Friday, May 22, 2015

ရေအောက်သစ်တောများ


အသစ်တည်ဆောက်ထားတဲ့မြို့ရဲ့ ကျောက်ခဲပုံတွေကြား လှဲအိပ်ကြရတဲ့အခါ၊
(မြေကြီးရဲ့) မို့မောက်ရုန်းကြွမှုမှာ ရေအောက်ကသစ်တောတွေ ယိမ်းခါကြတဲ့အခါ၊
လူ့အရေပြားနဲ့လုပ်ထားတဲ့ ပုလွေကိုမှုတ်ဖို့ ပုရိသတေးသံသွင်းဆိုင်ရှေ့မှာ
တန်းစီစောင့်ကြရတဲ့အခါ…အဲဒါတွေဟာ ရှုမငြီးဖွယ်အသစ်နေထိုင်ခြင်းတွေပေါ့။
(မြေကြီးရဲ့) ထိတ်လန့်မှုဟာ သေနတ်ကိုင်ပြီးပြေးလာတဲ့ လူ့အန္ဓတစ်ယောက်ပေါ့။
ချောင်းထဲမှာပျောက်သွားတဲ့ ပုဆိန်ပေါ့။ နဝေတိမ်တောင်ဖြစ်နေတဲ့ တောင်ဘက်က
တိမ်တွေပေါ့။ အချိန်ဆိုတာတွေ လျော့ပါးပွန်းပဲ့မသွားခင် ကမ္ဘာကြီးရဲ့ဝင်ရိုးပေါ်
ခွထိုင်ပြီး (ရေအောက်သစ်တောတွေရဲ့) ပုရစ်ကြော်တွေကို စားနေမိတယ်။
ကျွဲနှစ်ကောင်ကြားကမြေစာပင်ကို စားနေမိတယ်။ နှာခေါင်းရှေ့မှာဝေ့ဝဲဆန်တက်
သွားတဲ့ လေချဉ်တက်သံကိုကြားမိတယ်။ လေချဉ်ဟာ ကမ္ဘာကုန်ကျယ်သရွေ့
ပြန့်ကားသွားပြီး၊ သည်းခြေပျက်ခြင်းရဲ့ သင်္ချိုင်းဟောင်းတွေကို ပြန်ဖော်တယ်။
စားနေတာတွေကိုလည်း ကြားမိတယ်။ ပြောင်းဖူးဟာ ကျီးကန်းရဲ့ပါးကို
ကိုက်လိုက်မိတယ်။ လျှပ်စစ်ကုလားထိုင်ပေါ်တက်သွားတဲ့ အမြိုက်တရားကြောင့်
ခရီးပန်းနေချိန်မှာတောင် မငိုက်မိအောင် သတိထားလိုက်မိတယ်။ မြေကြီးပေါ်က
လူအရေအတွက်ကို မြေကြီးအောက်ကလူအရေအတွက်နဲ့လည်း စားမိတယ်။
ခမာလူသတ်ကွင်းထဲမှာ မီးတွေထွန်းတယ်၊ အရိုးခေါင်းတွေ ရယ်ကြတယ်။

