Tuesday, March 19, 2013

နံရံလေးဘက်


ကျုပ်တို့နေတဲ့နေရာကို အိမ်လို့

ခေါ်နိုင်ပါတယ်။

အင်မတန်နိမ့်တဲ့မျက်နှာကျက်ပါတဲ့

အင်မတန်မြင့်တဲ့အခန်းတစ်ခု။

အတော်လေးကြီးတဲ့ပြတင်းပေါက်တစ်ခုနဲ့

တံခါးပေါက်သေးသေးလေးတစ်ခု။

လက်ကိုရင်ဘတ်မှာကပ်

ခြေထောက်ကိုတစ်ချက်ကလေးမှမကြွဘဲသွားမယ်ဆိုရင်

အဲဒီတံခါးကနေ ဝင်လို့ထွက်လို့ရပါတယ်။

ပြတင်းပေါက်ရဲ့အပြင်ကိုလှမ်းကြည့်လို့လည်းရပါတယ်။

အင်မတန်နိမ့်တဲ့မျက်နှာကျက်ပါတဲ့

အင်မတန်မြင့်တဲ့အခန်းတစ်ခုရဲ့

ပြတင်းပေါက်လို့ဆိုချင်ဆိုပါလေ။

ခြေထောက်မဆန့်ဘဲအိပ်လို့ရ၊

ဦးခေါင်းကိုတစ်ချက်ကလေးမှမကြွဘဲနေလို့ရတဲ့နေရာပါ။


ဇီရှန်းဆာဟိလ်
မြန်မာပြန်-မောင်ဒေး

(ပါကစ္စတန်ကဗျာဆရာ Zeeshan Sahil ရဲ့ Four Walls ကဗျာကိုပြန်ဆိုပါတယ်)

Sunday, March 17, 2013

ကြယ်တာရာလူသား

အာကာသကိုကြည့်တဲ့မှန်ပြောင်းထဲမှာ
နွားငှက်တွေနဲ့ကြောင်ငှက်တွေဟာ ဖန်ခွက်တွေလို
တစ်လုံးပြီးတစ်လုံးကျကွဲနေပါတယ်။
ကျွန်တော်တို့တတွေဟာလည်း အရင်စီးပွားရေးစနစ်ထဲမှာ
မနေထိုင်ကြတော့ပါဘူး။ ဇောက်ထိုးချိတ်ပြီးအိပ်တာဟာ
လင်းနို့တွေအတွက် အတည့်ဖြစ်တယ်။ မြန်မာဘာသာစကားဟာ
အမေရိကန်တွေရဲ့ဂျပန်ဘာသာစကားဖြစ်သလိုမျိုးပေါ့။

ကာ့တ်သေပြီးတော်တော်ကြာမှ
ကမ္ဘာကနောက်ပြန်ဆုတ်ပြီး ပန်းအိုးတစ်လုံးထဲမှာနှင်းကျတယ်။
ကြယ်နာမည်တွေကို သေးသိမ်အောင်လုပ်ဖို့အတွက်
ကြယ်တွေထွက်လာတယ်။ ငါတို့ကံကောင်းရင်
ကောင်းကင်ပေါ်ကနေ ဘိုဝီဆင်းလာတာကိုမြင်ရမယ်။
သူ့ရဲ့သီချင်းကိုပြန်ဆိုပြီး ကာ့တ်နာမည်ရခဲ့တာမို့
သူ့ဘက်ကတာဝန်ကျေခဲ့တယ်လို့ ဘိုဝီထင်တယ်။

