Tuesday, December 24, 2013

ဇြမ္ဘီ


ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး “တစပြင်ဟာ
ငါ့ရဲ့အချစ်နဲ့ မီးလောင်နေတယ်” သီချင်းကိုဆိုတာ
ရာဇဝင်ထဲက နူနာစွဲနေတဲ့ငနဲပေါ့။ တစပြင်ကို
ကျော်ရင်တော့ ငါးသားလေးတွေ၊ ငါးအမေကြီးတွေ
ရေကူးနေတဲ့ ငါးပြတိုက်ကိုရောက်တယ်။

လူတိုင်း ကိုယ်ချစ်ရတဲ့သူနဲ့ နီးချင်တာကြီးပဲ။
ဒါပေမယ့် ကွတ်ကီးနဲ့ဘီစကွတ်၊ အိမ်မွေးတိရစ္ဆာန်
နဲ့လူ၊ လူနဲ့ဇွမ်ဘီကို ခွဲခြားတတ်သူကတော့ ရှားပါ
တယ်။ အဲသလိုလူတွေရဲ့လက်ထဲ အနာဂတ်ဆိုတဲ့
အရာကို ဘယ်လိုယုံကြည်ပြီး ထည့်ပေးရမလဲ။

လူသေတွေ ပြန်ထလာတဲ့ကိစ္စကတော့
အဆန်းမဟုတ်ပါဘူး။ တစ်နေ့ကျ ဘုရားသခင်ရဲ့
နိုင်ငံတော်ကိုဝင်ခွင့်ရမှာလည်း ဇွမ်ဘီတွေပဲလေ။
အဲဒီကျရင် စကားလည်းပြောစရာ သိပ်မလိုဘူး။
မေးလာရင်ဖြေရမှာက Yes or Noပဲ။ မေးခွန်း

ကလည်းအောက်ထားပြီးသား။ အောက်သားတွေ
မဖြေရဘူး၊ မြေလတ်သားတွေပဲ ဖြေရမယ်
ဘာညာလည်းမရှိဘူး။ ဒီနေရာကနေ အောက်ကို
ဆက်ဆင်းသွားရင် ဘတ်စ်ကားမျိုးစုံဆိုက်တဲ့
နေရာကိုရောက်တယ်။ အရွယ်ရောက်သူဆိုတာ

သွားရမယ့်နေရာတစ်ခု အမြဲရှိနေရမယ်မဟုတ်လား။
ဇွမ်ဘီတွေရဲ့ခေတ်မတိုင်မီ လွန်ခဲ့တဲ့နွေရာသီပေါင်း
များစွာတုန်းကတော့ လူနဲ့တိရစ္ဆာန်ဟာ နယ်မြေ
လုဖက်တွေပဲ။ မင်းအခုရောက်နေတာကလည်း
လူတွေဝင်လို့မရတဲ့ ကန့်သတ်နယ်မြေတစ်ခုပါ။

ညဘက် မင်းရဲ့အဆောင်ရှေ့လာပြီး သီချင်းဆိုတာ
ဇွမ်ဘီပေါ့။

မောင်ဒေး
၂၂ ဒီဇင်ဘာ ၂ဝ၁၃

Thursday, December 19, 2013

မကုန်သေး



နောက်ဆုံးတော့ ဂူထဲကနေ ငါထွက်လာခဲ့တယ်။ ပတ်ဝန်းကျင်ကို
အနံ့ခံကြည့်တယ်။ ဂူထဲကနေ ထွက်လာရတာဟာ လူတွေသိကြတဲ့
ငရဲဆိုတာပဲ၊ အဲဒီစောက်ငရဲပေါ့။ ငါမျိုးတုံးသွားပြီလို့ လူတွေကပြောကြ
သတဲ့၊ ရေးကြသတဲ့။ ငါနံစော်နေတယ်။ လူသားမျိုးနွယ်ကို ထားရစ်ပေးခဲ့တဲ့
ငါ့ရဲ့ခါးအောက်ပိုင်းဟာ ချေးအထပ်ထပ်နဲ့ မြင်မကောင်းအောင်ပါပဲ။

ဘောလုံးပွဲလည်းပြီးရော အားကစားကွင်းထဲကနေ ငါထွက်လာတယ်။
ငါ့ရဲ့ဆံပင်ထဲကနေ ပျားတွေ၊ပိတုန်းတွေ ထွက်လာတယ်။ ဘောလုံးပွဲပရိသတ်
တွေကို စိတ်ကြိုက်တုပ်ပြီး တောထဲပြန်ဝင်ကာ အစုလိုက်အပုံလိုက် သေပွဲ
ဝင်ကြတယ်။ စိမ်းမှောင်နေတဲ့တောကို လူသားဝိညာဉ်တွေနဲ့ လုပ်ထားတာ
မဟုတ်ပါဘူး။ တောထဲမှာ ကျားနဲ့ဆင် နှစ်သင်းခွဲပြီး ဘောလုံးကန်ကြတယ်။

