Monday, November 26, 2012

လှပသောအရာများနှင့် နက်နဲသိမ်မွေ့သောအရာများအကြောင်း

အသိပညာဟာလှတယ်၊ နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။
                                                                                      --- ခါးန့်ထ်

၁။

ရေဒီယိုဟာ အပူမီဒီယာဖြစ်တယ်။
တယ်လီဗီးရှင်းက အေးတယ်။*

ရုရှားနိုင်ငံမှာ ရထားခရီးစဉ်တစ်ခုဟာ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တယ်။
ရှီကာဂိုမြို့ကိုရထားနဲ့သွားတာဟာ ရုပ်ရှင်တစ်ကားဖြစ်တယ်။
မိုင်ယာမီမြို့ကိုလေယာဉ်နဲ့သွားတာဟာ
ဘေးဒုက္ခဆိုးတွေအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်။

ကျောက်ထင်းရှုးပင်တစ်ပင်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။
ညောင်မုတ်ဆိတ်ပင်တစ်ပင်ဟာ
ရေ့ဖ်ဝေါ်လ်ဒိုအီမာဆန်ရဲ့စကားပြေဖြစ်တယ်။

အမျိုးသမီးတစ်ယောက်ရဲ့အတွင်းခံဟာ(ဘယ်သမိုင်းခေတ်မှာမဆို) ကဗျာဖြစ်တယ်။
အမျိုးသားတစ်ယောက်ရဲ့အတွင်းခံဟာ(ဘယ်သမိုင်းခေတ်မှာမဆို) စကားပြေဖြစ်တယ်။

အမျိုးသမီးဝတ်အောက်ခံဘောင်းဘီ(အဖြူရောင်၊ ပိုးသား၊V အက္ခရာပုံ) တွေဟာလှတယ်။
အမျိုးသားဝတ်စပိုတာအောက်ခံဘောင်းဘီတွေဟာ နက်နဲသိမ်မွေ့တယ်။

ယုံမှားလွန်စိတ်ဝေဒနာဟာ ကဗျာဖြစ်တယ်။
အိပ်မရရောဂါဟာ စကားပြေဖြစ်တယ်။


၂။

သေဆေးအထိုးခံပြီး သေပွဲဝင်တာဟာ စကားပြေဖြစ်တယ်။
ကြိုးဆွဲချပြီးသေတာဟာ ငြီးငွေ့စိတ်ပျက်စရာကောင်းတယ်။
သေနတ်နဲ့ကွပ်မျက်ခံရပြီးသေတာဟာ မြင့်မြတ်ပြီး နက်နဲသိမ်မွေ့တယ်။

ဟိုးမားဟာ ကြေကြေကွဲကွဲ နက်နဲသိမ်မွေ့တယ်။
စီးကရက်တွေ အထူးသဖြင့် Camel နဲ့ Lucky တို့ဟာနက်နဲသိမ်မွေ့တယ်။

ဆေးပြင်းလိပ်တွေဟာ နက်နဲသိမ်မွေ့တယ်။
ဆေးတံတွေဟာ လှတယ်။

ရှောလမွန်သီချင်းဟာ လှတယ်။
ကမ္ဘာဦးကျမ်းနဲ့ ယောဘဝတ္ထုတို့ဟာ နက်နဲသိမ်မွေ့တယ်။

ဟေရှာယဟာ နက်နဲသိမ်မွေ့တယ်။ ပထမမြောက်ရှမွေလနဲ့
ဒုတိယမြောက်ရှမွေလတို့ဟာ နက်နဲသိမ်မွေ့တယ်။
ရုသဝတ္ထုဟာ လှလည်းလှ၊ နက်နဲသိမ်မွေ့မှုလည်းရှိတယ်။
ဝါ့ဒ်စဝါ့သ်ဟာလှတယ်။ ကိ(တ်စ်)ဟာ နက်နဲသိမ်မွေ့မှုလည်းရှိ၊ လှလည်းလှတယ်။

အသိပညာဟာ လှတယ်။
နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။


ဒေးဗစ်လေးမန်း
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ David Lehman ရဲ့ On the Beautiful and Sublime ကဗျာကိုပြန်ဆိုပါတယ်) 

