Thursday, February 14, 2013

အိုဟားရား


ဓါတ်လှေကားလုံခြုံရေးဟာ တိုက်ခန်းထဲဝင်လာတဲ့ဖုတ်ကောင်ကို ငုံ့ကြည့်တယ်။
ပြီးတော့သူမြင်တာကို မြင့်သန်းဝတ္ထုထဲကလေသံနဲ့ ပြန်ပြောပြတယ်။
ဂျေမီက ယာဉ်တိုက်မှုဖြစ်ပွားနှုန်းတွေကိုရွတ်နေတယ်။
သူ့ရဲ့ကုတင်အောက်ကတယ်ရီယာခွေးဟာ
မန္တလေးမြေဈေးကွက်ကို သူ့စိတ်ကြိုက်ကစားတယ်။
ကြယ်ငါးပွင့်ဟော်တယ်တွေဟာဂင်္ဂါမြစ်လို လူသေတွေကိုမျှောတဲ့နေရာဖြစ်ပြီး
ဇင်ယော်တွေက “မြန်မာ၊ မြန်မာ” လို့ အသံသေးသေးကလေးတွေနဲ့အော်ကြတယ်။
မြစ်တွေမှာမျက်လုံးကိုယ်စီရှိတာမို့ လူတွေအားလုံးပျာ်ကြတယ်။


မီးပြတိုက်ထိပ်ကဆလိုက်မီးဟာ ဇီးကွက်ရဲ့မာကျူရီမီးလုံးဖြစ်တယ်။
မမြင်နိုင်တာကို ဖောက်ထွင်းမြင်ရတဲ့ဟာမျိုးပဲ။
သူ့ကိုပိုးကောင်မျိုးစုံက ဝိုင်းအုံစားသောက်တယ်။
ပျားရည်သုတ်ထားတဲ့ချာတိတ်မဟာ သူရဲ့ပေါင်ကိုမထိတထိဟလိုက်တယ်။
အလှည့်ကိုစောင့်မနေတော့ဘဲ အဲဒီသက်တံထဲမှာငါ့ကိုယ်ငါအတင်းဝင်နှစ်လိုက်တယ်။
ကြက်ဖဘယ်ရောက်နေလဲလို့ဂျေမီကမေးတယ်။ “အော်၊ မင်းလည်းပါသကိုး”လို့
ဆီဇာကဘရူးတပ်စ်ကိုပြောတယ်။ အရှိန်နဲ့မျောလာတဲ့ဒိုက်ပုံကို
မေယု()လမ်းနားကပေါင်းကူးတံတားလည်း မဟန့်တားနိုင်ဘူး။

မောင်ဒေး
၁၅ ဖေဖော်ဝါရီ ၂ဝ၁၃

Monday, January 28, 2013

ABBA


       –ဘရက်ဂုခ်ျအတွက်

ပါတီကိုသွားတဲ့လမ်းမှာ ဘိန်းဖြူကို
ငါတို့အကုန်ရှုပစ်လိုက်တယ်။
အယ်လ်ဘမ်အသစ်ကိုငါတို့ယူလာတယ်။
အယ်လ်ဘမ်အသစ်ကိုဖွင့်ပြီး ငါတို့ကတယ်။

လင်ချယ်လှယ်တာခံရတဲ့မိန်းမနှစ်ယောက်
အဲဒီအဖွဲ့မှာပါတယ်။
သူတို့က ငါတို့ရဲ့ဘာသာစကားကိုမသိဘူး။
ဝဏ္ဏသံတိုင်းဟာ အတားအဆီးပဲ။

အဲဒီမိန်းမနှစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို
ကြွေနေတယ်။ ဟိုလူက အခြားတစ်ယောက်ကိုဖီးလ်လာတယ်။
ဒါပေမယ့် ကိစ္စမရှိဘူး။ သူတို့မလောပါဘူး။
တစ်သက်လုံးစောင့်ဆိုလည်း စောင့်ရုံပဲ။

ညဘက်သူတို့အပြင်ထွက်ပြီး
အတူတူအိပ်ဖို့ယောက်ျားရှာတဲ့အခါ
ဟိုလူကို အမြဲတမ်းရှာတွေ့နေမှာပဲ။
သူတို့ကကျားတွေပဲလေ။

မိန်းမတစ်ယောက်နဲ့အိပ်ဖို့မဖြစ်နိုင်လောက်အောင်
ငါတို့ကပြဲကွဲနေပြီ။ လှုပ်မရတော့တဲ့အထိ ငါတို့ကတယ်၊
သီချင်းစာသားကိုနားထောင်တယ်၊ ငါတို့ရဲ့ပါးစပ်တွေက
ဘာသာစကားတစ်ခုလို အသံထွက်ကိုလိုက်ရွတ်နေတယ်။