မောင်ဒေး
၂၇ ဖေဖော်ဝါရီ ၂ဝ၁၅
စရင်စထရန်၊ ကမ္ဘောဒီးယား

Wednesday, December 10, 2014

ထုံးဖြူစေတီများဆီ ခြတောင်ပို့များယူဆောင်သွားခြင်း


၁။
ဘောက်ထော်မှာ ဗေဒင်ဆရာတစ်ယောက်ရှိတယ်။
တစ်နေ့ကျရေထဲမှာ ကျောက်တုံးတွေပေါ်လာလိမ့်မယ်လို့ သူဟောတယ်။ အမှန်က ဒီရေကို
ဖောက်ထွင်းပြီး ငါတို့ကကြည့်တတ်ရမှာလို့ ကွယ်လွန်သူဂျွန်အက်ရှ်ဘရီကရေးခဲ့တယ်။
သာလိကာတွေကတော့ သူများကသင်ပေးလို့သာ လိုက်ပြောရတယ်။
တကယ်က စာမတတ်ကြဘူး။ အပေါ်ကိုထိုးထောင်တက်သွားတဲ့ ရေတံခွန်ဟာ
အောက်ကိုငုံ့မကြည့်တော့ဘူး။ ယူနန်ပြည်နယ်ကတက်လာတဲ့အုပ်စုက
ဆိပ်ကမ်းသာလမ်းထိပ်မှာ ထမင်းကြော်ထွက်စားတယ်။
လမ်းမီးတိုင်အောက်ကအရိပ်တွေ တိုဝင်သွားကြတယ်။ ဒါကို ယုံကြည်ဖို့ခက်တယ်။
ဒါကိုငါ ခက်ခက်ခဲခဲယုံကြည်တယ်။ မျက်နှာဖုံးက မင်းတို့ကိုပြန်ချွတ်သွားပြီလို့
ဇေယျာလင်းက သူမကွယ်လွန်ခင်မှာ ရေးခဲ့တယ်။

၂။
လောကုတ္တရာရဲ့အမှားတွေဟာ လောကီထဲကိုရောက်တော့ ခြတောင်ပို့တွေ
ဖြစ်သွားကြတယ်။ အဲဒီခြတောင်ပို့တွေကို အမွေးတိုင်ထွန်းပြီး ငါပူဇော်လိုက်တယ်။
ရပ်ကွက်ဈေးထဲမှာတော့ ကိုယ်ကိုယ့်ကိုယ်သတ်သေတဲ့နှုန်းက မြင့်တက်လာ
နေတယ်။ ငါ့ရဲ့ခြံစည်းရိုးပေါ်ကခရုဟာ အမြဲလိုလို အိပ်ရာထနောက်ကျတယ်။
သူ့ကိုမပုကြွယ်လို့ ငါနာမည်ပေးထားတယ်။ မပုကြွယ်ဟာ “မျက်လုံး”လို့
သူနာမည်ပေးထားတဲ့ ငါ့ရဲ့လက်မောင်းပေါ်ကိုတက်ရတာ ကြိုက်တယ်။
သူနဲ့ငါ အိမ်အဝမှာအတူထိုင်ပြီး ခြင်တွေကိုကြည့်ကြတယ်။
လောကီရဲ့အမှားတွေဟာ လောကုတ္တရာထဲကိုရောက်တော့ ထုံးဖြူ
စေတီလေးတွေဖြစ်သွားကြတယ်။ မပုကြွယ်နဲ့ငါခရီးထွက်တော့
တောင်ပေါ်က စေတီဖြူဖြူလေးတွေကို ရေတွက်လာခဲ့ကြတယ်။

၃။
အညာဘက်ကနေမြို့ကိုလာလည်တဲ့ အဖိုးလေးတစ်ယောက်ရှိတယ်။
ဘယ်သူနဲ့မှ စကားမပြောဘဲ အုန်းပင်ပေါ်တက်ပြီးတစ်နေကုန်
ထိုင်နေတယ်။ သူ့ရဲ့ဂွေးက ခါးတောင်းကျိုက်ရဲ့အပြင်ကို ထွက်ကျနေတယ်။
အုန်းပင်ပေါ်မှာ ၆ ရက်ပြည့်အောင်ထိုင်ပြီး အညာကိုသူပြန်သွားတယ်။
ရပ်ကွက်ထဲမှာတော့ ရုက္ခစိုးကြီးဆိုပြီးသော်လည်းကောင်း၊ လပျော့ကြီး
ဆိုပြီးသော်လည်းကောင်း နာမည်တွင်ပြီးကျန်ရစ်တယ်။ သာလိကာ
ဘယ်သူလဲ၊ ဗေဒင်ဆရာဘယ်သူလဲ၊ လပျော့ကြီးကဘယ်သူလဲဆိုပြီး
လူတွေကမေးတယ်။ လူတွေဟာ အဖြေတွေကိုပဲ ထပ်ခါလဲလဲမေးကြတယ်။
တကယ်ဆိုဒါက “ငါတို့တိုင်းပြည်အတွက် ဘာများလုပ်ပေးနိုင်မလဲဟေ့”လို့
မနက်စောစောမှာကျတဲ့ နှင်းရည်ကြည်ပေါက်တွေကို သွားမေးနေတာမျိုးပဲ။