*မီဒီယာသီအိုရီပညာရှင် မာရှယ်မက္ကလူဟန် (၁၉၁၁-၁၉၈ဝ) ရဲ့ ၁၉၆၄ ခုနှစ်ထုတ် Understanding Media: The Extension of Man စာအုပ်ထဲမှာ “အပူမီဒီယာ” နဲ့  “အအေးမီဒီယာ” (Hot & Cool Media) အကြောင်းပြောခဲ့ပါတယ်။ မီဒီယာစားသုံးသူကိုယ်တိုင်ပါဝင်ပြီး အဓိပ္ပါယ်ရှာဖွေ၊ စိတ်ကူးပုံဖော်၊ ဖြည့်စွက်စဉ်းစား စတဲ့ထည့်ဝင်မှုတွေလုပ်ရတဲ့ မီဒီယာကို “အအေးမီဒီယာ” (ဥပမာ၊ တယ်လီဗီးရှင်း၊ ရုပ်ပြစာအုပ်) နဲ့ စားသုံးသူဘက်က ဘာမှထွေထွေထူးထူးမလုပ်ရဘဲ အရန်သင့် စားသုံးလို့ရတဲ့မီဒီယာကို “အပူမီဒီယာ”(ဥပမာ၊ရေဒီယို၊ ရုပ်ရှင်ဇာတ်ကား) လို့မက္ကလူဟန်က ခွဲခြားသတ်မှတ် သုံးသပ်ခဲ့ပါတယ်။

Saturday, November 24, 2012

ငါ၊ သီဟတင်စိုး၊ သီဟတင်စိုးနဲ့ငါ

ငါအိပ်ရာဝင်တဲ့အချိန်ဟာ ဘေးခြံကပိုလာဝက်ဝံတွေ အိပ်ရာထတဲ့အချိန်နဲ့
ကွက်တိပဲ။ အပျော်ရှာမယ်ဆိုပြီး နွားကမြို့ပေါ်တက်သွားတယ်။
ဒီတစ်ကြိမ် သမိုင်းဟာ ပေါ့ရွှတ်ရွှတ်ဟာသအဖြစ်နဲ့ အရင်ပြန်လာတယ်။
တောင်ကိုရီးယားမှာအလုပ်သွားလုပ်တဲ့သူငယ်ချင်း ဒုတိယအကြိမ်ပြန်လာတယ်။

အခုပန်းခြံလုပ်ထားတဲ့နေရာတွေဟာ တစ်ချိန်က လူသတ်ကုန်းတွေပေါ့။
စီးတီးမာ့တ်ရဲ့အူလမ်းကြောင်းမှာ သကြားမင်းအနာရင်းနေတယ်။
ဟေ့ ဖြူဖြူ၊ မနေ့ညက နင့်ရဲ့အသံထဲမှာ ငါ့ရဲ့ကွန်ဒုံကျန်ခဲ့တယ်။
ဒီနေ့နင်သီချင်းဆိုတော့ တုန့်ပြန်မှုဘယ်လိုရှိသလဲ။

ခါကာဘိုရာဇီကို ဒါလဟိုဇီဘက် သူတို့ရွှေ့ထားကြတယ်။
ငါ့ကိုသေအောင်မသတ်နိုင်တဲ့အရာဟာ ငါ့ကိုပိုတောင်ခွန်အားကြီးစေတယ်။
လူဝင်မှုကြီးကြပ်ရေးရဲ့ မယားပါကလေးကို မင်းဆီလည်း
ငါ Tag လုပ်ပြီး ပို့လိုက်တယ်။

မောင်ဒေး
၂၃ နိုဝင်ဘာ ၂ဝ၁၂

Monday, October 29, 2012

သွေးထဲကဆား

ငါ့ကိုကုမ်ရာသီရဲ့ ရေဖွေးဖွေးထဲမှာမွေးတယ်။
လားတွေဟာအပျိုစင်မဟုတ်ပေမယ့် လူသတ်သမားဟာ
ငါ့သူငယ်ချင်း။ ဂျေရုဆလင်မှာငါမနေဘူး။
တရုတ်ပြည်လောက်ကြီးတဲ့ အံ့အားသင့်မှုဟာ ဝက်မျက်နှာနဲ့လာတယ်။

