Tuesday, December 24, 2013

ဇြမ္ဘီ


ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး “တစပြင်ဟာ
ငါ့ရဲ့အချစ်နဲ့ မီးလောင်နေတယ်” သီချင်းကိုဆိုတာ
ရာဇဝင်ထဲက နူနာစွဲနေတဲ့ငနဲပေါ့။ တစပြင်ကို
ကျော်ရင်တော့ ငါးသားလေးတွေ၊ ငါးအမေကြီးတွေ
ရေကူးနေတဲ့ ငါးပြတိုက်ကိုရောက်တယ်။

လူတိုင်း ကိုယ်ချစ်ရတဲ့သူနဲ့ နီးချင်တာကြီးပဲ။
ဒါပေမယ့် ကွတ်ကီးနဲ့ဘီစကွတ်၊ အိမ်မွေးတိရစ္ဆာန်
နဲ့လူ၊ လူနဲ့ဇွမ်ဘီကို ခွဲခြားတတ်သူကတော့ ရှားပါ
တယ်။ အဲသလိုလူတွေရဲ့လက်ထဲ အနာဂတ်ဆိုတဲ့
အရာကို ဘယ်လိုယုံကြည်ပြီး ထည့်ပေးရမလဲ။

လူသေတွေ ပြန်ထလာတဲ့ကိစ္စကတော့
အဆန်းမဟုတ်ပါဘူး။ တစ်နေ့ကျ ဘုရားသခင်ရဲ့
နိုင်ငံတော်ကိုဝင်ခွင့်ရမှာလည်း ဇွမ်ဘီတွေပဲလေ။
အဲဒီကျရင် စကားလည်းပြောစရာ သိပ်မလိုဘူး။
မေးလာရင်ဖြေရမှာက Yes or Noပဲ။ မေးခွန်း

ကလည်းအောက်ထားပြီးသား။ အောက်သားတွေ
မဖြေရဘူး၊ မြေလတ်သားတွေပဲ ဖြေရမယ်
ဘာညာလည်းမရှိဘူး။ ဒီနေရာကနေ အောက်ကို
ဆက်ဆင်းသွားရင် ဘတ်စ်ကားမျိုးစုံဆိုက်တဲ့
နေရာကိုရောက်တယ်။ အရွယ်ရောက်သူဆိုတာ

သွားရမယ့်နေရာတစ်ခု အမြဲရှိနေရမယ်မဟုတ်လား။
ဇွမ်ဘီတွေရဲ့ခေတ်မတိုင်မီ လွန်ခဲ့တဲ့နွေရာသီပေါင်း
များစွာတုန်းကတော့ လူနဲ့တိရစ္ဆာန်ဟာ နယ်မြေ
လုဖက်တွေပဲ။ မင်းအခုရောက်နေတာကလည်း
လူတွေဝင်လို့မရတဲ့ ကန့်သတ်နယ်မြေတစ်ခုပါ။

ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး သီချင်းဆိုတာ
ဇွမ်ဘီပေါ့။

မောင်ဒေး
၂၂ ဒီဇင်ဘာ ၂ဝ၁၃

Thursday, December 19, 2013

မကုန်သေး



နောက်ဆုံးတော့ ဂူထဲကနေ ငါထွက်လာခဲ့တယ်။ ပတ်ဝန်းကျင်ကို
အနံ့ခံကြည့်တယ်။ ဂူထဲကနေ ထွက်လာရတာဟာ လူတွေသိကြတဲ့
ငရဲဆိုတာပဲ၊ အဲဒီစောက်ငရဲပေါ့။ ငါမျိုးတုံးသွားပြီလို့ လူတွေကပြောကြ
သတဲ့၊ ရေးကြသတဲ့။ ငါနံစော်နေတယ်။ လူသားမျိုးနွယ်ကို ထားရစ်ပေးခဲ့တဲ့
ငါ့ရဲ့ခါးအောက်ပိုင်းဟာ ချေးအထပ်ထပ်နဲ့ မြင်မကောင်းအောင်ပါပဲ။