မောင်ဒေး

Monday, November 24, 2014

သစ်သီးကိတ် (Alternate Version)


ငါ့ရဲ့ရောဂါလက္ခဏာကို ငါပြန်စားတယ်။
ပြိုပျက်တိုက်စားခြင်းကို ငါဝယ်ယူသုံးစွဲတယ်။
အနာဂတ်ရဲ့တစ်နေရာမှာ ဂဝံခဲတွေဟာ ဝုန်းဒိုင်းကြဲပြီး
နယ်သစ်ပယ်သစ်တစ်ခုဖြစ်လာ။ အဲဒီနယ်သစ်ပယ်သစ်ကို
ရဲဘက်စခန်းလို့ပဲ ငါတို့လွယ်လွယ်ခေါ်လိုက်ကြမှာဖြစ်တယ်။
ငါငှားနေတဲ့အခန်းက ပျက်စီးခြင်းငါးပါးရဲ့လိပ်စာ။
လျှပ်စီးကိုငါထိလိုက်မိချိန်မှာ စာပို့ခိုတွေဟာ
သူတို့ရဲ့အတောင်ပံတွေကို သူတို့ကိုယ်တိုင်ပြန်ရိုက်ချိုး၊
သစ်ပင်မြင့်မြင့်ပေါ်ကနေခုန်ချပြီး လူ့ဘဝကိုရယူကြတယ်။
ကြံခင်းအလုပ်သမားတွေက ကြံစုပ်ရင်းသေရတယ်။
သစ်သီးတိုင်းကို သစ်သီးပုပ်လို့ပဲ ငါနာမည်ပေးခဲ့တယ်။
နေ့တွေကို ငါ့ရဲ့ချွေးနံ့နဲ့ရွှေ့ခဲ့သလို၊ ဆယ့်နှစ်လရာသီဟာလည်း
ငါ့ရဲ့သားမြတ်ကထွက်တဲ့နို့ရည်နဲ့ပဲ အရွယ်ရောက်ခဲ့တယ်။
သရက်သီးပုပ်တွေက မြေပြင်ပေါ်ကို တဘုတ်ဘုတ်နဲ့ကြွေကျ။
လက်သည်မရှိတဲ့အရပ်မှာလည်း ကလေးတွေဖွားမြင်ကြတယ်။
ငါ့ရဲ့ရောဂါလက္ခဏာကို ငါစားလည်းစားတယ်၊ ရောင်းလည်းရောင်းတယ်။

မောင်ဒေး

Sunday, November 9, 2014

မောင်ဒေး၏နာမည်ကိုထည့်၍ မှည့်ခေါ်ထားသောအရာများစာရင်း


အက်ပ်တိုစတီးချူးစ် မောင်ဒေးမီးယား - Aptostichus maungdaymia
(ယောက်ျားများ၏မုတ်ဆိတ်ထဲတွင် တွယ်ကပ်နေထိုင်သော ပင့်ကူငယ်တစ်မျိုး)

မောင်ဒေးဒမ် - Maungdaydom
(နောက်ဆုံးဗမာမင်းဆက်အုပ်ချုပ်ခဲ့သော မြန်မာပြည်)

မောင်ဒေးကလူးန် - Maungdayclune
(ရထားလက်မှတ်အဟောင်းများစုဆောင်းသူ)

ပါရာဂေါဒီးယပ်စ် မောင်ဒီးမီးယား - Paragodius maungdimia
(မနက်ဖက်အိပ်ရာမှထလျင်ထချင်း ထွေးထုတ်လိုက်သောသလိပ်ထဲတွင်ပါရှိသည့်
ကပ်ပါးပိုးကောင်တစ်မျိုး)

ဒေးလုသ် - Dayluth
(နိုင်ငံရေးသမားများစီးလာသည့် ကားထဲတွင် ကျန်ရစ်ခဲ့သည့်အနံ့တစ်မျိုး)