ကြက်အရှင်တစ်ကောင်ကိုဝယ်ပြီး ဈေးထဲကနေ ငါထွက်လာတယ်။ အိမ်ဘေးက
မိဆွေက ဘာလဲလို့မေးတယ်။ ကြက်လို့ပြန်ဖြေလိုက်တယ်။ ဘာလုပ်မလို့လဲလို့
ထပ်မေးတယ်။ နင်တို့ရဲ့အိမ်ကို မီးလောင်တိုက်သွင်းဖို့အတွက် လည်ပင်းသွေး
ဖောက်ပြီး နတ်ဆိုးကိုပသမလို့ဟေ့လို့ ပြန်ဖြေလိုက်တယ်။ အိမ်ဘေးကုက္ကိုပင်
ဆီက ရယ်သံနက်ကြီးထွက်လာတယ်။ တွင်းထဲကရေတွေ ဆူလာတယ်။

အိမ်သာထဲကနေ သေးတန်းလန်းနဲ့ငါထွက်လာတယ်။ အိမ်ရှေ့ကဥယာဉ်ကို
သေးနဲ့ပန်းပြီးရေလောင်းတယ်။ သေးကမကုန်သေး။ အိမ်နီးချင်းရဲ့ကားကို
သေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ စည်ပင်ဆိုင်းဘုတ်ကို
သေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ ကျောင်းခြံစည်းရိုးကို သေးနဲ့
ဆေးပေးလိုက်တယ်။ သေးကမကုန်သေး။ ဆာကူရာတာဝါပေါ်တက်ပြီး

လမ်းတွေကိုသေးနဲ့ဆေးပေးလိုက်တယ်။ သေးကမကုန်သေး...

မောင်ဒေး
၂ဝ အောက်တိုဘာ ၂ဝ၁၃

Sunday, November 10, 2013

မကောင်းမှုဒုစရိုက်ကိုဖယ်ရှားခြင်း၊ ၁၉၂၆


လူဟာ မကောင်းမှုဒုစရိုက်အကြောင်းကိုတောင် မေ့ချင်မေ့နေတာမျိုး။

မှန်ကြည့်တော့ မိစ္ဆာတစ်ကောင်နဲ့အတူ သူများပစ္စည်းခိုးယူနေတဲ့ ငါ့ကိုယ်ငါပြန်မြင်ခဲ့ရ။

မင်းရဲ့အခန်းကိုငါတို့နှစ်ယောက် အခင်းအကျင်းပြောင်းခဲ့တယ်။

မျှော်လင့်ချက်မရှိဘူးဆိုတဲ့ခံစားချက်က ခံစားလို့ကောင်းခဲ့တယ်။

မီးအိမ်တွေမရှိရင် ခက်တောင့်ခက်ခဲနိုင်ငံပဲ”လို့ ငါပြောခဲ့တယ်။

မြေပုံအဟောင်းတွေကိုငါတို့လေ့လာကြပြီး ဘယ်လမ်းသွားရမယ်ဆိုတာကို သူကပြတယ်။

ဒါပေမယ့်ဒီမှာ မင်းရဲ့ရယ်မောခြင်းဥယာဉ်ကို မင်းကစိုက်ပျိုးနှင့်ခဲ့ပြီးပြီ။

ငါပြုံးမိတယ်။ အလျှံညီးညီးအလင်းရောင်ကြီးတစ်ခုကို ငါတို့ကိုင်ထားကြတယ်။

ဒန်အိုင်းဗက်ခ်
မြန်မာပြန်-မောင်ဒေး

(Dan Ivec ရဲ့ The Disposal of Evil, 1926 ကိုပြန်ဆိုပါတယ်)

Tuesday, August 13, 2013

နဖူးပေါ်ကအနမ်းတစ်ချက်


နဖူးပေါ်ကအနမ်းတစ်ချက်ဟာ စိတ်ဆင်းရဲရခြင်းကိုပယ်ဖျက်ပေးတယ်။
ကျွန်မရှင့်ရဲ့နဖူးကို နမ်းတယ်။

မျက်လုံးပေါ်ကအနမ်းတစ်ချက်ဟာ အိပ်စက်မပျော်ခြင်းကိုအဆုံးသတ်ပေးတယ်။
ကျွန်မရှင့်ရဲ့မျက်လုံးတွေကို နမ်းတယ်။