မိဘမဲ့တွေရဲ့ချက်ကြိုးနဲ့ ကြိုးတစ်ချောင်းကိုငါကျစ်တယ်။
ငါဟာအချက်အလက်။ မင်းမဟုတ်တဲ့အရာတိုင်းဟာ
ငါ ဟုတ်လည်းဟုတ်တယ်၊ ငါ မဟုတ်လည်းမဟုတ်ဘူး။
ဘုရင့်နောင်ရဲ့လှော်တက်ကို ကျစ်နေအောင်ကိုင်ထားပေါ့။

ဂေါတမမြတ်ဗုဒ္ဓဟာ ပရိဘောဂမဟုတ်ဘူး။
သမ္မတကြီးရဲ့ဖင်ကို ကြုံရင်ကြုံသလိုဆိတ်ကြရမယ်။
ငါတို့မှာနည်းပညာရှိတယ်။ တောင်ပေါ်သူရဲ့
ပလိုင်းထဲမှာ ကင်ဆာတွေအပြည့်။

လူသေကောင်ပါးစပ်ကနေ ပိုးစုန်းကြူးထွက်လာတယ်။
နိုင်ငံတော်အလံမှာ စပါးနှံပုံကိုငါတို့မလိုတော့ဘူး။ တစ်ယောက်က
ခွေးအကောင် ၁ဝဝကို တစ်ကြိမ်ပြန်ကိုက်ပြီး နောက်တစ်ယောက်
က ခွေးတစ်ကောင်ကိုအကြိမ် ၁ဝဝ ပြန်ကိုက်တယ်။

ငါဟာအဲဒါကိုဘယ်လိုတပ်ဆင်ရမလဲဆိုတာရဲ့ငွေဝယ်ကျွန်။
ငါလာပြီး ငါသွားတယ်။ ချစ်တတ်ရင် အချိန်မဖြုန်းနဲ့။
ပါဝါဟာကဗျာဆရာကိုအစာခြေတယ်။
ငါမထည့်ရသေးခင် သူအော်တယ်။

မောင်ဒေး
၂၈ အောက်တိုဘာ ၂ဝ၁၂

Friday, September 28, 2012

အမျိုးသားနေ့အထူးထုတ်စာစောင်အတွက်ကဗျာပို့ခြင်း

မိုးပေါ်ကကျလာခဲ့ နိုင်ငံသားကတ်ပြားတွေ
ဆပ်ကပ်ထဲက စကားပြောရုပ်သေးတိရစ္ဆာန်တွေဟာ
ပျဉ်းမငုတ်တိုထဲကဇာတ်ဝင်ခန်းကို ပြန်လည်
သရုပ်ဆောင်ပြရင်း ဝမ်းသာပီတိကနေရူးသွားရတဲ့အထိ
(သူအိပ်မက်ကိုဆက်မက်တယ်) အဆုပ်ထဲကဒေတာကို
ခိုးဖတ်သွားခဲ့ အလောင်းကို ၈ပိုင်း ပိုင်းပြီးပင်လယ်ထဲပစ်ချ
                      သိုက်တူးပြီးပြန်အလာမှာ
တည်နေရာမိုးသားမည်းမည်းထဲ လမ်းပေါ်ထွက်ဆန္ဒပြ
ဒြပ်နှောထဲကကူဖော်လောင်ဖက်တွေ ပယောဂနဲ့ပလိပ်
ည ၈နာရီတိတိမှာ ဦးနှောက်ကျောက်ကျောဖတ်တွေပို့လိုက်တယ်
စကားပြောသူ။      ။ဒီမိုကရေစီဟာ ပန်းတိုင်ရဲ့ပန်းတိုင်၊
ပန်းမြိုင်လယ်က ပန်းတောင်ကိုင်
စကားမပြောသူ။      ။သူတို့ကို.....ပေး......မဝင်......နဲ့
စကားပြောသူ။      ။ငါ့စကားဟာပြည်သူ
စကားမပြောသူ။      ။သူတို့ကို.....ပေး......မထွက်......နဲ့
ဆွဲကိုင်ထားတဲ့လက်ဟာ ဆုပ်ထားတဲ့လက်သီးရဲ့
မာဂျင်တာ ပိုးအိမ်ငယ်လောကသုံးပါး
ညူရိုးဆစ်ပညာရှင်တွေရဲ့တာဝန်
တောင်ကုန်းပေါ်မှာအလံဖြူစိုက် စားလို့သူတို့ပြောတယ်
သွားလို့သူတို့ပြောတယ် သေလို့သူတို့ပြောတယ်
ဧည့်သည်တွေအတွက် စကားလုံးတွေဟာအခမဲ့ပါ
ဖြဲရဲကြည့်တဲ့အခါ ဘာသာပြန်မူအသစ်
ဆိုင်းဘုတ်ဟောင်းတစ်ခုပေါ်က မှုန်ဝါးဝါးပန်းစာလုံးတွေပေါ့
သင့်အမျိုးကိုချစ်ပါလေ (စွန့်ပစ်ထားတဲ့တိုက်ခန်းအဟောင်းလား၊
စက်ရုံဟောင်းကြီးတစ်ခုလား)
ဒီဇိုင်းအားဖြင့်ပွင့်လင်းခြင်းဟာ နောက်ကျပြီးမှရောက်လာသလို
                 အ,လည်းအနေခဲ့   ကလေးတွေက
ခေါင်းတွေကိုဝါးချွန်နဲ့ထိုး ခေါင်းပေါ်မှာဟယ်လီကော်ပတာ
ဖြတ်မောင်းတဲ့အခါ ဇာတ်ထုပ်တစ်ခုလုံးဟာ
၁၅စက္ကန့်စာ ရေဒီယိုသတင်းအဖြစ်ကျုံ့ဝင်သွား အရိုးကို
ခြင်္သေ့တွေရဲ့ပိုင်နက်ထဲလွှင့်ပစ်လိုက်သလို
                                    တစ်နေ့နေ့မှာ
ပုလင်းထဲကပုစဉ်းတွေကို လွှတ်ပေးမယ်လို့
သူဆန္ဒပြုခဲ့