Maung Day Global Preparation Academy
(ပင်လယ်ဖျံများကို စနစ်တကျသုတ်သင်သတ်ဖြတ်ရေးအတွက် လိုအပ်သော
နည်းစနစ်များကိုသင်ကြားပေးသည့် စစ်အကယ်ဒမီ)

Maung Day Bend
(အင်းစိန်လမ်းမကြီးနားမှ ကိုးလောင်းကွေ့၏ ဘိုနာမည်)

မက်ဂါချီလီ ဒေးစကီးအီး - Megachile dayskii
(၄င်း၏တိုက်ခိုက်ခြင်းကိုခံရသောသတ္တဝါ၌ လိင်ပြောင်းလဲခြင်းကိုဖြစ်ပေါ်စေသည့်
နကျယ်ကောင်တစ်မျိုး)

ဆေလ်ဗီလားဂတ်စ် ပါလတ်စ်ထရစ် မောင်ဒယ်ရီ - Sylvilagus palustris maungderi
(မိတ်လိုက်မျိုးပွားနှုန်းအမြင့်ဆုံးဖြစ်သည့် ယုန်မျိုးစိပ်၏အမည်)

ကယ်လိုပလားကား မောင်ဒေး - Caloplaca maungdae
(၄င်းကိုရှုမိလျှင် ရှုသူကို မြန်မာဗိုလ်ချုပ်တစ်ယောက်၏အိပ်မက်ဆိုးထဲသို့
ရောက်သွားစေသည့် အဆိပ်မှိုတစ်မျိုး)

မောင်ဒေး

Tuesday, November 4, 2014

ရုပ်ရှင်ကဗျာ ၁၊ ၅၊ ၆


ရုပ်ရှင်ကဗျာ ၁

တစ်မြို့လုံးရှိ မီးလုံးများ၊ မီးချောင်းများ တစ်ခုချင်းစီ
ပိတ်သွားသည်။ ဘဝကိုငြီးငွေ့နေသူ လူငယ်တို့သည်
လမ်းပေါ်ထွက်လာကြပြီး အများသုံးရေကန်ထဲသို့
အမ်ဖီတမင်းဖျော်ရည်ဂါလံနှစ်ဆယ်ကို လောင်းထည့်လိုက်သည်။
ကန်ထဲမှငါးတို့ကိုဖမ်းကာ ကန်ပေါင်ပေါ်၌ပင် ကင်စားလိုက်ကြသည်။
ဘေးချင်းကပ်မြို့တွင် မီးများလင်းနေပြီး ၄င်းကို “ကြတ်ကုန်း”ဟုခေါ်သည်။
အမှောင်ကိုကြောက်သူတို့သည် အမှောင်ထဲတွင် လေချွန်တတ်ကြသည်။
သူတို့၏လေချွန်သံကိုပြန်ကြားကာ ပို၍ကြောက်သွားတတ်ကြသည်။
လေးကောင်ဂျင်ဝိုင်းတွင် ယောက်ျားမိန်းမတို့ ကြိတ်ကြိတ်တိုးနေ၏။
မြင်ကွင်းများထဲတွင် မီးလောင်နေသောပွဲဈေးတန်းက အလှဆုံးဖြစ်၏။
ဤကဗျာသည် အင်တာနက်လို၊ မူးယစ်ဆေးဝါးလို၊ ကော်ဖီနှင့်စီးကရက်လို
သင်၏စိတ်နှင့်ရုပ်ကို ထိခိုက်စေနိုင်ပါသည်။

(David Fincher Fight Club)




ရုပ်ရှင်ကဗျာ ၅





ကျွန်တော် အိပ်ရာမှထသည်၊ မျက်နှာသစ်သည်၊
 

အဝေးကြည့်မှန်ပြောင်းကို ကောက်ကိုင်သည်၊ အိပ်ရာမှထသည်။


လေနုအေးသည် လမ်းကြားထဲမှခွေးသားအမိကို အဝတ်လဲပေး၏။


နောက်ဖေးအိမ်မှမိန်းကလေးသည် မိကျောင်းအရေခွံကိုချွတ်၍


ဖွတ်အရေခွံကိုလဲဝတ်၏။ ကျွန်တော်တို့၏ရပ်ကွက်သည် ကမ္ဘာ၏


အလယ်တည့်တည့်တွင် ရှိပါသည်။ ကျွန်တော်တို့ရပ်ကွက်၏ဆောင်ပုဒ်--


ကျွန်ုပ်တို့၏မိတ်ဆွေများအဆင်ပြေလျှင် ကျွန်ုပ်တို့ဝမ်းနည်းသည်”