ဘောလုံးပွဲလည်းပြီးရော အားကစားကွင်းထဲကနေ ငါထွက်လာတယ်။
ငါ့ရဲ့ဆံပင်ထဲကနေ ပျားတွေ၊ပိတုန်းတွေ ထွက်လာတယ်။ ဘောလုံးပွဲပရိသတ်
တွေကို စိတ်ကြိုက်တုပ်ပြီး တောထဲပြန်ဝင်ကာ အစုလိုက်အပုံလိုက် သေပွဲ
ဝင်ကြတယ်။ စိမ်းမှောင်နေတဲ့တောကို လူသားဝိညာဉ်တွေနဲ့ လုပ်ထားတာ
မဟုတ်ပါဘူး။ တောထဲမှာ ကျားနဲ့ဆင် နှစ်သင်းခွဲပြီး ဘောလုံးကန်ကြတယ်။

ကြက်အရှင်တစ်ကောင်ကိုဝယ်ပြီး ဈေးထဲကနေ ငါထွက်လာတယ်။ အိမ်ဘေးက
မိဆွေက ဘာလဲလို့မေးတယ်။ ကြက်လို့ပြန်ဖြေလိုက်တယ်။ ဘာလုပ်မလို့လဲလို့
ထပ်မေးတယ်။ နင်တို့ရဲ့အိမ်ကို မီးလောင်တိုက်သွင်းဖို့အတွက် လည်ပင်းသွေး
ဖောက်ပြီး နတ်ဆိုးကိုပသမလို့ဟေ့လို့ ပြန်ဖြေလိုက်တယ်။ အိမ်ဘေးကုက္ကိုပင်
ဆီက ရယ်သံနက်ကြီးထွက်လာတယ်။ တွင်းထဲကရေတွေ ဆူလာတယ်။

အိမ်သာထဲကနေ သေးတန်းလန်းနဲ့ငါထွက်လာတယ်။ အိမ်ရှေ့ကဥယာဉ်ကို
သေးနဲ့ပန်းပြီးရေလောင်းတယ်။ သေးကမကုန်သေး။ အိမ်နီးချင်းရဲ့ကားကို
သေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ စည်ပင်ဆိုင်းဘုတ်ကို
သေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ ကျောင်းခြံစည်းရိုးကို သေးနဲ့
ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ ဆာကူရာတာဝါပေါ်တက်ပြီး

လမ်းတွေကိုသေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး...

မောင်ဒေး
၂ဝ အောက်တိုဘာ ၂ဝ၁၃

Sunday, November 10, 2013

မကောင်းမှုဒုစရိုက်ကိုဖယ်ရှားခြင်း၊ ၁၉၂၆


လူဟာ မကောင်းမှုဒုစရိုက်အကြောင်းကိုတောင် မေ့ချင်မေ့နေတာမျိုး။

မှန်ကြည့်တော့ မိစ္ဆာတစ်ကောင်နဲ့အတူ သူများပစ္စည်းခိုးယူနေတဲ့ ငါ့ကိုယ်ငါပြန်မြင်ခဲ့ရ။

မင်းရဲ့အခန်းကိုငါတို့နှစ်ယောက် အခင်းအကျင်းပြောင်းခဲ့တယ်။

မျှော်လင့်ချက်မရှိဘူးဆိုတဲ့ခံစားချက်က ခံစားလို့ကောင်းခဲ့တယ်။

မီးအိမ်တွေမရှိရင် ခက်တောင့်ခက်ခဲနိုင်ငံပဲ”လို့ ငါပြောခဲ့တယ်။

မြေပုံအဟောင်းတွေကိုငါတို့လေ့လာကြပြီး ဘယ်လမ်းသွားရမယ်ဆိုတာကို သူကပြတယ်။

ဒါပေမယ့်ဒီမှာ မင်းရဲ့ရယ်မောခြင်းဥယာဉ်ကို မင်းကစိုက်ပျိုးနှင့်ခဲ့ပြီးပြီ။

ငါပြုံးမိတယ်။ အလျှံညီးညီးအလင်းရောင်ကြီးတစ်ခုကို ငါတို့ကိုင်ထားကြတယ်။

ဒန်အိုင်းဗက်ခ်
မြန်မာပြန်-မောင်ဒေး

(Dan Ivec ရဲ့ The Disposal of Evil, 1926 ကိုပြန်ဆိုပါတယ်)

