Friday, February 21, 2014

ရွက်ကြွေရာသီ ရဲရင့်မှု၊ ၁၉၃၂


ကျားသစ်ကွက်တောကြောင်














ဆရာဝန်လေးတစ်ယောက်ဟာ ငါတို့ရဲ့သစ်သားမြို့တော်ဆီ ရဲရင့်မှုတစ်ချို့ယူလာတယ်။

ညဘက်တွေမှာ အိပ်မက်ထဲ နာကျင်စွာထည့်မက်ခဲ့ရသမျှ မယုံနိုင်စရာအကုသိုလ်ကိစ္စအားလုံးကို ငါတို့အခု လုပ်ကိုင်နိုင်ပြီ။

ငှက်တစ်ကောင်က လျှို့ဝှက်ဂူတစ်ခုထဲလမ်းလျှောက်ဝင်သွားပြီး သရဲတွေရဲ့ဆံပင်ကိုလိုက်ကောက်တယ်။

တစ်စုံတစ်ယောက်က သူ့ကိုယ်သူ အဆုံးစီရင်တယ်။

လှလိုက်တာနော်”လို့ သူတို့ပြောကြတယ်။

ငါမင်းကို ရူးနေတဲ့နှင်းဆီကျွေးလိုက်တယ်။

ကျားသစ်ကွက်တောကြောင်နှစ်ကောင်ရဲ့မင်္ဂလာဆောင်မှာ ငါဟာသတို့သားအရံ။

ရွက်ကြွေတဲ့ရာသီဆို ရေကန်နံဘေးကရဲရင့်တဲ့မြို့မှာ လုပ်ဖူးပြီးသားဘာမဆို လုပ်လို့ရတယ်။

ဒန်အိုင်းဗက်ခ်
မြန်မာပြန်-မောင်ဒေး

(Dan Ivec ရဲ့ Autumn Courage, 1932 ကိုပြန်ဆိုပါတယ်)

Tuesday, January 21, 2014

ဂျမီးကာလီရဲ့ကဗျာနှစ်ပုဒ်


ဆင်တစ်ကောင်ရဖို့ဆုတောင်း

ကောင်လေးတွေရဲ့ သွေးထဲကမိုးရေကို စုပ်ယူမြိုချဖို့
မုန်တိုင်းထန်နေတဲ့တူးမြောင်းတွေဘက် ငါသူတို့ကိုခေါ်သွားတယ်။

အရိပ်တွေက ငါတို့ရဲ့သစ်တောအောက်ခြေမှာ ဖြန့်ကျက်ရွေ့လျား၊
ပြီးတော့ ရွံစရာကောင်းတဲ့ရွတ်ဖတ်သရစယ်သံတွေက

ဟောင်းနွမ်းဝါကျင့်နေတဲ့ အဲဒီနေလုံးကြီးကို ဆုတ်ဖြဲပစ်လိုက်တာများ
ကာလတရားကိုခြေမွပစ်နေတဲ့ နားဝင်ချိုလွင် ဆင်ဖိုနီလက်ချောင်းတွေလိုပဲ။

သွားရည်တများများကျနေတဲ့ အမဲလိုက်ခွေးတစ်ကောင်ဟာ
နင့်လို အရက်မူးနေတဲ့သူငယ်ချင်းမျိုးကို ဘုရားလိုမကိုးကွယ်ဘဲ မနေနိုင်ပါဘူး။

ဂျမီးကာလီ
မြန်မာပြန်-မောင်ဒေး


ပူတဲ့နေ့တွေ

ရေပိုက်ခေါင်းဆီသူလျှောက်သွားပြီး မီးခြစ်ဆံတစ်ချောင်းကို ခြစ်လိုက်တယ်။

မီးတောက်တစ်ခုဟာ လေမှုတ်မီးလို ဟုန်းကနဲပန်းထွက်လာတယ်။

သူ့ရဲ့ညာဘက်လက်မောင်းမွေးတွေ ရှဲကနဲပါသွားတယ်။

ကဲ၊ တို့ဘာလုပ်ကြမလဲ” လို့

သူ ကျွန်မကိုမေးတယ်။

ကျွန်မ ပခုံးပြန်တွန့်ပြလိုက်တယ်။

ဂျမီးကာလီ
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာမ Jami Kali ရဲ့ Elephant Wish နဲ့ Hot Days ကဗျာတို့ကိုပြန်ဆိုပါတယ်)