ခရုသင်းစွဲနေသောဆင်ကိုတော့ ဆင်ဖြူတော်ဟုခေါ်သည်။


ခယ်မရော၊ မရီးရော လိုက်ပွဲဖြစ်သည်ဟု အရပ်ထဲမှငနဲများကဆို၏။


လွန်ခဲ့သောငါးရက်လောက်က ခိုးရာလိုက်သွားသောစုံတွဲသည်


Melody World အစီအစဉ်တွင် ပြန်ပေါ်လာခဲ့သည်။


(Alfred Hitchcock Rear Window)


ရုပ်ရှင်ကဗျာ ၆

မှန်ကြည့်သောသူများကို ကြည့်မှန်ကမြင်သည်။
မှန်ပေါ်မှသနပ်ခါးစက်တို့ကို တံတွေးနှင့်ဖျက်သော်လည်း
အပွေးကိုမမြင်ခဲ့သူမှာ အပင်ကိုမသိချေ။
ရေချိုးဇလုံ၏ဆဲလ်ကိုယူ၍ ရေချိုးဇလုံနောက်တစ်ခုကို
ပြုလုပ်၍မရပါ။ မှန်တစ်ခါကြည့်တိုင်းသာ
ဆပ်ပြာမြှုပ်တို့၏အောက်သို့ ဝါးတစ်ပြန်စာနစ်ရသည်။
လက်မကြီးတစ်ခုသည် ဓါတ်ပုံပေါ်မှ မိသားစုဝင်တို့၏မျက်နှာကို
အကြိမ်ကြိမ်ပွတ်၍ ဖျက်၏။ အမှန်တကယ်အသက်ရှင်ခဲ့သူကော၊
မှန်ထဲ၌သာ အသက်ရှင်ခဲ့သူပါ နောက်ဆုံးတွင်သေကြရသည်။
မည်သို့ပင်ဆိုစေ သေသူ၏အုတ်ဂူကို မလေးမစားမပြုလုပ်အပ်ပါ။

(Yojiro Takita Departures)

မောင်ဒေး

ရုပ်ရှင်ကဗျာ ၂၁၊ ၂၂၊ ၂၃


ရုပ်ရှင်ကဗျာ ၂၁

မနေ့ကအထိရှိနေခဲ့သေးသောကမ္ဘာတွင် ဘာလုပ်၍ဘာကိုင်ရမည်ကို
ကျွန်တော်တို့သိကြသည်။ ကနေ့ဆောက်လုပ်ပြီးစီးသော အဖိုးနည်းအိမ်ရာ
သည် အပြင်ကကြည့်လျှင်ပို၍လှသည်။ ရေပိုက်ခေါင်းကိုပိတ်ဖို့ မေ့ခဲ့လျှင်
ဆူနာမီလာမည်။ ထမင်းစားပွဲပေါ်မှဇွန်းပြုတ်ကျလျင် ယောက်ျားတစ်ယောက်
ရောက်လာမည်ဖြစ်ပြီး၊ ခက်ရင်းပြုတ်ကျလျှင် မိန်းမတစ်ယောက်ရောက်
လာမည်။ ဓါးပြုတ်ကျခဲ့သော် လူမဟုတ်သောသတ္တဝါတစ်ကောင်
ရောက်လာမည်။ သက်တံကိုမြင်ချင်လျှင် မိုးရွာတာကိုသည်းခံဖို့လိုသည်
ဟူသောစကားသည် ကလေးတို့အတွက် အလုပ်ဖြစ်သော်လည်း
လူကြီးတို့အဖို့မူ မကောင်းမှု၏ရှိနေခြင်းကိုသိဖို့ရာ စစ်ပွဲတွင်သေရသော၊
သို့မဟုတ် အစာငတ်သေရသောကလေးတို့၏ဓါတ်ပုံများလိုအပ်သည်။
မနေ့ကအထိရှိနေသေးသောကမ္ဘာသည် လူအများကြားတွင် တိုးဝှေ့ထိုင်
လိုက်ပြီး လက်ဖက်ရည်ကိုတစ်ကျိုက်မော့လိုက်သည်။ လက်ခုပ်တီးလျှင်
တောထဲမှကျားလာမည်။ ရေပိုက်ခေါင်းကိုပိတ်ဖို့မေ့ခဲ့လျှင် ဆူနာမီလာမည်။