မောင်ဒေး
၂၅ စက်တင်ဘာ ၂ဝ၁၂

Wednesday, September 26, 2012

ဂလက်စီအသစ်ကိုတွေ့ခဲ့ကြလေပြီ

ငါတို့ရဲ့ဒေါသကို တစ်နေရာမှာသွားထားလိုက်တဲ့အခါတိုင်း အဲဒါဟာ မြို့တစ်မြို့ရဲ့ကျုံး
တစ်ခုဖြစ်လာတယ်၊ နောက်တစ်ကြိမ်မှာ မြို့တံခါး၊ နောက်တစ်ကြိမ်မှာ ပုလ္လင်ဆောင်..
..စသဖြင့်။ အဲဒီဒေါသဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုငြင်းနေတဲ့ အစုပိုင်စိတ်အခြေအနေ
တစ်ရပ်လို၊ လူသိပ်မသိတဲ့နိုင်ငံတစ်ခုမှာ အစာလမ်းကြောင်းမပါဘဲ အသက်ရှင်နေတဲ့
သတ္တဝါတစ်ကောင်လို ငါတို့ရဲ့အဇ္ဈတ္တထဲမှာ စတည်းချဖို့ကြိုးစားနေခဲ့တယ်။

တစ်ချိန်ကဗီယက်နမ်ဟာ
အခုတော့ အစွန်းရောက်အစ္စလာမ်ဖြစ်ခဲ့ပြီ
လက်လုပ်ပစ္စည်းတစ်မျိုးက သူ့အတွင်းမှာပေါက်ကွဲသွားပြီး
သူ့နှာခေါင်းကနေ အတောင့်လိုက်ထွက်ကျလာခဲ့တယ်
ဒါကို ရပ်ကွက်ထဲက လူငယ်တစ်ယောက်ဟာ
သူ့မိဘတွေအလစ်မှာ Download လုပ်နေခဲ့တယ်
မမြင်ရတဲ့ကြိုးမျှင်အရှုပ်အထွေးကြီးထဲမှာ
ရမ္မက်အနံတစ်မျိုးရှိတယ် ဆိုတာသိတယ် ထောက်လှမ်းလို့
မရနိုင်တဲ့ ဆက်ထုံးလွဲရွေ့လျားမှုတစ်မျိုးနီးပါး မျိုးတူအုပ်စုတွေထဲမှာ
အစိမ်းသက်သက်      ဒေါသဖြစ်နေတဲ့လူအုပ်ဟာ
ငါ့ရဲ့ခြင်ထောင်အပြင်ဘက်မှာ ညတိုင်းငုပ်တုပ် မျိုးတူအုပ်စုတွေရဲ့အပြင်မှာ
ငါဘာတွေတွေးနေခဲ့သလဲ

