ငါ့ရဲ့မျောက်ကို
စားပွဲမှာကြိုးနဲ့တုပ်၊
အစာကြွေးပြီး
ဒီကဗျာကိုရေးခိုင်းခဲ့တာဖြစ်တယ်။
ဒါဟာငါ့ရဲ့နောက်ဆုံးမျောက်ကဗျာ၊
ဒါဟာတရုတ်ပြည်ရဲ့နောက်ဆုံးဂြိုဟ်တုလွှတ်တင်မှုဖြစ်တယ်။
ခြောက်နှစ်သားငါဟာ
အခုငါရပ်နေတဲ့ပြတင်းပေါက်မှာရပ်ပြီး
မိုးသည်းသည်းထဲကရန်ကုန်မြို့ကိုကြည့်တယ်။
တောကွယ်လို့ မြို့ကိုမမြင်ရဘူး။
သစ်ပင်ခိုးခုတ်ထားတဲ့အကွက်ကွယ်နေလို့
တောကိုမမြင်ရဘူး။
ဒီတိုင်းပြည်ကိုငါကိုယ်တိုင်
ငါ့လက်နှစ်ဖက်နဲ့တည်ဆောက်ခဲ့တယ်။
ဒီတိုင်းပြည်ရဲ့ပိုးစားနေတဲ့တိုင်လုံးတွေကို
ရုရှားကနေငါလှမ်းမြင်ရတယ်။
အချစ်ဆိုတာဟာ
ဂျူပီတာဂြိုဟ်ကိုငါလှမ်းမြင်ရတဲ့
ငါ့ရဲ့ပလက်ဖောင်းဖြစ်တယ်။
အချစ်ဟာကောင်းတယ်။
ဟူးကောင်းချိုင့်ဝှမ်းထဲကအလောင်းတွေဟာ
အစိုးရကိုဦးနှောက်ခြောက်အောင်လုပ်နေတယ်။
အိမ်သာထဲဝင်တော့တစ်လောင်း၊
မီးဖိုချောင်ထဲမှာလည်း
တစ်လောင်း၊
မိန်းမနဲ့အိပ်ဖို့
စောင်ကိုလှန်လိုက်တယ်။
နောက်တစ်လောင်း။
ဘယ်ဥစ္စာကဘာဆိုတာ
ငါကောင်းကောင်းသိတယ်။
ယမ်းငွေ့တစ်ထောင်းထောင်းထနေတာ
ငါ့ရဲ့စအိုမဟုတ်ဘူး။
ငါ့ရဲ့ဗြဟ္မစိုရ်တရားက
လူပျိုလှည့်ကောင်းတုန်း။
ဟုတ်တယ်၊
မင်းကိုပြောတာ။ ဂူချီမျက်မှန်နဲ့ချင်ပန်ဇီ
မင်းကိုပြောတာ။
ဂျူလိုင်တောင်မရောက်သေးဘူး၊
မိုးကတိတ်သွားတယ်။
နေပြန်ပွင့်လာတယ်။
ငါထိလိုက်သမျှအရာတိုင်းဟာ
ဖျောင်းကနဲကျိုးပြီး
ပန်းပွင့်တွေအဖြစ်
အဆုပ်လိုက်အဆုပ်လိုက်ပွင့်သွားတယ်။
ဘာဘူနဲ့ငါ
သေတ္တာအတူရွှေ့တယ်။ မဲပုံးတစ်ပုံးနဲ့ငါ
ပေါင်းသင်းနေထိုင်တယ်။
ဒီမျောက်ကဗျာဟာ
ငါရဲ့နောက်ဆုံးတောကဗျာ၊
အစွန်းရောက်ဗုဒ္ဓဝါဒီတစ်ယောက်ရဲ့
နောက်ဆုံးဂျီဟာ့ဒ်၊
မျောက်တွေရဲ့နောက်ဆုံးဒုံးပျံခရီးစဉ်ဖြစ်တယ်။
ခြောက်နှစ်သားငါဟာ
အခုငါရပ်နေတဲ့ ဝရံတာပေါ်မှာရပ်ပြီး
တောင်ခြေဆီကရန်ကုန်မြို့ကိုကြည့်တယ်။
ရောင်နီကွဲအက်လာတာကို
ကြည့်တယ်။
ရောင်နီဟာပန်းဆီရောင်ထနေတယ်။
ငါ့ရဲ့ရေခဲမုန့်ဟာလည်း
ပန်းရောင်ဖြစ်တယ်။ Fuck
you, ပန်းရောင်!
မျောက်တွေရဲ့ဟော်လိုကော့စ်ပြီးတဲ့နောက်
မျောက်ကဗျာရေးတာဟာ
လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။
ဒါဟာငါ့ရဲ့နောက်ဆုံးမျောက်ကဗျာ၊
ဒါဟာကလေးသူတို့သမီးရဲ့
နောက်ဆုံးကိုယ်ဝန်ဖြစ်တယ်။
မောင်ဒေး
၂၉
ဂျွန် ၂ဝ၁၃
No comments:
Post a Comment