Sunday, March 10, 2013

ကြွေပြားစီ


မင်းရဲ့ဂုဏ်တော်ကိုငါကျူးရင့်။ ပင့်ကူတွေအကြောင်း
ငါ့ကိုမင်းသတိမပေးခဲ့ဘူး။ မင်းကတိပေးထားတဲ့လင်းပိုင်လည်း
ငါမရသေးဘူး။ မင်းရဲ့တွင်းထဲကနဂါးဟာ
ချောကလက်ရေခဲမုန့်စားတယ်၊ မာယာကော့ဗ်စကီးဖတ်တယ်။
ပျက်ဆီးစရာရှိလာရင် မတ်တပ်ရပ်နေရင်းလည်းပျက်ဆီးရတာမို့
အနီရောင်တပ်မတော်ဟာ အိပ်ရာကစောစောထလာတယ်။
လင်းယုန်တွေကိုလည်ပင်းလှီးပြီး မင်းအသက်မွေးမယ်ဆိုရင်
နတ်သမီးတွေပြာယာခတ်ကုန်မယ်။ ငါ့ရဲ့အဆို့ရှင်ဟာ
ငါပြန်လာမယ့်ရက်ကိုစောင့်နေလေရဲ့။ တကယ်ပါ။
ဒီစကားကိုငါလွယ်လွယ်ပြောခဲ့တာမဟုတ်ပါဘူး။

ငါတို့ရဲ့ဗိသျှနူး ဖော်ဝေးက
ကုန်းပေါ်တက်လာတဲ့ပင့်ကူကြီးတွေကို လက်ဝါးစောင်းနဲ့ရိုက်ချတယ်။
ငါနဲ့ငါ့ရဲ့ပါးခြုပ်ဟာ လင်နဲ့မယား လျှာနဲ့သွားဆိုတာမျိုးပါပဲ။
တစ်နေ့မှာတော့ လယ်ထဲကပြန်လာတဲ့အဖေ့ကို
ငါတို့နှစ်ယောက် နေ့ဖို့ညစာမချန်ဘဲစားလိုက်ကြတယ်။
ငါတို့ကိုဘယ်အရာကညီညွတ်စေသလဲဆိုတာ ငါတကယ်မမှတ်မိဘူး။

ငါးလိပ်ကျောက်ဟာ ငါ့ကိုပြုစားထားတယ်။ သူ့ရဲ့အမြီးက
တစ်ချိန်မှာမြို့တော်ဝန်ဖြစ်လာတယ်။ ငါးလိပ်ကျောက်နဲ့ငါ့ကိုနှိုင်းတာကို
ငါငြီးငွေ့လှပြီ။ ငါ့ရဲ့ကြမ္မာကိုငါမပိုင်ဘူး။ ငါ့တိုင်းပြည်ရဲ့ကြမ္မာကို
ငါးလိပ်ကျောက်ရဲ့အမြီးကပိုင်သတော်မူတယ်။
ဘာပဲဖြစ်ဖြစ် အိမ်သာနံရံကြွေပြားပေါ်က နီမိုငါးကလေးဟာ
ဘဝကိုလွယ်ကူသယောင် ထင်မှတ်စေတာတော့အမှန်ပဲ။

မောင်ဒေး
၇ မတ်လ ၂ဝ၁၃

No comments:

Post a Comment