Thursday, April 24, 2014

တောစကားတောင်စကား


တောင်စိမ်းစိမ်းတွေပေါ်မှာ ဘာကြောင့်နေရတာလဲလို့ မင်းငါ့ကိုမေးလာတဲ့အခါ
ငါတိတ်တိတ်ကလေး ရယ်မယ်။ ငါ့ရဲ့စိတ်ဝိညာဉ်က ကြည်လင်ငြိမ်းချမ်းတယ်။
မက်မွန်ပွင့်ဟာ ရေစီးအတိုင်းမျောပါသွား။ လူ့လောကရဲ့အလွန်မှာ
နောက်ထပ် ကောင်းကင်နဲ့မြေကြီး တည်ရှိတယ်။

လိပို
မောင်ဒေး-မြန်မာပြန်

(တရုတ်ကဗျာဆရာ Li Po (701-762 AD) Conversation in the Mountains ကိုပြန်ဆိုပါသည်။)

Friday, April 18, 2014

ငှက်သိုက်


ငှက်တွေဟာ ကျွန်မရဲ့ရင်ခွင်ထဲမှာ၊
ကျွန်မရဲ့ပခုံးတွေပေါ်မှာ၊ ကျွန်မရဲ့ဒူးခေါင်းတွေနောက်မှာ
အသိုက်ဆောက်ပြီးနေကြတယ်။
ကျွန်မရဲ့ရင်နှစ်မွှာကြားမှာတော့ ငုံးတွေရှိတယ်။
ကျွန်မကို သစ်ပင်လို့ပဲ ထင်ကြလို့ဖြစ်မယ်။
ငန်းတွေကျပြန်တော့ ကျွန်မကိုရေပန်းတစ်ခုလို့ ထင်ကြတယ်။
ကျွန်မစကားပြောတဲ့အခါ သူတို့အားလုံးဆင်းချလာပြီး ရေသောက်တယ်။
သိုးတွေကလည်း ကျွန်မရဲ့ကိုယ်ပေါ်ကနေ ဖြတ်လျှောက်ပြီး၊
စာကလေးတွေက ကျွန်မရဲ့လက်ချောင်းတွေပေါ်မှာနားကာ
အစာစားကြတယ်။ ပုရွက်ဆိတ်တွေက ကျွန်မကို မြေကြီးလို့ထင်တယ်။
ယောက်ျားတွေကတော့ ကျွန်မကို အလကားပဲတင်းလို့ပဲမှတ်တယ်။

ဂလိုရီယာ ဖွားတက်စ်
မောင်ဒေး-မြန်မာပြန်

(စပိန်ကဗျာဆရာမ Gloria Fuertes Birds Nest ကိုပြန်ဆိုပါသည်။)

Wednesday, April 16, 2014

ဘော့ဘ်ပရဲလ်မန်းရဲ့ကဗျာနှစ်ပုဒ်


အခန်း

စကားလုံးတွေဟာ သူတို့ကိုယ်သူတို့ ဖော်ပြကြတယ်။
တိုက်ရိုက်အနက်ကောက်ရင် သူတို့အားလုံးအမှန်ချည်းပါပဲ။
တစ်မိနစ်တစ်ခါ စက်ဝိုင်းတစ်ခုပေါ်လာပြီး
လမ်းတစ်ဝက်မှာတင် သူ့ကိုယ်သူပြန်တွေ့သွားတယ်။

Lockerဟာ အတွင်းကနေ
သော့ပိတ်တယ်။ “ငါ”ဆိုတာ
ဟောဒီအကျဉ်းကျမှုကနေ မွေးဖွားပေးလိုက်တဲ့
ဧရိယာကျယ်ဝန်းတဲ့ စကားဖန်တစ်ခုသာဖြစ်ပါတယ်။

ပဲ့တင်သံတွေဟာ ငါ့ရဲ့အခန်းဖြစ်တဲ့
မြောက်အမေရိကကို ဖြတ်သန်းသွားကြတယ်။
နားက ချက်ချင်းနီးပါး ကြားတယ်။
လမ်းတွေပေါ်မှာတော့ စက်ယန္တရားတွေက