Tuesday, December 24, 2013

ဇြမ္ဘီ


ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး “တစပြင်ဟာ
ငါ့ရဲ့အချစ်နဲ့ မီးလောင်နေတယ်” သီချင်းကိုဆိုတာ
ရာဇဝင်ထဲက နူနာစွဲနေတဲ့ငနဲပေါ့။ တစပြင်ကို
ကျော်ရင်တော့ ငါးသားလေးတွေ၊ ငါးအမေကြီးတွေ
ရေကူးနေတဲ့ ငါးပြတိုက်ကိုရောက်တယ်။

လူတိုင်း ကိုယ်ချစ်ရတဲ့သူနဲ့ နီးချင်တာကြီးပဲ။
ဒါပေမယ့် ကွတ်ကီးနဲ့ဘီစကွတ်၊ အိမ်မွေးတိရစ္ဆာန်
နဲ့လူ၊ လူနဲ့ဇွမ်ဘီကို ခွဲခြားတတ်သူကတော့ ရှားပါ
တယ်။ အဲသလိုလူတွေရဲ့လက်ထဲ အနာဂတ်ဆိုတဲ့
အရာကို ဘယ်လိုယုံကြည်ပြီး ထည့်ပေးရမလဲ။

လူသေတွေ ပြန်ထလာတဲ့ကိစ္စကတော့
အဆန်းမဟုတ်ပါဘူး။ တစ်နေ့ကျ ဘုရားသခင်ရဲ့
နိုင်ငံတော်ကိုဝင်ခွင့်ရမှာလည်း ဇွမ်ဘီတွေပဲလေ။
အဲဒီကျရင် စကားလည်းပြောစရာ သိပ်မလိုဘူး။
မေးလာရင်ဖြေရမှာက Yes or Noပဲ။ မေးခွန်း

ကလည်းအောက်ထားပြီးသား။ အောက်သားတွေ
မဖြေရဘူး၊ မြေလတ်သားတွေပဲ ဖြေရမယ်
ဘာညာလည်းမရှိဘူး။ ဒီနေရာကနေ အောက်ကို
ဆက်ဆင်းသွားရင် ဘတ်စ်ကားမျိုးစုံဆိုက်တဲ့
နေရာကိုရောက်တယ်။ အရွယ်ရောက်သူဆိုတာ

သွားရမယ့်နေရာတစ်ခု အမြဲရှိနေရမယ်မဟုတ်လား။
ဇွမ်ဘီတွေရဲ့ခေတ်မတိုင်မီ လွန်ခဲ့တဲ့နွေရာသီပေါင်း
များစွာတုန်းကတော့ လူနဲ့တိရစ္ဆာန်ဟာ နယ်မြေ
လုဖက်တွေပဲ။ မင်းအခုရောက်နေတာကလည်း
လူတွေဝင်လို့မရတဲ့ ကန့်သတ်နယ်မြေတစ်ခုပါ။

ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး သီချင်းဆိုတာ
ဇွမ်ဘီပေါ့။

မောင်ဒေး
၂၂ ဒီဇင်ဘာ ၂ဝ၁၃

Thursday, December 19, 2013

မကုန်သေး



နောက်ဆုံးတော့ ဂူထဲကနေ ငါထွက်လာခဲ့တယ်။ ပတ်ဝန်းကျင်ကို
အနံ့ခံကြည့်တယ်။ ဂူထဲကနေ ထွက်လာရတာဟာ လူတွေသိကြတဲ့
ငရဲဆိုတာပဲ၊ အဲဒီစောက်ငရဲပေါ့။ ငါမျိုးတုံးသွားပြီလို့ လူတွေကပြောကြ
သတဲ့၊ ရေးကြသတဲ့။ ငါနံစော်နေတယ်။ လူသားမျိုးနွယ်ကို ထားရစ်ပေးခဲ့တဲ့
ငါ့ရဲ့ခါးအောက်ပိုင်းဟာ ချေးအထပ်ထပ်နဲ့ မြင်မကောင်းအောင်ပါပဲ။