အဝေးကဖယောင်းတိုင်ဟာ လူတန်းစားကွာခြားမှုကိုဖယ်ရှားလိုက်ပြီး
တောင်ကိုရီးယားမှာလက်နက်လုပ်နည်းသင်ဖို့အတွက်
အရာခံဘိုလေးတွေကို ပညာသင်ဆုပေးလိုက်တယ်။
မိခင်ရဲ့နို့ရည်ကို ငါတို့ဖြုန်းတီးပစ်ခဲ့ကြပေမယ့်
အဲဒီအတွက် ငါတို့ဂုဏ်မယူပါဘူး။ ကံ့ကော်တွေပြည့်နေတဲ့ဗိုက်ဟာ
မအီမလည်ဖြစ်တတ်ပါတယ်။ နောက်ဆုံးရထားနဲ့ငါအမြဲလွဲခဲ့တယ်။
လိင်တော်လှန်ရေးကြီးနဲ့လွဲခဲ့သလိုမျိုးပေါ့။
အခုငါဆိုလိုသမျှကိုငြင်းပယ်ဖို့အတွက် ငါစကားပြောမယ့်အချိန်ကို
ဘိုဝီကစောင့်နေတယ်။

မောင်ဒေး
၁၇ မတ်လ ၂ဝ၁၃

Sunday, March 10, 2013

ကြွေပြားစီ


မင်းရဲ့ဂုဏ်တော်ကိုငါကျူးရင့်။ ပင့်ကူတွေအကြောင်း
ငါ့ကိုမင်းသတိမပေးခဲ့ဘူး။ မင်းကတိပေးထားတဲ့လင်းပိုင်လည်း
ငါမရသေးဘူး။ မင်းရဲ့တွင်းထဲကနဂါးဟာ
ချောကလက်ရေခဲမုန့်စားတယ်၊ မာယာကော့ဗ်စကီးဖတ်တယ်။
ပျက်ဆီးစရာရှိလာရင် မတ်တပ်ရပ်နေရင်းလည်းပျက်ဆီးရတာမို့
အနီရောင်တပ်မတော်ဟာ အိပ်ရာကစောစောထလာတယ်။
လင်းယုန်တွေကိုလည်ပင်းလှီးပြီး မင်းအသက်မွေးမယ်ဆိုရင်
နတ်သမီးတွေပြာယာခတ်ကုန်မယ်။ ငါ့ရဲ့အဆို့ရှင်ဟာ
ငါပြန်လာမယ့်ရက်ကိုစောင့်နေလေရဲ့။ တကယ်ပါ။
ဒီစကားကိုငါလွယ်လွယ်ပြောခဲ့တာမဟုတ်ပါဘူး။

ငါတို့ရဲ့ဗိသျှနူး ဖော်ဝေးက
ကုန်းပေါ်တက်လာတဲ့ပင့်ကူကြီးတွေကို လက်ဝါးစောင်းနဲ့ရိုက်ချတယ်။
ငါနဲ့ငါ့ရဲ့ပါးခြုပ်ဟာ လင်နဲ့မယား လျှာနဲ့သွားဆိုတာမျိုးပါပဲ။
တစ်နေ့မှာတော့ လယ်ထဲကပြန်လာတဲ့အဖေ့ကို
ငါတို့နှစ်ယောက် နေ့ဖို့ညစာမချန်ဘဲစားလိုက်ကြတယ်။
ငါတို့ကိုဘယ်အရာကညီညွတ်စေသလဲဆိုတာ ငါတကယ်မမှတ်မိဘူး။

ငါးလိပ်ကျောက်ဟာ ငါ့ကိုပြုစားထားတယ်။ သူ့ရဲ့အမြီးက
တစ်ချိန်မှာမြို့တော်ဝန်ဖြစ်လာတယ်။ ငါးလိပ်ကျောက်နဲ့ငါ့ကိုနှိုင်းတာကို
ငါငြီးငွေ့လှပြီ။ ငါ့ရဲ့ကြမ္မာကိုငါမပိုင်ဘူး။ ငါ့တိုင်းပြည်ရဲ့ကြမ္မာကို
ငါးလိပ်ကျောက်ရဲ့အမြီးကပိုင်သတော်မူတယ်။
ဘာပဲဖြစ်ဖြစ် အိမ်သာနံရံကြွေပြားပေါ်က နီမိုငါးကလေးဟာ
ဘဝကိုလွယ်ကူသယောင် ထင်မှတ်စေတာတော့အမှန်ပဲ။