မဟုတ်စက်ယန္တရားတွေရဲ့ အတွေးကို
အများသိအောင်ကြေညာလိုက်တယ်။ ဟောဒီ
အရာဝတ္ထုတွေမှာ လတ်တလော
ဘာမှမပြောဘဲနေခွင့်ရှိပါတယ်။

ဖွင့်ထားတဲ့တံခါးရဲ့အလင်းရောင်ထဲမှာ
ဖောင်တိန်ဟာလက်နဲ့ နပန်းလုံးလျက်။
အရာဝတ္ထုတွေဟာ
သူတို့မှာရှိရမယ့်အရွယ်အစားအတိုင်း ရှိနေကြတယ်။

ဘော့ဘ်ပရဲလ်မန်း
မောင်ဒေး-မြန်မာပြန်

(အမေရိကန်ကဗျာဆရာ Bob Perelman Room ကိုပြန်ဆိုပါသည်။)


ဘော့ဒလဲ၊ယ်၊သို့

ခေါင်းဟာ ခန္ဓာကိုယ်ရဲ့သားရဲတွင်း။
အရှေ့ဘက်ကိုတော့ မသိမသာထွက်ချင်ထွက်နေမယ်။
အဲဒီကင်းကွာချက်တွေကို အခွင့်ကောင်းယူပြီး
စကားလုံးတွေဟာ မူးယစ်စေတဲ့ငြီးငွေ့ဖွယ်ရာဖြစ်မှုအတွက်

သေခြင်းကင်းတဲ့လိုအပ်ချက်ကို တုန့်ပြန်လိုက်တယ်။
ခန္ဓာကိုယ်ဟာ စိတ်ရဲ့ဆန်ခါ။
မြတ်နိုးတွယ်တာရပါသောကြေကွဲမှုဖြစ်တဲ့ ရေဟာ
အနီရောင်ရေခဲတုံးတစ်တုံးပေါ်ကနေ တစ်စက်ချင်းစီယိုစီးပြီး

စာရေးသူနဲ့စာဖတ်သူတို့က အတင်းအဓမ္မ စွဲလန်းဖက်တွယ်ထားတဲ့
ရေမွှေးနံ့ထုံသင်းသော ပျောက်ဆုံးသုခဘုံပေါ်ကို ကျသွားတယ်။
ထူးခြားဆန်းကျယ်တဲ့ ရောင်ခြည်စက်ဝန်းတွေဟာ
သူတို့ကိုယ်သူတို့ ကြာပွတ်နဲ့ပြန်ရိုက်နေတဲ့ ကိုယ်လုံးတီး

ကျွန်တွေရဲ့ခေါင်းမှာ ဝါဝင်းတောက်ပနေကြတယ်။
ကမ္ဘာလောကသစ်ဟာ
ကမ္ဘာလောကဟောင်းရဲ့ ခေါင်းမပါတဲ့ကိုယ်လုံးကြီးပေါ်မှာ
လွင့်မျောနေတဲ့ပုံရုပ်တွေကိုတော့ဖြင့်

သည်းခံပေးနိုင်စွမ်းရှိဖို့ လိုပါတယ်။
ဟောင်းလောင်းကြီးဖြစ်နေတဲ့အပေါက်တစ်ခုကို စိုက်ကြည့်နေမိတာမို့
ငါ့ကိုယ်ငါတောင် အံ့အားသင့်မိတယ်။
ငါမှာခဲ့တာက ပန်းတွေပါ။”

ဘော့ဘ်ပရဲလ်မန်း
မောင်ဒေး-မြန်မာပြန်

(အမေရိကန်ကဗျာဆရာ Bob Perelman To Baudelaire ကိုပြန်ဆိုပါသည်။)

Wednesday, April 9, 2014

ရေဖြစ်ခဲ့တဲ့မိန်းမ


ရေဖြစ်ခဲ့တဲ့မိန်းမဟာ
အိမ်ခန်းရဲ့အစပ်မှာနေထိုင်တယ်၊
ဘယ်အချိန်ဆုတ်ခွာသွားရမယ်ဆိုတာ သိတယ်။