ကောင်းကင်နဲ့မြေကြီး အတူတွဲလာတာကို
အိမ်ရဲ့အတွင်းပိုင်းကိုမြင်ရသလို ငါမြင်ရတယ်။
ပါကစ္စတန်နဲ့ ဆီးရီးယားက 1Mbps ရဲ့အပြင်မှာပဲ ရှိလေရော့သလား။
ချစ်ရသူ တစ်ကိုယ်လုံးကျည်ရာအပြည့်နဲ့ အိမ်ထဲဝင်လာတယ်။

မကြားရတာကြာပြီဖြစ်တဲ့ စကားတစ်ခွန်းဝင်လာတယ်။
ငါတောင်ပြုံးရာကနေ ရယ်မိမလိုဖြစ်ခဲ့ရတယ်။
အစပြုခြင်းရဲ့အသားသဘောကို ငါစစ်ကြောနေတုန်း
အားလုံးကအစပြုဖို့ အာသာငမ်းငမ်းမျှော်နေကြတယ်။

တီကောင်တွေဟာ
စောစောအိပ်ရာဝင်တတ်တဲ့
ချိုးငှက်တစ်ကောင်ရဲ့
ဝမ်းဗိုက်ထဲမှာ
သူတို့ရဲ့ဂလက်စီအသစ်ကို
တွေ့ခဲ့ကြလေပြီ။
သတင်းအချက်
အလက်တွေဟာ
မြောက်မြားစွာသော
ရုပ်ပုံကားချက်တွေလို
တစ်ခုနဲ့တစ်ခု
ပေါင်းစည်းသွားပြီး
ဟောဒီမှာငုပ်တုပ်
ထိုင်နေတဲ့ ဒေါသ
ဖြစ်လာခဲ့တယ်။
အသိဥာဏ်အနည်းဆုံး
အကောင်က အသံ
အကျယ်ဆုံးပဲ။
ပြန့်ပွားနှုန်းမြင့်တဲ့
စွမ်းအင်တစ်မျိုးက
ဖန်သားပြင်ပေါ်မှာ
ဗြုပ်ထ။
တစ်ချိန်တည်းမှာပဲ
ငါတို့အားလုံးဟာ
တကယ်အစပြု
နေခဲ့ကြပြီလား။

မောင်ဒေး
၂၃ စက်တင်ဘာ ၂ဝ၁၂

Tuesday, September 25, 2012

နံရံကိုကျွန်မခေါင်းနဲ့ဝင်ဆောင့်ပစ်ခဲ့တယ်

ကလေးအရွယ်တုန်းက
သူတော်စင်
ဖြစ်ဖို့ဆိုပြီး
ကျွန်မရဲ့လက်ချောင်းကို မီးထဲထိုးထည့်ခဲ့တယ်။

ဆယ်ကျော်သက်အရွယ်မှာ
နံရံကိုခေါင်းနဲ့ နေ့စဉ်ဝင်ဆောင့်ပစ်ခဲ့တယ်။

မိန်းမပျိုလေးဖြစ်လာတော့
ခုန်ချဖို့ဆိုပြီး
ထပ်ခိုးပြတင်းပေါက်ကတစ်ဆင့်
အမိုးပေါ် ကျွန်မတက်ခဲ့တယ်။

မိန်းမကြီးအရွယ်ရောက်တော့
ကျွန်မတစ်ကိုယ်လုံးမှာ သန်းတွေမြင်မကောင်းဘူး။
ကျွန်မရဲ့ဆွယ်တာကို မီးပူတိုက်တဲ့အခါများ
ပေါက်ပေါက်ဆုပ်တွေလို တဖောက်ဖောက်။

ကွပ်မျက်ခံရဖို့အရေး မိနစ်ခြောက်ဆယ်
ကျွန်မစောင့်ခဲ့ရတယ်။
အနှစ်ခြောက်ဆယ် ဆာလောင်ခဲ့ရတယ်။

အဲဒီနောက် ကလေးတစ်ယောက်ကိုကျွန်မမွေးတယ်၊
အိပ်စက်စေခြင်းလုံးလုံးမရှိဘဲ
ကျွန်မကို သူတို့ထုဆစ်ကြတယ်။

