ကိုနွံတောထဲကဆွဲထုတ်ပြီး ငါ့ခေါင်းကိုဘေ့စ်ဘောတစ်လုံးအရွယ်လောက်
ကျုံ့သွားအောင် လုပ်ပစ်မှာ။ မဖြစ်သေးဘူး၊ တိတ်တိတ်ကလေးနဲ့စိတ်အေးအေးထားနေတာ
က ပိုကောင်းမယ်။စိတ်အေးအေးထားတော့ ရုပ်ရှင်ထဲမှာကြည့်ဖူးတဲ့ပညာရှင် တစ်ယောက်
ပြောတာကို သွားအမှတ်ရမယ်။အဲဒီပညာရှင်ရဲ့အဆိုအရ တစ်ခုတည်းသောလွတ်မြောက်ရာ
လမ်းဟာ ငါရေကူးနေပါလားလို့မြင်ယောင်ကြည့်ခြင်းပဲတဲ့။ ဒါပေမယ့် ဘယ်နေရာမှာကူးရမယ်
ဆိုတာကိုတော့ သူကပြောမသွားဘူး။ ကော့ထ်ဒဲဇယူးရ်ကမ်းရိုးတန်းမှာကူးရမှာလား။ မြောက် အတ္တလန္တိတ်မှာကူးရမှာလား။ အဲဒီကရေမည်းမည်းကြီးတွေရဲ့အောက်ခြေကိုတော့ တိုက်တန်း နစ်သင်္ဘောကြီးလျှောဆင်းသွားခဲ့ဖူးတယ်။ ဒါမှမဟုတ် ငါငယ်စဉ်ကအော်ဟစ်ရယ်မောဆော့
ကစားခဲ့တဲ့ ပြည်သူပိုင် စိမ်းပြာရောင်ရေကူးကန်မှာ ကူးရမှာလား။
ဒါပေမယ့် အခုဒီကိစ္စအတွက် သောကရောက်စရာမလိုတော့ဘူး။ သဲနွံအိုင်ပျာက်ကွယ်သွား
ပြီလေ။မသိရင် သူ့ကိုယ်သူပြန်မြိုသွားသလား အောက်မေ့ရတယ်။။
ရွန်ပတ်ဂျစ်ထ်
မြန်မာပြန်-မောင်ဒေး
(အမေရိကန်ကဗျာဆရာ Ron Padgett ရဲ့ Quicksand ကဗျာကိုပြန်ဆိုပါတယ်)

No comments:
Post a Comment