ရေဖြစ်ခဲ့တဲ့မိန်းမဟာ
ဘရွတ်ကလင်းကိုရောက်လာတယ်၊
မြေအောက်ခန်းတွေကို ရေကြီးပစ်လိုက်တယ်။

ရေဖြစ်ခဲ့တဲ့မိန်းမ
ပြန်သွားတဲ့အခါ
သူ့ချစ်သူတွေ သန့်သန့်စင်စင်ကျန်ခဲ့တယ်။

ရေဖြစ်ခဲ့တဲ့မိန်းမက အခိုင်အမာပြောတယ်၊
လူတွေကသူ့ကို နားမလည်ဘူးတဲ့။
ရေဖြစ်ခဲ့တဲ့မိန်းမဟာ သူ့ကိုယ်သူ မြူနှင်းလို၊ မိုးပုလဲမနက်ခင်းတစ်ခုလို၊

မွှေးအီသောခရမ်းပွင့်မြူခိုးလို နူးညံ့သူအဖြစ်မြင်တယ်။
ဒါ့ကြောင့်မို့ ကျောက်စရစ်ခဲတွေကို ခပ်ပြင်းပြင်း သူထုရိုက်တဲ့အခါ၊
အုတ်မြစ်တွေကို တတိတိ ကိုက်ဖောက်စားတဲ့အခါနဲ့၊

ရေပိုက်တွေကိုဖောက်ခွဲပစ်တဲ့အခါတွေမှာ
တကယ်တော့ သူ့ရဲ့အချစ်ကိုကမ်းလှမ်းချင်တာပါတဲ့။
လူတွေကအဲဒီအချစ်ကို ဘာကြောင့်များမလိုချင်ကြတာလဲ။

ရေဖြစ်ခဲ့တဲ့မိန်းမဟာ
မဝေဖန်မပိုင်းခြားတတ်ပါဘူး။
သူသိတာသုံးခုပဲရှိတယ်။

လူတွေက သူ့ကို ဥပဒေထုတ်ပြီးနှိမ်နင်းလို့မရဘူး၊
သူဟာအန္တာရာယ်မရှိပါဘူးလို့လည်း ကြေညာချက်ထုတ်လို့မရဘူး၊
သူမရှိဘဲနဲ့လည်း လူတွေအသက်ရှင်လို့မရဘူး။

ရေဖြစ်ခဲ့တဲ့မိန်းမဟာ
မြို့တစ်မြို့ကို မီးအလင်းပေးနိုင်သလို
ရေအောက်ရောက်သွားအောင်လည်း လုပ်နိုင်တယ်။

အင်းနစ်ဒ်ဒိမ်း
မြန်မာပြန်-မောင်ဒေး

အမေရိကန်ကဗျာဆရာမ အင်းနစ်ဒ်ဒိမ်း(Enid Dame)ရဲ့ The Woman Who Was Water
ကဗျာကိုပြန်ဆိုထားတာဖြစ်ပါတယ်။ ဒိမ်းကို ၁၉၄၃ ခုနှစ်၊ ဂျွန် ၂၈ ရက်နေ့မှာမွေးပြီး City College of New York ကနေအမ်အေဘွဲ့၊ Rutgers University ကနေ ပီအိပ်ခ်ျဒီဘွဲ့တို့ရခဲ့တယ်။ On the Road to Damascus, Maryland, Lilith and Her Demons, Anything You Don't See, Jerusalem Syndrome စတဲ့ကဗျာလုံးချင်းတွေရေးခဲ့ပြီး Bridges ဆိုတဲ့ ဂျူး Feminist မဂ္ဂဇင်းကိုတွဲဖက်အယ်ဒီတာအဖြစ် လည်းကောင်း၊ Home Planet News စာပေစာစောင်ကို ခင်ပွန်းဖြစ်သူဒေါ်နယ်လ်လက်ဗ် (Donald Lev) နဲ့တွဲဖက်ပြီးလည်းကောင်း တည်းဖြတ်ခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဟာ ပို့(စ်)ဘိ(ထ်)(Post-Beats) ကဗျာသမားများအဖြစ်သတ်မှတ်ခံရတယ်။