မောင်ဒေး
၇ မတ်လ ၂ဝ၁၃

Thursday, February 14, 2013

အိုဟားရား


ဓါတ်လှေကားလုံခြုံရေးဟာ တိုက်ခန်းထဲဝင်လာတဲ့ဖုတ်ကောင်ကို ငုံ့ကြည့်တယ်။
ပြီးတော့သူမြင်တာကို မြင့်သန်းဝတ္ထုထဲကလေသံနဲ့ ပြန်ပြောပြတယ်။
ဂျေမီက ယာဉ်တိုက်မှုဖြစ်ပွားနှုန်းတွေကိုရွတ်နေတယ်။
သူ့ရဲ့ကုတင်အောက်ကတယ်ရီယာခွေးဟာ
မန္တလေးမြေဈေးကွက်ကို သူ့စိတ်ကြိုက်ကစားတယ်။
ကြယ်ငါးပွင့်ဟော်တယ်တွေဟာဂင်္ဂါမြစ်လို လူသေတွေကိုမျှောတဲ့နေရာဖြစ်ပြီး
ဇင်ယော်တွေက “မြန်မာ၊ မြန်မာ” လို့ အသံသေးသေးကလေးတွေနဲ့အော်ကြတယ်။
မြစ်တွေမှာမျက်လုံးကိုယ်စီရှိတာမို့ လူတွေအားလုံးပျာ်ကြတယ်။


မီးပြတိုက်ထိပ်ကဆလိုက်မီးဟာ ဇီးကွက်ရဲ့မာကျူရီမီးလုံးဖြစ်တယ်။
မမြင်နိုင်တာကို ဖောက်ထွင်းမြင်ရတဲ့ဟာမျိုးပဲ။
သူ့ကိုပိုးကောင်မျိုးစုံက ဝိုင်းအုံစားသောက်တယ်။
ပျားရည်သုတ်ထားတဲ့ချာတိတ်မဟာ သူရဲ့ပေါင်ကိုမထိတထိဟလိုက်တယ်။
အလှည့်ကိုစောင့်မနေတော့ဘဲ အဲဒီသက်တံထဲမှာငါ့ကိုယ်ငါအတင်းဝင်နှစ်လိုက်တယ်။
ကြက်ဖဘယ်ရောက်နေလဲလို့ဂျေမီကမေးတယ်။ “အော်၊ မင်းလည်းပါသကိုး”လို့
ဆီဇာကဘရူးတပ်စ်ကိုပြောတယ်။ အရှိန်နဲ့မျောလာတဲ့ဒိုက်ပုံကို
မေယု()လမ်းနားကပေါင်းကူးတံတားလည်း မဟန့်တားနိုင်ဘူး။

မောင်ဒေး
၁၅ ဖေဖော်ဝါရီ ၂ဝ၁၃

Monday, January 28, 2013

ABBA


       –ဘရက်ဂုခ်ျအတွက်

ပါတီကိုသွားတဲ့လမ်းမှာ ဘိန်းဖြူကို
ငါတို့အကုန်ရှုပစ်လိုက်တယ်။
အယ်လ်ဘမ်အသစ်ကိုငါတို့ယူလာတယ်။
အယ်လ်ဘမ်အသစ်ကိုဖွင့်ပြီး ငါတို့ကတယ်။

လင်ချယ်လှယ်တာခံရတဲ့မိန်းမနှစ်ယောက်
အဲဒီအဖွဲ့မှာပါတယ်။
သူတို့က ငါတို့ရဲ့ဘာသာစကားကိုမသိဘူး။
ဝဏ္ဏသံတိုင်းဟာ အတားအဆီးပဲ။