သူတို့ရဲ့သီချင်းကြောင့် ငါတို့ခံစားရတာကို
ပြန်လည်ဖွင့်ဆိုပြဖို့ မဖြစ်နိုင်ဘူး။
စကားလုံးအားဖြင့်ပြောပြလို့လည်းမရဘူး။
ငါတို့ရဲ့ကကွက်တွေကတော့ မြင်သာအောင်ပြချင်ပြနိုင်မယ်။

ABBA ဟာသူတို့ရဲ့ဂီတအတွက်အသက်ရှင်တယ်။
ငါတို့ကတစ်ယောက်ကိုတစ်ယောက် တောင့်တတယ်။
ငါတို့ဘာတွေလုပ်နေတယ်ဆိုတာ သူတို့မြင်တယ်။
အဲဒီမြင်တာကို သူတို့ရဲ့ဓါတ်ပြားပေါ်တင်လိုက်တယ်။

သူတို့ကတီး၊ ငါတို့ကနားထောင်။
ငါတို့အားလုံးမြောသွားတယ်။
ငါတို့တကယ်ခံစားရတာဟာ တခြားလူတွေပြောပြတာထက်ပိုတယ်။
အဲဒါကို ABBA သိတယ်။

ဒဲန်းနစ္စကူးပါး
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Dennis Cooper ရဲ့ ABBA ကဗျာကိုပြန်ဆိုပါတယ်)

မှတ်ချက်။ ။ ABBA ဟာ ၁၉၇ဝ နဲ့ ၁၉၈ဝ နှစ်တွေမှာထင်ရှားခဲ့တဲ့ ဆွီဒင်ပေါ့ပ်ဂီတအဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်အမျိုးသားနှစ်ယောက်ဟာ အဖွဲ့ဝင်အမျိုးသမီးနှစ်ယောက်နဲ့အသီးသီးလက်ထပ်ခဲ့ကြပြီး အသီးသီး ကွာရှင်းခဲ့ကြပါတယ်။

Monday, January 21, 2013

ပတ္တရားမှာ စိုးလွင်လွင်ကိုနားထောင်ခြင်း


ငါဟာ ရှော့ပင်းစင်တာထဲက တိမ်မျှင်တန်း”
အဲဒါကိုမောင်စွမ်းရည်မရေးခဲ့ဘူး။ အသက်မပြည့်သေးတဲ့မိန်းကလးတွေဟာ ရည်ရွယ်မထားဘဲပေါ်ပေါက်လာတဲ့ လူနေအိမ်တန်းဖြစ်တယ်။
အိပ်ရာပေါ်မှာ ကိုယ်လုံးတီးလဲလျောင်းနေတဲ့ ပြည့်တန်ဆာမိန်းကလေးဟာ
အသက်မပြည့်သေးတဲ့ လွမ်းတေးတစ်ပုဒ်ဖြစ်တယ်။
ကမ်းရိုးတန်းဟာ ဆိုင်းဘုတ်ကိုမဖတ်တတ်ဘူး။ အချိုရှိတဲ့နေရာမှာ
လူရှိတယ်။ ငါမင်းကို ရေလိုဆက်ချစ်နေပေမယ့် အချစ်ကြောင့်
မိုးသားတွေအုံ့မှိုင်းမလာဘူး။
ဘော့ဘ်ဒီလန် ဒီမှာပျော်ခဲ့သလားဆိုတာ ကာလီဒါသလည်းမသိဘူး။
ရေနွေးပူနဲ့အပက်ခံရတဲ့ပုရွက်ဆိတ်အုံဟာ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေရဲ့
ဆန့်ကျင်ဘက်ဖြစ်တယ်။ အပူကိုဟိုတယ်ခန်းထဲကနေ ငါစောင့်ဖမ်းတယ်။
ကားတစ်စီးဖြတ်မောင်းသွားတယ်။ ကွန်ကရစ်တံတားဘောင်ကို
လရောင်အမှတ်နဲ့ဝင်တိုက်တယ်။ ယာဉ်မောင်းသူရဲ့ခံတွင်းဟာ
မင်းနန္ဒာကို Eဆေးပြားတစ်ပြားလိုငုံထားတယ်။

