ငါတို့အားလုံးငယ်ကြသေးတယ်။
ဖင်မှာလိပ်ထွက်ရင်
ကန်စွန်းရွက်ကျွေးလို့ရတယ်လို့
ထင်ကောင်းတုန်းအရွယ်။
နောက်တော့ ငှက်ပျော်သီးတွေမှည့်လာတယ်။
ငါတို့
အရွယ်ကြီးလာတယ်။
ကျောင်းနေဖက်ကောင်မလေးတွေ
ဗိုက်ကြီးလာတယ်။
၂၁
ရာစုထဲကို ငမိုက်ကြီးတွေ၊
ငမိုက်ကလေးတွေဝင်လာတယ်။
နတ်ပြည်က
စမ်းချောင်းထဲမှာ
ဝိုင်နဲ့နွားနို့စီးဆင်းတယ်။
ငါတို့လမ်းကမြောင်းထဲမှာ
လငပုပ်ဟာ
ဆပ်ပြာမြှုပ်နဲ့ရောပြီး
မစီးဆင်းနိုင်ပဲ တန့်နေတယ်။
စောစောကစောင်းနေတဲ့ဓါတ်တိုင်ဟာ
အခုလည်းစောင်းနေတယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံးအစိုးရ
တစ်ခုတည်းရှိပြီး
အဲဒီအစိုးရကို
လူတိုင်းပိုင်တယ်။
ငါတို့ထဲကအလိမ္မာဆုံးခွေးဟာ
ဟုတ်ကဲ့၊ဟုတ်ကဲ့လို့
ဟောင်တယ်။
ငါတို့တတွေကြီးလာတော့
အဝှာလည်းလိုက်ကြီးလာတာပေါ့။
သူကြီးရဲ့တူမကိုမုဒိန်းကျင့်တဲ့ဗီဒီယိုပြကွက်ဟာ
ငါတို့ရဲ့မျက်စိထဲက
ထွက်ကိုမထွက်ဘူး။
လူကြမ်းအောင်ခိုင်ဟာ
သွားကြားထိုးတံကိုက်ပြီး
အိမ်ပေါ်ကနေဆင်းသွားတယ်။
ငါတို့ကြီးလာတော့
ငါတို့ရဲ့လောဘတွေလည်း
လိုက်ကြီးလာတယ်။ ငါတို့ရဲ့မိဘတွေဟာ
အိုမင်းပြီး
ငိုက်မြည်းလာတယ်။
လူတကာရဲ့အိတ်ကပ်ထဲကပိုက်ဆံကို
ငါတို့လိုချင်တယ်။
အီမယ်လ်ဒါမားကို့စ်ရဲ့
ရွှေအနားကွပ်အောက်ခံဘောင်းဘီ
ငါတို့ဖြစ်ချင်တယ်။
ဘယ်လောက်ပဲစိတ်ကူးစိတ်ကူး
စိတ်ကူးဆိုတာက ပူဖောင်းနဲ့လုပ်တဲ့
ခွေးရုပ်ကလေးပဲ။
ငါတို့တတွေဟာ
တစ်ယောက်ကထွေးလိုက်တာကို
နောက်တစ်ယောက်ကဝါးတယ်။
ငါတို့ပေးချင်တဲ့မက်ဆေ့ခ်ျကို
ဒီလိုပဲ ပါးစပ်တစ်ခုကနေတစ်ခု
ဆင့်ကမ်းသယ်ယူခဲ့တယ်။