Tuesday, August 13, 2013

နဖူးပေါ်ကအနမ်းတစ်ချက်


နဖူးပေါ်ကအနမ်းတစ်ချက်ဟာ စိတ်ဆင်းရဲရခြင်းကိုပယ်ဖျက်ပေးတယ်။
ကျွန်မရှင့်ရဲ့နဖူးကို နမ်းတယ်။

မျက်လုံးပေါ်ကအနမ်းတစ်ချက်ဟာ အိပ်စက်မပျော်ခြင်းကိုအဆုံးသတ်ပေးတယ်။
ကျွန်မရှင့်ရဲ့မျက်လုံးတွေကို နမ်းတယ်။

နှုတ်ခမ်းပေါ်ကအနမ်းတစ်ချက်ဟာ ရေတစ်ကျိုက်သောက်ရခြင်းမည်တယ်။
ကျွန်မရှင့်ရဲ့နှုတ်ခမ်းကို နမ်းတယ်။

နဖူးပေါ်ကအနမ်းတစ်ချက်ဟာ မှတ်မိတာတွေကိုပယ်ဖျက်ပေးတယ်။

မရီနာဇဗက်တေဗား
မြန်မာပြန်-မောင်ဒေး

(ရပ်ရှန်းကဗျာဆရာမ Marina Tsvetaeva ရဲ့ “A kiss on the forehead” ကဗျာကိုပြန်ဆိုပါတယ်)

Friday, August 9, 2013

စစ်ပွဲကာလတစ်လျှောက် ကျွန်တော်တို့ပျော်ပျော်ပဲနေခဲ့ကြတယ်


တခြားလူတွေရဲ့အိမ်တွေကို သူတို့ဗုံးကြဲတော့ ကျွန်တော်တို့

လမ်းပေါ်ထွက်ဆန္ဒပြတယ်
ဒါပေမယ့် မလုံလောက်ဘူး၊ သူတို့ကို ကျွန်တော်တို့ကန့်ကွက်ကြတယ်

ဒါလည်းမလုံလောက်ဘူး။ ကျွန်တော်က
အိပ်ရာထဲမယ်၊ အိပ်ရာရဲ့ဘေးပတ်ပတ်လည်မှာ အမေရိက

တစ်စစီပြိုကျနေတယ်။ မျက်လုံးနဲ့မမြင်ရတဲ့အိမ်တွေ တစ်လုံးပြီးတစ်လုံး
တစ်လုံးပြီးတစ်လုံး။

ထိုင်ခုံတစ်လုံးကိုအပြင်ထုတ်ပြီး နေကိုကျွန်တော်ထိုင်ကြည့်တယ်။

မအောင်မြင်တဲ့အုပ်ချုပ်မှုတစ်ခုရဲ့
ခြောက်လမြောက်မှာ ပိုက်ဆံနဲ့လုပ်ထားတဲ့အိမ်ထဲမှာ

ပိုက်ဆံနဲ့လုပ်ထားတဲ့လမ်းထဲမှာ ပိုက်ဆံနဲ့လုပ်ထားတဲ့မြို့ထဲမှာ ပိုက်ဆံနဲ့လုပ်ထားတဲ့
တိုင်းပြည်ထဲမှာ
ပိုက်ဆံနဲ့လုပ်ထားတဲ့ ကျွန်တော်တို့ရဲ့မဟာနိုင်ငံတော်ကြီးထဲမှာ (အားလုံးပဲခွင့်လွှတ်ကြပါ)