အဲဒီမိန်းမနှစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို
ကြွေနေတယ်။ ဟိုလူက အခြားတစ်ယောက်ကိုဖီးလ်လာတယ်။
ဒါပေမယ့် ကိစ္စမရှိဘူး။ သူတို့မလောပါဘူး။
တစ်သက်လုံးစောင့်ဆိုလည်း စောင့်ရုံပဲ။

ညဘက်သူတို့အပြင်ထွက်ပြီး
အတူတူအိပ်ဖို့ယောက်ျားရှာတဲ့အခါ
ဟိုလူကို အမြဲတမ်းရှာတွေ့နေမှာပဲ။
သူတို့ကကျားတွေပဲလေ။

မိန်းမတစ်ယောက်နဲ့အိပ်ဖို့မဖြစ်နိုင်လောက်အောင်
ငါတို့ကပြဲကွဲနေပြီ။ လှုပ်မရတော့တဲ့အထိ ငါတို့ကတယ်၊
သီချင်းစာသားကိုနားထောင်တယ်၊ ငါတို့ရဲ့ပါးစပ်တွေက
ဘာသာစကားတစ်ခုလို အသံထွက်ကိုလိုက်ရွတ်နေတယ်။

သူတို့ရဲ့သီချင်းကြောင့် ငါတို့ခံစားရတာကို
ပြန်လည်ဖွင့်ဆိုပြဖို့ မဖြစ်နိုင်ဘူး။
စကားလုံးအားဖြင့်ပြောပြလို့လည်းမရဘူး။
ငါတို့ရဲ့ကကွက်တွေကတော့ မြင်သာအောင်ပြချင်ပြနိုင်မယ်။

ABBA ဟာသူတို့ရဲ့ဂီတအတွက်အသက်ရှင်တယ်။
ငါတို့ကတစ်ယောက်ကိုတစ်ယောက် တောင့်တတယ်။
ငါတို့ဘာတွေလုပ်နေတယ်ဆိုတာ သူတို့မြင်တယ်။
အဲဒီမြင်တာကို သူတို့ရဲ့ဓါတ်ပြားပေါ်တင်လိုက်တယ်။

သူတို့ကတီး၊ ငါတို့ကနားထောင်။
ငါတို့အားလုံးမြောသွားတယ်။
ငါတို့တကယ်ခံစားရတာဟာ တခြားလူတွေပြောပြတာထက်ပိုတယ်။
အဲဒါကို ABBA သိတယ်။

ဒဲန်းနစ္စကူးပါး
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Dennis Cooper ရဲ့ ABBA ကဗျာကိုပြန်ဆိုပါတယ်)

မှတ်ချက်။ ။ ABBA ဟာ ၁၉၇ဝ နဲ့ ၁၉၈ဝ နှစ်တွေမှာထင်ရှားခဲ့တဲ့ ဆွီဒင်ပေါ့ပ်ဂီတအဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်အမျိုးသားနှစ်ယောက်ဟာ အဖွဲ့ဝင်အမျိုးသမီးနှစ်ယောက်နဲ့အသီးသီးလက်ထပ်ခဲ့ကြပြီး အသီးသီး ကွာရှင်းခဲ့ကြပါတယ်။