မောင်ဒေး
၂၁ ဇန်နဝါရီ ၂ဝ၁၃

Saturday, January 19, 2013

အကောင်းမြင်သမားပြန်လာတယ်


နွေ၊ မိုး၊ Facebook၊ ဆောင်း
ရာသီအလီလီပြောင်းတယ်။
ချောင်းထဲမှာ ရေမရှိတော့ပေမယ့်
မြောင်းထဲမှာ ဧဝရတ်တောင်ပေါ်ကနှင်းတွေ ဖွေးဖွေးလှုပ်။
ငါးကြီးဆီအသည်းနဲ့လုပ်ထားတဲ့ သောင်ပြင်ဟာ
အိပ်ရာတစ်မျိုးဖြစ်တယ်။ ဝင်ကစွပ်ကောင်တွေဟာ ငါ့သဲငါ့သောင်ပေါ်မှာ
အစုံအဆန်ပြေးလွှားကြရင်း ဘေယွန်းဆေးရဲ့ကြေးခေါင်းလောင်းကို
သူတို့ရဲ့အက်ဆစ်ကျင်ငယ်နဲ့ ဟောင်းလောင်းဖောက်ပစ်လိုက်တယ်။
Jay-Z စိတ်လှုပ်ရှားသွားတယ်။
အာကာသယာဉ်တစ်စင်းဝယ်မယ် တကဲကဲလုပ်နေတယ်။
ကောင်းကင်ပြာပြာမှာ ဧဝရတ်တောင်လောက်ကြီးတဲ့ မစင်ပုံကြီးကို
ဖြတ်ပြီးမောင်းနှင်သွားမတဲ့လေ။
တံငါသည်ရဲ့ပိုက်ကွန်ဟာ တောဝက်မရဲ့လိင်ပြွန်ဝဖြစ်တယ်။
ပွေးကွက်လိုဝိုင်းစက်နေတဲ့ ကျွန်းစုကို မထိတထိ
ဘယ်သူကြည့်မိသလဲ။ လမ်းပေါ်မှာ သွေးသံရဲရဲသေဆုံးနေတဲ့အရူးကို
ဝိညာဉ်ဖြူဖြူတွေဟာ ချီမ မသွားကြဘူး။
အကောင်းမြင်သူတွေရဲ့ ကနေ့ငွေကြေးဟာ ခွေးသေကောင်ဖြစ်တယ်။

မောင်ဒေး
၁၉ ဇန်နဝါရီ ၂ဝ၁၃



Monday, December 31, 2012

၁၉၆ဝနှစ်များပုံစံကဗျာ

အကောင်းဆုံးက ကိုယ်လုံးတီးအမျိုးသမီးတွေပဲ
ပြောင်းခင်းထဲမှာလည်း သူတို့ရှိတယ်၊ မြစ်ကမ်းနဘေးမှာလည်း သူတို့ပဲ
သူတို့ဟာကိုယ်လုံးတီးဖြစ်ပြီး လမင်းကအဝါရောင်ဖြစ်တယ်
ဆီးသီးပေါတဲ့ နွေရာသီဖြစ်တယ်
အဲဒီနောက်ဆောင်းဦးရာသီ၊ သူတို့ကို မြို့ထဲမှာငါတွေ့တယ်
ကော်ဖီဆိုင်မှာ၊ ပါတီပွဲမှာ၊ အရက်ဆိုင်မှာ၊ ပန်းချီပြပွဲဖွင့်ပွဲတွေမှာ
အဲဒီကိုယ်လုံးတီးအမျိုးသမီးတွေကို ငါတွေ့တယ်
တစ်ခါတရံ နေကာမျက်မှန်တွေကို သူတို့တပ်ထားကြတယ်
မကြာခဏဆိုသလို စီးကရက်ကိုလက်ကြားမှာညှပ်၊ ကော့တေးခွက်ကိုကိုင်ထားကြတယ်
ကော့တေးထဲမှာ ရေခဲကတစ်တုံးတည်းသာရှိတယ်
ကိုယ်လုံးတီးအမျိုးသမီးတွေဟာ ဘီးဟိုက်ပုံဆံထုံးကိုကြိုက်တယ်
နေရာမရွေးဝတ်လို့ရတဲ့ အနက်ရောင်ဝတ်စုံတွေကိုကြိုက်တယ်
ကိုယ်နံ့မွှေးကြိုင်တာကို ဂုဏ်ယူတယ်
အိစက်စက်အနက်ရောင်ဂါဝန်ကိုဝတ်
နောက်ဆုံးပေါ်အနက်ရောင်ခေါက်ပိုက်ဆံအိတ်ကို သူတို့ကိုင်ထားကြတယ်ဆိုပေမယ့်
သူတို့ဟာ ငါ့စိတ်ကူးထဲကကိုယ်လုံးတီးအမျိုးသမီးတွေပဲ
ဆယ့်လေးနှစ်သားအရွယ်ကတည်းက ငါစိတ်ကူးယဉ်ခဲ့ရတဲ့
ကိုယ်လုံးတီးအမျိုးသမီးတွေပဲ

ဒေးဗစ်လေးမန်း
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ David Lehman ရဲ့ Poem in the Manner of the 1960s ကဗျာကိုပြန်ဆိုပါတယ်) 