စစ်ပွဲကာလတစ်လျှောက် ကျွန်တော်တို့ပျော်ပျော်ပဲနေခဲ့ကြတယ်။

အီလျာကာမင်းန်စကီး
မြန်မာပြန်-မောင်ဒေး

(ရပ်ရှန်း-အမေရိကန်ကဗျာဆရာ Ilya Kaminsky ရဲ့ We Lived Happily During the War ကဗျာကိုပြန်ဆိုပါတယ်)

Thursday, July 25, 2013

ဟဲဗီးမက်တယ်လ်



လူတိုင်းဂစ်တာတီးနိုင်ပြီ။ လူတိုင်း
ခြောက်လုံးပြူးဝယ်နိုင်ပြီ။ ငါတို့ဟာ မိုက်ရူးရဲလူအုပ်ကြီးဆီကနေ
ကောင်းမွန်တဲ့အနာဂတ်ကိုရဖို့ မျှော်လင့်ခဲ့ကြတာများလားဟင်။
ငါ့မှာအဖော်မရှိတဲ့အခါ အစွဲအလမ်းကို ငါ့အဖော်အဖြစ်ပြောင်းယူခဲ့တယ်။
ဆပ်ပြာမရှိတဲ့ရေချိုးခန်းဟာ ပလိပ်ရောဂါပြန့်နေတဲ့နယ်မြို့တစ်မြို့ဖြစ်ပါတယ်။
နွားကုန်သည်တို့ရဲ့စိတ်နေစိတ်ထားမျိုးနဲ့ ဘဝကိုကြည့်လို့မရဘူး။
ငါ့မှာအော်ခေါ်စရာစားပွဲထိုးမရှိတဲ့အခါ ငါ့ရဲ့နားကိုငါပိတ်ထားခဲ့တယ်။
မွေးကင်းစနိုင်ငံရေးသမားလေးဟာ အရင်းရှင်စီးပွားရေးကိုယုံကြည်တယ်။
လူတကာရဲ့ထိကိုင်ဆော့ကစားခြင်းကိုခံရတာကြောင့် သူ့ရဲ့ဂွေးကလေးဟာ
ခရမ်းရောင်ပြောင်းခဲ့တယ်။ ဟဲဗီးမက်တယ်လ်အဖွဲ့တွေရဲ့ပိုစတာတွေကို
အခန်းနံရံမှာကပ်ထားရင် ခင်ဗျားကိုတစ်ညလုံးစကားတွေလာပြောနေလိမ့်မယ်။
ရိုင်းစိုင်းမှုဟာ ငါ့ရဲ့ဇာခြင်ထောင်ပါးဖြစ်ပါတယ်။

လူတော်တော်များများကတော့ ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုတဲ့
ကိုယ်ကျင့်သိက္ခာအဆင့်မှာ လုပ်ကိုင်လည်ပတ်နေကြဆဲပါပဲ။
တောလည်ထွက်ပြီးပြန်လာခဲ့တဲ့ငါဟာ
ပျောက်သွားတဲ့အသားဖျက်ဓါးကို လျှိုမြောင်ထဲမှာပြန်ရှာတွေ့ခဲ့တယ်။
ငါ့ရဲ့ခေါင်းဟာ လေးငါးမီတာလောက်လိမ့်ဆင်းသွားတယ်။
ဆူးလေကအများသုံးအိမ်သာမှာကိုယ်လက်သန့်စင်ပြီး အိမ်ထဲဝင်လိုက်တော့
Black Sabbath အိမ်မှာရောက်နေတယ်၊
Judas Priest အိမ်မှာရောက်နေတယ်၊
Mayhem အိမ်မှာရောက်နေတယ်၊
Slayer အိမ်မှာရောက်နေတယ်၊
Iron Maiden အိမ်မှာရောက်နေတယ်...