(Rodrigo Gudiño The Last Will and Testament of Rosalind Leigh)


ရုပ်ရှင်ကဗျာ ၂၂

ကျွန်တော်၏ဝမ်းနည်းနေသောစိတ်ကို ကြက်ကင် ဝယ်ကြွေးလိုက်သည်။
ဆိုင်းဘုတ်များကိုင်၍ စုရုံးစုရုံးလုပ်နေသောလူအုပ်ကို စတော်ဘယ်ရီအနံ့
ပါသော သကြားလုံးများ ဝယ်ကြွေးလိုက်သည်။ ပိန်းရွက်များ
ခူးကြွေးလိုက်သည်။ လမ်းဘေးတွင်ခိုးကူးခွေများ လိုက်လံဖမ်းဆီးနေသော
ရဲများကို ကာလရွေ့လျားစက်ပေါ်သို့တင်၍ ကာလတရား၏အပသို့နှင်လွှတ်
လိုက်သည်။ ယခုမျိုးဆက်ကို ကျွန်တော်နားလည်ချင်သောအခါ ဇလုံထဲသို့
ပေရေနေသောအဝတ်များကိုထည့်ပြီး ရေနွေးဖျောရသည်။ ပိန်းရွက်များနှင့်
အကြိမ်ကြိမ်ဆက်ဆံဖူးသည်ဆိုလျှင် ခင်ဗျားကို ကျွန်တော်၏အကောင်းဆုံး
ဖောက်သည်အဖြစ် သတ်မှတ်မည်။ မာတင်လူသာကင်း၊ ဗိုလ်ချုပ်အောင်
ဆန်း စသောခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသောကြောင့် မြန်မာလူငယ်
တော်တော်များများ ကဗျာရေးလိုကြခြင်း ဖြစ်နိုင်သည်။ ကျွန်တော်သည်
ကျွန်တော်၏ဝမ်းနည်းနေသောစိတ်နှင့် ပလူးချင်သောအခါ သူကြည်ဖြူ
လာအောင် တစ်နာရီလောက်စည်းရုံးရသည်။

(Wes Anderson Rushmore)


ရုပ်ရှင်ကဗျာ ၂၃

ကျင်းထဲ၌ သူတို့အိပ်ကြသည်၊ သို့သော် လူသေများမဟုတ်။ အမဲလိုက်ကြသည်၊
သို့သော် မုဆိုးများမဟုတ်။ လူတို့၏အိမ်ထဲသို့ ဝင်ကြသည်၊ သို့သော်
ဧည့်သည်များမဟုတ်။ လူတို့ကို ဆေးတိုက်သည်၊ သို့သော် ဆရာဝန်များမဟုတ်။
လူတို့၏ကျောရိုးကို ခွဲစိပ်သည်၊ သို့သော် ခွဲစိပ်ဆရာဝန်များမဟုတ်။
သစ်ပင်တို့ကိုခုတ်၍ မြေကျင်းကြီးများကိုလည်း တူးကြသည်၊ သို့သော်
ဆောက်လုပ်တူးဖော်ရေး အလုပ်သမားများ မဟုတ်။ ဇနီးတို့နှင့်အိပ်ကြသည်၊
သို့သော် ခင်ပွန်းများမဟုတ်။ လူတို့၏အိပ်မက်ထဲသို့ဝင်၍ ထိုလူတို့ကို
သတ်ဖြတ်သည်၊ သို့သော် ထမင်းလုံးတစ္ဆေများမဟုတ်။ ကလေးတို့ကို အဝေးသို့
ခေါ်ဆောင်သွားကြသည်၊ သို့သော် မိဘများမဟုတ်။ သူတို့သည် ကျွန်ုတို့ထံ
ဆင်းသက်လာ၍ သူတို့၏အင်အားကို ကြီးထွားအောင်လုပ်ကြလေ၏။