Saturday, April 5, 2014

“ရုပ်ရှင်ကဗျာများ” မှ


David Lynch Inland Empire

ပန်းဆိုးတန်းတံတားပေါ်တွင် သောင်တင်နေသည့်သင်္ဘောကို
ကမ်းလေမမြင်သောအရပ်သို့ ပို့လိုက်ပါ။
ရန်ကုန်ဆေးရုံကြီးပေါ်မှ ပန်းကန်ပြားပျံကို
ဗိုလ်အောင်ကျော်လမ်းဘက်အထိ မောင်းယူလာခဲ့ပါ။
ရဲသားများသည် ကျောင်းတွင် သူရဲကောင်းများဖြစ်၍
အပြင်လောကတွင် ယုန်တွင်းများဖြစ်သည်။
လူစကားပြောသောယုန်များသည် ကျောင်းတွင် ပညာရှိများဖြစ်၍
အပြင်လောကတွင် ခိုစားသောပြောင်းစေ့များဖြစ်သည်။
ခိုများသည် ကျောင်းတွင် အနာဂတ်၏ခေါင်းဆောင်များဖြစ်၍
အပြင်လောကတွင် ကိုယ်ပျောက်ဝိဇ္ဇာများဖြစ်သည်။


Sam Raimi The Evil Dead

ရေတံလျောက်ပေါ်တွင်ပြေးနေသော ကြွက်များသည်
မုန့်စားဆင်းလာသော ကျောင်းသားများနှင့်တူ၏။
လမ်းပေါ်တွင်မီးစွဲလောင်နေသော Probox ကားများနှင့်တူ၏။
ကျောင်းစာအုပ်တို့ အလိုလိုပွင့်သွားပြီး
မြေအောက်ခန်းထဲတွင် အိပ်ပျော်နေသော တစ္ဆေများနိုးလာသည်။
ကျွန်တော်တို့အိမ်မှ ခွေးကလေးစိန်စိန်သည်
ခြံဝသို့စိုက်ကြည့်၍ တစ်နေ့လုံးတအီအီလုပ်နေခဲ့သည် ဆို၏။
ကျောင်းဆင်းသောအခါ ကျွန်တော်လည်းအိမ်ပြန်လာ၍
အသီးမသီးသောအိမ်ကအုန်းပင် အသီးသီးပါစေကြောင်းဆန္ဒပြုပြီး
၎င်း၏ပင်စည်တွင် ငါးမူးစေ့ကို သံနှင့်ရိုက်ထည့်လိုက်သည်။


Spike Jonze Her

ကျွန်တော်နှင့် ကျွန်တော်၏တရုတ်နိုင်ငံလုပ် စမတ်ဖုန်းတို့
တစ်ယောက်ကိုတစ်ယောက် အသည်းအသန်ချစ်မိကြသည်။
ချစ်မိလျှင် ပို၍ပိုင်ဆိုင်ချင်သည်။ ပိုင်ဆိုင်မိလျှင် ပို၍ချစ်ချင်သည်။
လောကကြီးသည် ဖြေရခက်သော မေးခွန်းများနှင့်ပြည့်နေ၏။
သို့ပေမယ့် ထိုမေးခွန်းတို့၏အဖြေကို ကျွန်တော်မသိချင်ပါ။
သိလိုစိတ်သည် ပညာတတ်တို့၏ ဘိန်းဖြစ်သည်။
ဟိုတလောဆီက မုတ်သုံလေထံမှစာလာသည်။
ဒီနှစ် သူမလာနိုင်ဟုဆို၏။ ဒါကိုလည်း ကျွန်တော်ဂရုမစိုက်ပါ။
အဲဒါငါ့စောက်လုပ်မဟုတ်ဘူးဟဲ့ဟု စာပြန်ရေးလိုက်သည်။