မောင်ဒေး
၂၅ ဂျူလိုင် ၂ဝ၁၃

Sunday, July 14, 2013

လေယာဉ်ပျက်ကျခြင်း


ငါ့နောက်ကမလိုက်နဲ့၊ ငါ့နောက်ကလိုက်ခဲ့၊
ငါဟာလွတ်လပ်သူတို့ရဲ့ကိုယ်စားလှယ်။
နယ်ထိန်းတစ်ယောက်အဖြစ်နဲ့ ပြန်လည်မွေးဖွားပြီး
မင်းရဲ့တံစက်မြိတ်အောက် ငါအခုပဲရောက်လာမယ်။
အိမ်နောက်ဖေးကရေမည်းမည်းထဲမှာ မာကျူရီအဖြစ်ဖွဲ့စည်းပြီး
မင်းရဲ့ကြေးခွံအောက် ငါဒီနေ့ပဲအရောက်လာခဲ့မယ်။
လှေကားထစ်တွေပေါ်မှာ မြွေမင်းသမီးနဲ့ငါ ထွေးပတ်ကခုန်ကြ၊
အကျိအချွဲပုံထဲမှာ တဗိုင်းဗိုင်းချော်လဲကြနဲ့ပေါ့။
မင်းဒါကိုဖတ်နေချိန်မှာ အမှတ်ခြောက်ရဲစခန်းက
မင်းကို ထောင့်ချိုးထားတဲ့စာအုပ်တစ်အုပ်လို ဖတ်နေတယ်။
လေယာဉ်မှုးကြီးက အားလုံးကိုပျော်စေချင်တယ်။
လေယာဉ်အဆင်းကို တို့နှစ်ဦးသားပျော်ပျော်ပဲစခဲ့ကြသလို
လျင်မြန်တဲ့နှုန်းက ငါ့ရဲ့စိတ်ကိုထကြွစေတယ်။

တို့အားလုံးကို ကောင်းကင်ဘုံဆီခေါ်ဆောင်သွားဖို့အတွက်
ကုလားအုတ်တွေဟာ နှမ်းစေ့အရွယ်အပ်ပေါက်ထဲကို တိုးဝင်ပျံသန်း။
ဘဒ္ဒကမ္ဘာဟာ ဖိုထိုးရ တပြည်ဝနိုးနိုးပေါ့။
ငါဟာလှိုင်းထန်တဲ့ပင်လယ်ပြင်ကိုဖြတ်၊ တောင်တွေကိုတက်ပြီး
ဂန္ဒီရဲ့နောက်ကနေ ခြေဗလာနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါသော်လည်း
အချိန်တန်ရင် မြက်တွေသာဝါလာမယ်ဆိုတာကို သိခဲ့ရတယ်။
ငါနဲ့နှာခေါင်းသွေးယိုနေတဲ့ဂန္ဒီတို့ ကုက္ကိုပင်အောက်မှာ
မြက်ပင်တွေအကြောင်း ရက်ပေါင်းတစ်ရာကြာအောင် ဆွေးနွေးတယ်။

ခြောက်ခန်းနေတဲ့ရေကန်ကို ဗေဒါကနာမည်ပေးခဲ့သလို
လူဝင်လူထွက်များတဲ့ဖာတန်းကို ကဗျာဆရာကနာမည်ပေးခဲ့တာဖြစ်တယ်။
လူကြားသူကြားမကောင်းလောက်အောင် အော်ဟစ်ညည်းတွားနေတဲ့
လူယောက်ျားနဲ့လူမိန်းမကို စောက်ပါးစပ်ပိတ်ခိုင်းလိုက်၊
ပြီးရင် သူတို့မိတ်လိုက်ဖို့ ကြာအပြည့်နဲ့ရေကန်တစ်ကန်ပေးလိုက်ချေ။
အချိန်တန်ရင် ပေါ်တာအဆွဲခံရသူဟာ သူ့နေရပ်ကိုပြန်လာပြီး “အိမ်
ချိုမြိန်သောအိမ်” လို့ရေရွတ်မှာပဲ။ ထောက်ကြန့်နားက လယ်ကွင်းတစ်ခုမှာ
လေယာဉ်မှုးရဲ့အလောင်းကို လေယာဉ်အပျက်အစီးပုံထဲ ရှာဖွေနေဆဲဖြစ်ပါတယ်။

မောင်ဒေး
၁၃ ဂျူလိုင် ၂ဝ၁၃