အဲဒီနောက် မိုးကြိုးကကျွန်မကို သုံးကြိမ်ပစ်တယ်။
ဘယ်သူ့အကူအညီမှမပါဘဲ
သေရာကနေ သုံးကြိမ်ပြန်ထလာရတယ်။

သုံးကြိမ်သုံးခါ ရှင်သန်ထမြောက်ခဲ့ပြီးနောက်
ကျွန်မအခုအနားယူနေပါတယ်။

အန်နာဆွားရ်
မြန်မာပြန်-မောင်ဒေး

(ပိုလန်ကဗျာဆရာမ Anna Swir ရဲ့ I Knocked My Head against the Wall ကဗျာကိုပြန်ဆိုပါတယ်)

Sunday, September 23, 2012

“အိမ်ဆိုတာနှလုံးသားတည်ရာနေရာ”လို့ သူတို့ပြောကြတယ်။ ကျွန်မကတော့ အိမ်ဆိုတာ အိမ်ရယ်၊ သူနဲ့ကပ်လျက်က အဆောက်အဦတွေရယ် ရှိတဲ့နေရာလို့ပဲထင်တယ်။ (အမ်မလီဒစ်ကင်ဆန်)

အချက်အလက်

အားလားလား

အခန်းတွေဟာအချုံ့ခံထားရ မြူတွေရဲ့နှစ်ခုတွဲ လိုအပ်ချက်

ရေယာဉ်စု
ထဲမှာ ချင့်ချိန်တွက်ဆမှုမရှိခြင်းရှိတယ် ဖဲလ်စ်ပွိုင့်ရပ်ကွက်က
စာချုပ်ကို ရှင်းသန့်တဲ့စိတ်နဲ့ ဂျွတ်ကနဲမြည်အောင်ချိုးလိုက်စဉ်

မရူးသကဲ့သို့
ခံစားပါ၊ ပြီးတော့ ပညာရှင်တွေကိုပူးတွဲလုယက်ပါ

မင်းကဆေဇန်းပဲ
စွဲလန်းငြိတွယ်ရမှာကို မင်းကြောက်တယ်

ဂျွန်လဟာ စာရေးစားပွဲနဲ့ ဝေဒနာအနာတရ၊ ဝေါ်လ်ဒင်န်၊ အချစ်ကဗျာများ၊ သတ်ဖြတ်ရန်
တိရစ္ဆာန်များ---NY အတွက်ကျန်ရစ်တဲ့
မျက်လုံးနဲ့တပြေးညီမှာ ကျောက်မျက်ရတနာ
အချိန်ဟာ
စွန့်ပစ်ထားတဲ့သစ်သီးအခွံမာတွေကို အထက်ဘက်ရောက်အောင် မောင်းနှင်ခဲ့

အံမယ်အံမယ်နတ်သမီးဟာ
ဗဟိုကျတဲ့နေရာက အခရာပေပဲ
ပြီးတော့ ဟောဒီအပြစ်အနာအဆာများတဲ့ အားအင်ကုန်ခမ်းခြင်းထဲမှာ
ဆင်စွယ်ဂီတကို ကောက်နုတ်ရွေးချယ်တယ်
အကျိုးတူဖလှယ်ခြင်းဥပဒေကိုလည်း ရှုပါလေ
တိရစ္ဆာန်ခြေဖဝါး သို့မဟုတ် တိရစ္ဆာန်ခြေဖဝါး
ကယ်ဆယ်ခြင်းဆိုင်ရာအာရုံကြောဟာ
မဆိုရုံကလေးအကွာ အပဲ့ကလေးအဝေးမှာ ပျော်ဝင်နိုင်စွမ်းရှိ
မသိမသာရဲ့ကြွားဝါမှု
ခုံးကောက်သူရဲ့ကာလပြပုံသဏ္ဍာန်

အကျဉ်းရုံးဖော်ပြမှုထဲက ပိတ်ထားတဲ့မိုးဟာ ရှေ့သို့။

ရင်တွင်းမီးရဲ့ မီးခံသံဘောင်


ရော့ဒ်စမစ်သ်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Rod Smith ရဲ့ They say that “home is where the heart is.” I think it is where the house is, and the adjacent buildings ကဗျာကိုပြန်ဆိုပါတယ်)