(Alex van Warmerdam Borgman)

မောင်ဒေး

Tuesday, July 15, 2014

ပါးစပ်ရာဇဝင်


အိမ်အပေါ်ထပ်ကနေ “ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား”လို့ပြောတော့
ငါတို့အားလုံးငယ်ကြသေးတယ်။ ဖင်မှာလိပ်ထွက်ရင် ကန်စွန်းရွက်ကျွေးလို့ရတယ်လို့
ထင်ကောင်းတုန်းအရွယ်။ နောက်တော့ ငှက်ပျော်သီးတွေမှည့်လာတယ်။
ငါတို့ အရွယ်ကြီးလာတယ်။ ကျောင်းနေဖက်ကောင်မလေးတွေ ဗိုက်ကြီးလာတယ်။

၂၁ ရာစုထဲကို ငမိုက်ကြီးတွေ၊ ငမိုက်ကလေးတွေဝင်လာတယ်။ နတ်ပြည်က
စမ်းချောင်းထဲမှာ ဝိုင်နဲ့နွားနို့စီးဆင်းတယ်။ ငါတို့လမ်းကမြောင်းထဲမှာ လငပုပ်ဟာ
ဆပ်ပြာမြှုပ်နဲ့ရောပြီး မစီးဆင်းနိုင်ပဲ တန့်နေတယ်။ စောစောကစောင်းနေတဲ့ဓါတ်တိုင်ဟာ
အခုလည်းစောင်းနေတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးအစိုးရ တစ်ခုတည်းရှိပြီး

အဲဒီအစိုးရကို လူတိုင်းပိုင်တယ်။ ငါတို့ထဲကအလိမ္မာဆုံးခွေးဟာ ဟုတ်ကဲ့၊ဟုတ်ကဲ့လို့
ဟောင်တယ်။ ငါတို့တတွေကြီးလာတော့ အဝှာလည်းလိုက်ကြီးလာတာပေါ့။
သူကြီးရဲ့တူမကိုမုဒိန်းကျင့်တဲ့ဗီဒီယိုပြကွက်ဟာ ငါတို့ရဲ့မျက်စိထဲက ထွက်ကိုမထွက်ဘူး။
လူကြမ်းအောင်ခိုင်ဟာ သွားကြားထိုးတံကိုက်ပြီး အိမ်ပေါ်ကနေဆင်းသွားတယ်။

ငါတို့ကြီးလာတော့ ငါတို့ရဲ့လောဘတွေလည်း လိုက်ကြီးလာတယ်။ ငါတို့ရဲ့မိဘတွေဟာ
အိုမင်းပြီး ငိုက်မြည်းလာတယ်။ လူတကာရဲ့အိတ်ကပ်ထဲကပိုက်ဆံကို ငါတို့လိုချင်တယ်။
အီမယ်လ်ဒါမားကို့စ်ရဲ့ ရွှေအနားကွပ်အောက်ခံဘောင်းဘီ ငါတို့ဖြစ်ချင်တယ်။
ဘယ်လောက်ပဲစိတ်ကူးစိတ်ကူး စိတ်ကူးဆိုတာက ပူဖောင်းနဲ့လုပ်တဲ့ ခွေးရုပ်ကလေးပဲ။
ငါတို့တတွေဟာ တစ်ယောက်ကထွေးလိုက်တာကို နောက်တစ်ယောက်ကဝါးတယ်။
ငါတို့ပေးချင်တဲ့မက်ဆေ့ခ်ျကို ဒီလိုပဲ ပါးစပ်တစ်ခုကနေတစ်ခု ဆင့်ကမ်းသယ်ယူခဲ့တယ်။

မောင်ဒေး