ငါ့နောက်ကမလိုက်နဲ့၊
ငါ့နောက်ကလိုက်ခဲ့၊
ငါဟာလွတ်လပ်သူတို့ရဲ့ကိုယ်စားလှယ်။
နယ်ထိန်းတစ်ယောက်အဖြစ်နဲ့
ပြန်လည်မွေးဖွားပြီး
မင်းရဲ့တံစက်မြိတ်အောက်
ငါအခုပဲရောက်လာမယ်။
အိမ်နောက်ဖေးကရေမည်းမည်းထဲမှာ
မာကျူရီအဖြစ်ဖွဲ့စည်းပြီး
မင်းရဲ့ကြေးခွံအောက်
ငါဒီနေ့ပဲအရောက်လာခဲ့မယ်။
လှေကားထစ်တွေပေါ်မှာ
မြွေမင်းသမီးနဲ့ငါ ထွေးပတ်ကခုန်ကြ၊
အကျိအချွဲပုံထဲမှာ
တဗိုင်းဗိုင်းချော်လဲကြနဲ့ပေါ့။
မင်းဒါကိုဖတ်နေချိန်မှာ
အမှတ်ခြောက်ရဲစခန်းက
မင်းကို
ထောင့်ချိုးထားတဲ့စာအုပ်တစ်အုပ်လို
ဖတ်နေတယ်။
လေယာဉ်မှုးကြီးက
အားလုံးကိုပျော်စေချင်တယ်။
လေယာဉ်အဆင်းကို
တို့နှစ်ဦးသားပျော်ပျော်ပဲစခဲ့ကြသလို
လျင်မြန်တဲ့နှုန်းက
ငါ့ရဲ့စိတ်ကိုထကြွစေတယ်။
တို့အားလုံးကို
ကောင်းကင်ဘုံဆီခေါ်ဆောင်သွားဖို့အတွက်
ကုလားအုတ်တွေဟာ
နှမ်းစေ့အရွယ်အပ်ပေါက်ထဲကို
တိုးဝင်ပျံသန်း။
ဘဒ္ဒကမ္ဘာဟာ
ဖိုထိုးရ တပြည်ဝနိုးနိုးပေါ့။
ငါဟာလှိုင်းထန်တဲ့ပင်လယ်ပြင်ကိုဖြတ်၊
တောင်တွေကိုတက်ပြီး
ဂန္ဒီရဲ့နောက်ကနေ
ခြေဗလာနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါသော်လည်း
အချိန်တန်ရင်
မြက်တွေသာဝါလာမယ်ဆိုတာကို
သိခဲ့ရတယ်။
ငါနဲ့နှာခေါင်းသွေးယိုနေတဲ့ဂန္ဒီတို့
ကုက္ကိုပင်အောက်မှာ
မြက်ပင်တွေအကြောင်း
ရက်ပေါင်းတစ်ရာကြာအောင်
ဆွေးနွေးတယ်။
ခြောက်ခန်းနေတဲ့ရေကန်ကို
ဗေဒါကနာမည်ပေးခဲ့သလို
လူဝင်လူထွက်များတဲ့ဖာတန်းကို
ကဗျာဆရာကနာမည်ပေးခဲ့တာဖြစ်တယ်။
လူကြားသူကြားမကောင်းလောက်အောင်
အော်ဟစ်ညည်းတွားနေတဲ့
လူယောက်ျားနဲ့လူမိန်းမကို
စောက်ပါးစပ်ပိတ်ခိုင်းလိုက်၊
ပြီးရင်
သူတို့မိတ်လိုက်ဖို့
ကြာအပြည့်နဲ့ရေကန်တစ်ကန်ပေးလိုက်ချေ။
အချိန်တန်ရင်
ပေါ်တာအဆွဲခံရသူဟာ
သူ့နေရပ်ကိုပြန်လာပြီး “အိမ်
ချိုမြိန်သောအိမ်”
လို့ရေရွတ်မှာပဲ။ ထောက်ကြန့်နားက
လယ်ကွင်းတစ်ခုမှာ
လေယာဉ်မှုးရဲ့အလောင်းကို
လေယာဉ်အပျက်အစီးပုံထဲ
ရှာဖွေနေဆဲဖြစ်ပါတယ်။
မောင်ဒေး
၁၃
ဂျူလိုင် ၂ဝ၁၃
No comments:
Post a Comment