နှုတ်ခမ်းပေါ်ကအနမ်းတစ်ချက်ဟာ ရေတစ်ကျိုက်သောက်ရခြင်းမည်တယ်။
ကျွန်မရှင့်ရဲ့နှုတ်ခမ်းကို နမ်းတယ်။

နဖူးပေါ်ကအနမ်းတစ်ချက်ဟာ မှတ်မိတာတွေကိုပယ်ဖျက်ပေးတယ်။

မရီနာဇဗက်တေဗား
မြန်မာပြန်-မောင်ဒေး

(ရပ်ရှန်းကဗျာဆရာမ Marina Tsvetaeva ရဲ့ “A kiss on the forehead” ကဗျာကိုပြန်ဆိုပါတယ်)

Friday, August 9, 2013

စစ်ပွဲကာလတစ်လျှောက် ကျွန်တော်တို့ပျော်ပျော်ပဲနေခဲ့ကြတယ်


တခြားလူတွေရဲ့အိမ်တွေကို သူတို့ဗုံးကြဲတော့ ကျွန်တော်တို့

လမ်းပေါ်ထွက်ဆန္ဒပြတယ်
ဒါပေမယ့် မလုံလောက်ဘူး၊ သူတို့ကို ကျွန်တော်တို့ကန့်ကွက်ကြတယ်

ဒါလည်းမလုံလောက်ဘူး။ ကျွန်တော်က
အိပ်ရာထဲမယ်၊ အိပ်ရာရဲ့ဘေးပတ်ပတ်လည်မှာ အမေရိက

တစ်စစီပြိုကျနေတယ်။ မျက်လုံးနဲ့မမြင်ရတဲ့အိမ်တွေ တစ်လုံးပြီးတစ်လုံး
တစ်လုံးပြီးတစ်လုံး။

ထိုင်ခုံတစ်လုံးကိုအပြင်ထုတ်ပြီး နေကိုကျွန်တော်ထိုင်ကြည့်တယ်။

မအောင်မြင်တဲ့အုပ်ချုပ်မှုတစ်ခုရဲ့
ခြောက်လမြောက်မှာ ပိုက်ဆံနဲ့လုပ်ထားတဲ့အိမ်ထဲမှာ

ပိုက်ဆံနဲ့လုပ်ထားတဲ့လမ်းထဲမှာ ပိုက်ဆံနဲ့လုပ်ထားတဲ့မြို့ထဲမှာ ပိုက်ဆံနဲ့လုပ်ထားတဲ့
တိုင်းပြည်ထဲမှာ
ပိုက်ဆံနဲ့လုပ်ထားတဲ့ ကျွန်တော်တို့ရဲ့မဟာနိုင်ငံတော်ကြီးထဲမှာ (အားလုံးပဲခွင့်လွှတ်ကြပါ)

စစ်ပွဲကာလတစ်လျှောက် ကျွန်တော်တို့ပျော်ပျော်ပဲနေခဲ့ကြတယ်။

အီလျာကာမင်းန်စကီး
မြန်မာပြန်-မောင်ဒေး

(ရပ်ရှန်း-အမေရိကန်ကဗျာဆရာ Ilya Kaminsky ရဲ့ We Lived Happily During the War ကဗျာကိုပြန်ဆိုပါတယ်)

Thursday, July 25, 2013

ဟဲဗီးမက်တယ်လ်



လူတိုင်းဂစ်တာတီးနိုင်ပြီ။ လူတိုင်း
ခြောက်လုံးပြူးဝယ်နိုင်ပြီ။ ငါတို့ဟာ မိုက်ရူးရဲလူအုပ်ကြီးဆီကနေ
ကောင်းမွန်တဲ့အနာဂတ်ကိုရဖို့ မျှော်လင့်ခဲ့ကြတာများလားဟင်။
ငါ့မှာအဖော်မရှိတဲ့အခါ အစွဲအလမ်းကို ငါ့အဖော်အဖြစ်ပြောင်းယူခဲ့တယ်။
ဆပ်ပြာမရှိတဲ့ရေချိုးခန်းဟာ ပလိပ်ရောဂါပြန့်နေတဲ့နယ်မြို့တစ်မြို့ဖြစ်ပါတယ်။
နွားကုန်သည်တို့ရဲ့စိတ်နေစိတ်ထားမျိုးနဲ့ ဘဝကိုကြည့်လို့မရဘူး။
ငါ့မှာအော်ခေါ်စရာစားပွဲထိုးမရှိတဲ့အခါ ငါ့ရဲ့နားကိုငါပိတ်ထားခဲ့တယ်။
မွေးကင်းစနိုင်ငံရေးသမားလေးဟာ အရင်းရှင်စီးပွားရေးကိုယုံကြည်တယ်။
လူတကာရဲ့ထိကိုင်ဆော့ကစားခြင်းကိုခံရတာကြောင့် သူ့ရဲ့ဂွေးကလေးဟာ
ခရမ်းရောင်ပြောင်းခဲ့တယ်။ ဟဲဗီးမက်တယ်လ်အဖွဲ့တွေရဲ့ပိုစတာတွေကို
အခန်းနံရံမှာကပ်ထားရင် ခင်ဗျားကိုတစ်ညလုံးစကားတွေလာပြောနေလိမ့်မယ်။
ရိုင်းစိုင်းမှုဟာ ငါ့ရဲ့ဇာခြင်ထောင်ပါးဖြစ်ပါတယ်။