Monday, January 21, 2013

ပတ္တရားမှာ စိုးလွင်လွင်ကိုနားထောင်ခြင်း


ငါဟာ ရှော့ပင်းစင်တာထဲက တိမ်မျှင်တန်း”
အဲဒါကိုမောင်စွမ်းရည်မရေးခဲ့ဘူး။ အသက်မပြည့်သေးတဲ့မိန်းကလးတွေဟာ ရည်ရွယ်မထားဘဲပေါ်ပေါက်လာတဲ့ လူနေအိမ်တန်းဖြစ်တယ်။
အိပ်ရာပေါ်မှာ ကိုယ်လုံးတီးလဲလျောင်းနေတဲ့ ပြည့်တန်ဆာမိန်းကလေးဟာ
အသက်မပြည့်သေးတဲ့ လွမ်းတေးတစ်ပုဒ်ဖြစ်တယ်။
ကမ်းရိုးတန်းဟာ ဆိုင်းဘုတ်ကိုမဖတ်တတ်ဘူး။ အချိုရှိတဲ့နေရာမှာ
လူရှိတယ်။ ငါမင်းကို ရေလိုဆက်ချစ်နေပေမယ့် အချစ်ကြောင့်
မိုးသားတွေအုံ့မှိုင်းမလာဘူး။
ဘော့ဘ်ဒီလန် ဒီမှာပျော်ခဲ့သလားဆိုတာ ကာလီဒါသလည်းမသိဘူး။
ရေနွေးပူနဲ့အပက်ခံရတဲ့ပုရွက်ဆိတ်အုံဟာ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေရဲ့
ဆန့်ကျင်ဘက်ဖြစ်တယ်။ အပူကိုဟိုတယ်ခန်းထဲကနေ ငါစောင့်ဖမ်းတယ်။
ကားတစ်စီးဖြတ်မောင်းသွားတယ်။ ကွန်ကရစ်တံတားဘောင်ကို
လရောင်အမှတ်နဲ့ဝင်တိုက်တယ်။ ယာဉ်မောင်းသူရဲ့ခံတွင်းဟာ
မင်းနန္ဒာကို Eဆေးပြားတစ်ပြားလိုငုံထားတယ်။

မောင်ဒေး
၂၁ ဇန်နဝါရီ ၂ဝ၁၃

Saturday, January 19, 2013

အကောင်းမြင်သမားပြန်လာတယ်


နွေ၊ မိုး၊ Facebook၊ ဆောင်း
ရာသီအလီလီပြောင်းတယ်။
ချောင်းထဲမှာ ရေမရှိတော့ပေမယ့်
မြောင်းထဲမှာ ဧဝရတ်တောင်ပေါ်ကနှင်းတွေ ဖွေးဖွေးလှုပ်။
ငါးကြီးဆီအသည်းနဲ့လုပ်ထားတဲ့ သောင်ပြင်ဟာ
အိပ်ရာတစ်မျိုးဖြစ်တယ်။ ဝင်ကစွပ်ကောင်တွေဟာ ငါ့သဲငါ့သောင်ပေါ်မှာ
အစုံအဆန်ပြေးလွှားကြရင်း ဘေယွန်းဆေးရဲ့ကြေးခေါင်းလောင်းကို
သူတို့ရဲ့အက်ဆစ်ကျင်ငယ်နဲ့ ဟောင်းလောင်းဖောက်ပစ်လိုက်တယ်။
Jay-Z စိတ်လှုပ်ရှားသွားတယ်။
အာကာသယာဉ်တစ်စင်းဝယ်မယ် တကဲကဲလုပ်နေတယ်။
ကောင်းကင်ပြာပြာမှာ ဧဝရတ်တောင်လောက်ကြီးတဲ့ မစင်ပုံကြီးကို
ဖြတ်ပြီးမောင်းနှင်သွားမတဲ့လေ။
တံငါသည်ရဲ့ပိုက်ကွန်ဟာ တောဝက်မရဲ့လိင်ပြွန်ဝဖြစ်တယ်။
ပွေးကွက်လိုဝိုင်းစက်နေတဲ့ ကျွန်းစုကို မထိတထိ
ဘယ်သူကြည့်မိသလဲ။ လမ်းပေါ်မှာ သွေးသံရဲရဲသေဆုံးနေတဲ့အရူးကို
ဝိညာဉ်ဖြူဖြူတွေဟာ ချီမ မသွားကြဘူး။
အကောင်းမြင်သူတွေရဲ့ ကနေ့ငွေကြေးဟာ ခွေးသေကောင်ဖြစ်တယ်။

မောင်ဒေး
၁၉ ဇန်နဝါရီ ၂ဝ၁၃