ဘောလုံးပွဲလည်းပြီးရော အားကစားကွင်းထဲကနေ ငါထွက်လာတယ်။
ငါ့ရဲ့ဆံပင်ထဲကနေ ပျားတွေ၊ပိတုန်းတွေ ထွက်လာတယ်။ ဘောလုံးပွဲပရိသတ်
တွေကို စိတ်ကြိုက်တုပ်ပြီး တောထဲပြန်ဝင်ကာ အစုလိုက်အပုံလိုက် သေပွဲ
ဝင်ကြတယ်။ စိမ်းမှောင်နေတဲ့တောကို လူသားဝိညာဉ်တွေနဲ့ လုပ်ထားတာ
မဟုတ်ပါဘူး။ တောထဲမှာ ကျားနဲ့ဆင် နှစ်သင်းခွဲပြီး ဘောလုံးကန်ကြတယ်။

ကြက်အရှင်တစ်ကောင်ကိုဝယ်ပြီး ဈေးထဲကနေ ငါထွက်လာတယ်။ အိမ်ဘေးက
မိဆွေက ဘာလဲလို့မေးတယ်။ ကြက်လို့ပြန်ဖြေလိုက်တယ်။ ဘာလုပ်မလို့လဲလို့
ထပ်မေးတယ်။ နင်တို့ရဲ့အိမ်ကို မီးလောင်တိုက်သွင်းဖို့အတွက် လည်ပင်းသွေး
ဖောက်ပြီး နတ်ဆိုးကိုပသမလို့ဟေ့လို့ ပြန်ဖြေလိုက်တယ်။ အိမ်ဘေးကုက္ကိုပင်
ဆီက ရယ်သံနက်ကြီးထွက်လာတယ်။ တွင်းထဲကရေတွေ ဆူလာတယ်။

အိမ်သာထဲကနေ သေးတန်းလန်းနဲ့ငါထွက်လာတယ်။ အိမ်ရှေ့ကဥယာဉ်ကို
သေးနဲ့ပန်းပြီးရေလောင်းတယ်။ သေးကမကုန်သေး။ အိမ်နီးချင်းရဲ့ကားကို
သေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ စည်ပင်ဆိုင်းဘုတ်ကို
သေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ ကျောင်းခြံစည်းရိုးကို သေးနဲ့
ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ ဆာကူရာတာဝါပေါ်တက်ပြီး

လမ်းတွေကိုသေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး...

မောင်ဒေး
၂ဝ အောက်တိုဘာ ၂ဝ၁၃

Sunday, November 10, 2013

မကောင်းမှုဒုစရိုက်ကိုဖယ်ရှားခြင်း၊ ၁၉၂၆


လူဟာ မကောင်းမှုဒုစရိုက်အကြောင်းကိုတောင် မေ့ချင်မေ့နေတာမျိုး။

မှန်ကြည့်တော့ မိစ္ဆာတစ်ကောင်နဲ့အတူ သူများပစ္စည်းခိုးယူနေတဲ့ ငါ့ကိုယ်ငါပြန်မြင်ခဲ့ရ။

မင်းရဲ့အခန်းကိုငါတို့နှစ်ယောက် အခင်းအကျင်းပြောင်းခဲ့တယ်။

မျှော်လင့်ချက်မရှိဘူးဆိုတဲ့ခံစားချက်က ခံစားလို့ကောင်းခဲ့တယ်။

မီးအိမ်တွေမရှိရင် ခက်တောင့်ခက်ခဲနိုင်ငံပဲ”လို့ ငါပြောခဲ့တယ်။

မြေပုံအဟောင်းတွေကိုငါတို့လေ့လာကြပြီး ဘယ်လမ်းသွားရမယ်ဆိုတာကို သူကပြတယ်။

ဒါပေမယ့်ဒီမှာ မင်းရဲ့ရယ်မောခြင်းဥယာဉ်ကို မင်းကစိုက်ပျိုးနှင့်ခဲ့ပြီးပြီ။

ငါပြုံးမိတယ်။ အလျှံညီးညီးအလင်းရောင်ကြီးတစ်ခုကို ငါတို့ကိုင်ထားကြတယ်။

ဒန်အိုင်းဗက်ခ်
မြန်မာပြန်-မောင်ဒေး

(Dan Ivec ရဲ့ The Disposal of Evil, 1926 ကိုပြန်ဆိုပါတယ်)