Monday, December 17, 2012

အဖေ့ကို ကျွန်မသတ်လိုက်တယ်

အဲဒီညက အဖေ့ကို
ကျွန်မသတ်လိုက်တယ်။
ဒါမှမဟုတ် ဟိုတစ်နေ့ကများလား...
ကျွန်မမမှတ်မိဘူး။
သေတ္တာတစ်လုံးကိုဆွဲပြီး ကျွန်မထွက်ပြေးတယ်။
သေတ္တာထဲမှာ အိပ်မက်ရယ်၊ မှတ်ဥာဏ်ပျက်သုန်းမှုရယ် အပြည့်ပဲ။
ပြီးတော့ ကျွန်မငယ်ငယ်က
အဖေနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံလေးကိုလည်း
ထည့်ယူခဲ့တယ်။
အဖေက ကျွန်မကိုလက်မောင်းနဲ့ပွေ့ထားတဲ့ပုံလေး။

သမုဒ္ဒရာရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာ
လှပတဲ့ကမာခွံတစ်ခုထဲ အဖေ့ကိုထည့်ပြီး
ကျွန်မသေသေချာချာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့တယ်။
ဒါပေမယ့်လည်း အဖော်ကင်းမဲ့စွာ၊ တုန်ရီထိတ်လန့်စွာနဲ့
ကုတင်အောက်မှာ တိတ်တိတ်လေးပုန်းနေတဲ့ကျွန်မကို
အဖေရှာတွေ့သွားပါတယ်။

မရမ် အာလ်-မာစရီ
မြန်မာပြန်-မောင်ဒေး

(ဆီးရီးယားကဗျာဆရာမ Maram al-Massri ရဲ့ I killed my father... ကဗျာကိုပြန်ဆိုပါတယ်)

Sunday, December 9, 2012

ငါ့ရဲ့လက်ရှိအလုပ်အကိုင်


အလုံဈေးကကာရာအိုကေဆိုင်ထဲမှာ ငါ့ရဲ့မျက်စိရှေ့တင်
စစ်တပ်က သပိတ်စခန်းကိုဝင်သိမ်းတယ်။
မိန်းကလေးတွေဟာ ကျပ်ညပ်နေတဲ့ဒိုင်နာကားပေါ်မှာ
ဘာသာစကားတစ်ခုကနေ နောက်တစ်ခုဆီ အသက်လုပြေးကြတယ်။

မိုင်းရှင်းထားတဲ့ပေါင်ကြားကို ထူးဆန်းတဲ့အနာတစ်ခုလို ငါကြည့်နေတုန်း
သုဝဏ္ဏအားကစားကွင်းရှေ့မှာ လယူရှောင်ဘိုကို* ထောင်ထဲထည့်လိုက်တယ်။
ဘုရားရှေ့မှာ နဂါးရှိတယ်။ မိုးဟာ လေမမြင်၊ မိုးမမြင်။
ဇောက်ထိုးဆင်းလာတဲ့လေယာဉ်မှာ ထိုးကွင်းတွေမြင်မကောင်း။

ခုနေခါ ကဗျာရေးဖို့မဖြစ်နိုင်လို့ ဒီကဗျာကိုငါရေးတယ်။
ကဗျာနဲ့မူးယစ်ဆေးဝါးဆိုတာ အလယ်တန်းကျောင်းမှာကတည်းက
မိန်းကလေးတွေအိမ်သာတက်တာကို အလှည့်ကျချောင်းကြည့်၊
ကြောင်ရဲ့ဂွေးမှာ ခဲလုံးကိုကြိုးတပ်ပြီးဆွဲတော့လည်း အတူတူပဲ။
အဲဒါ သီတာထွေး။” “မဟုတ်ဘူး၊ အဲဒါ လေးဖက်ကုန်းနေတဲ့ကဗျာ။”

MRTV 4ဟာ ငါ့ရဲ့နာမည်တွေအများကြီးထဲကတစ်ခု၊ နောက်တစ်ခုက
လှိုင်သာယာစက်မှုဇုံ။ ငါမွေးထားတဲ့မျောက်မှာ ဖိုလိင်အင်္ဂါငါးခုရှိတယ်။
ငါမွေးထားတဲ့မျောက်ဟာလက်အိတ်ကို အောက်ခံဘောင်းဘီလုပ်ဝတ်တယ်။

လဆုတ်လကွယ်ကို ငါထိန်းချုပ်တယ်။ ကိန္နရာရဲ့အတောင်ကိုကျောမှာတပ်၊
ကြယ်တံခွန်ကို ဒဂုန်တာရာရဲ့လျှာနဲ့ ငါလျက်တယ်။

*Liu Xiaobo

မောင်ဒေး
၉ ဒီဇင်ဘာ ၂ဝ၁၂