Tuesday, August 13, 2013

နဖူးပေါ်ကအနမ်းတစ်ချက်


နဖူးပေါ်ကအနမ်းတစ်ချက်ဟာ စိတ်ဆင်းရဲရခြင်းကိုပယ်ဖျက်ပေးတယ်။
ကျွန်မရှင့်ရဲ့နဖူးကို နမ်းတယ်။

မျက်လုံးပေါ်ကအနမ်းတစ်ချက်ဟာ အိပ်စက်မပျော်ခြင်းကိုအဆုံးသတ်ပေးတယ်။
ကျွန်မရှင့်ရဲ့မျက်လုံးတွေကို နမ်းတယ်။

နှုတ်ခမ်းပေါ်ကအနမ်းတစ်ချက်ဟာ ရေတစ်ကျိုက်သောက်ရခြင်းမည်တယ်။
ကျွန်မရှင့်ရဲ့နှုတ်ခမ်းကို နမ်းတယ်။

နဖူးပေါ်ကအနမ်းတစ်ချက်ဟာ မှတ်မိတာတွေကိုပယ်ဖျက်ပေးတယ်။

မရီနာဇဗက်တေဗား
မြန်မာပြန်-မောင်ဒေး

(ရပ်ရှန်းကဗျာဆရာမ Marina Tsvetaeva ရဲ့ “A kiss on the forehead” ကဗျာကိုပြန်ဆိုပါတယ်)

Friday, August 9, 2013

စစ်ပွဲကာလတစ်လျှောက် ကျွန်တော်တို့ပျော်ပျော်ပဲနေခဲ့ကြတယ်


တခြားလူတွေရဲ့အိမ်တွေကို သူတို့ဗုံးကြဲတော့ ကျွန်တော်တို့

လမ်းပေါ်ထွက်ဆန္ဒပြတယ်
ဒါပေမယ့် မလုံလောက်ဘူး၊ သူတို့ကို ကျွန်တော်တို့ကန့်ကွက်ကြတယ်

ဒါလည်းမလုံလောက်ဘူး။ ကျွန်တော်က
အိပ်ရာထဲမယ်၊ အိပ်ရာရဲ့ဘေးပတ်ပတ်လည်မှာ အမေရိက

တစ်စစီပြိုကျနေတယ်။ မျက်လုံးနဲ့မမြင်ရတဲ့အိမ်တွေ တစ်လုံးပြီးတစ်လုံး
တစ်လုံးပြီးတစ်လုံး။

ထိုင်ခုံတစ်လုံးကိုအပြင်ထုတ်ပြီး နေကိုကျွန်တော်ထိုင်ကြည့်တယ်။

မအောင်မြင်တဲ့အုပ်ချုပ်မှုတစ်ခုရဲ့
ခြောက်လမြောက်မှာ ပိုက်ဆံနဲ့လုပ်ထားတဲ့အိမ်ထဲမှာ

ပိုက်ဆံနဲ့လုပ်ထားတဲ့လမ်းထဲမှာ ပိုက်ဆံနဲ့လုပ်ထားတဲ့မြို့ထဲမှာ ပိုက်ဆံနဲ့လုပ်ထားတဲ့
တိုင်းပြည်ထဲမှာ
ပိုက်ဆံနဲ့လုပ်ထားတဲ့ ကျွန်တော်တို့ရဲ့မဟာနိုင်ငံတော်ကြီးထဲမှာ (အားလုံးပဲခွင့်လွှတ်ကြပါ)

စစ်ပွဲကာလတစ်လျှောက် ကျွန်တော်တို့ပျော်ပျော်ပဲနေခဲ့ကြတယ်။

အီလျာကာမင်းန်စကီး
မြန်မာပြန်-မောင်ဒေး

(ရပ်ရှန်း-အမေရိကန်ကဗျာဆရာ Ilya Kaminsky ရဲ့ We Lived Happily During the War ကဗျာကိုပြန်ဆိုပါတယ်)