လူတော်တော်များများကတော့ ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုတဲ့
ကိုယ်ကျင့်သိက္ခာအဆင့်မှာ လုပ်ကိုင်လည်ပတ်နေကြဆဲပါပဲ။
တောလည်ထွက်ပြီးပြန်လာခဲ့တဲ့ငါဟာ
ပျောက်သွားတဲ့အသားဖျက်ဓါးကို လျှိုမြောင်ထဲမှာပြန်ရှာတွေ့ခဲ့တယ်။
ငါ့ရဲ့ခေါင်းဟာ လေးငါးမီတာလောက်လိမ့်ဆင်းသွားတယ်။
ဆူးလေကအများသုံးအိမ်သာမှာကိုယ်လက်သန့်စင်ပြီး အိမ်ထဲဝင်လိုက်တော့
Black Sabbath အိမ်မှာရောက်နေတယ်၊
Judas Priest အိမ်မှာရောက်နေတယ်၊
Mayhem အိမ်မှာရောက်နေတယ်၊
Slayer အိမ်မှာရောက်နေတယ်၊
Iron Maiden အိမ်မှာရောက်နေတယ်...

မောင်ဒေး
၂၅ ဂျူလိုင် ၂ဝ၁၃

Sunday, July 14, 2013

လေယာဉ်ပျက်ကျခြင်း


ငါ့နောက်ကမလိုက်နဲ့၊ ငါ့နောက်ကလိုက်ခဲ့၊
ငါဟာလွတ်လပ်သူတို့ရဲ့ကိုယ်စားလှယ်။
နယ်ထိန်းတစ်ယောက်အဖြစ်နဲ့ ပြန်လည်မွေးဖွားပြီး
မင်းရဲ့တံစက်မြိတ်အောက် ငါအခုပဲရောက်လာမယ်။
အိမ်နောက်ဖေးကရေမည်းမည်းထဲမှာ မာကျူရီအဖြစ်ဖွဲ့စည်းပြီး
မင်းရဲ့ကြေးခွံအောက် ငါဒီနေ့ပဲအရောက်လာခဲ့မယ်။
လှေကားထစ်တွေပေါ်မှာ မြွေမင်းသမီးနဲ့ငါ ထွေးပတ်ကခုန်ကြ၊
အကျိအချွဲပုံထဲမှာ တဗိုင်းဗိုင်းချော်လဲကြနဲ့ပေါ့။
မင်းဒါကိုဖတ်နေချိန်မှာ အမှတ်ခြောက်ရဲစခန်းက
မင်းကို ထောင့်ချိုးထားတဲ့စာအုပ်တစ်အုပ်လို ဖတ်နေတယ်။
လေယာဉ်မှုးကြီးက အားလုံးကိုပျော်စေချင်တယ်။
လေယာဉ်အဆင်းကို တို့နှစ်ဦးသားပျော်ပျော်ပဲစခဲ့ကြသလို
လျင်မြန်တဲ့နှုန်းက ငါ့ရဲ့စိတ်ကိုထကြွစေတယ်။

တို့အားလုံးကို ကောင်းကင်ဘုံဆီခေါ်ဆောင်သွားဖို့အတွက်
ကုလားအုတ်တွေဟာ နှမ်းစေ့အရွယ်အပ်ပေါက်ထဲကို တိုးဝင်ပျံသန်း။
ဘဒ္ဒကမ္ဘာဟာ ဖိုထိုးရ တပြည်ဝနိုးနိုးပေါ့။
ငါဟာလှိုင်းထန်တဲ့ပင်လယ်ပြင်ကိုဖြတ်၊ တောင်တွေကိုတက်ပြီး
ဂန္ဒီရဲ့နောက်ကနေ ခြေဗလာနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါသော်လည်း
အချိန်တန်ရင် မြက်တွေသာဝါလာမယ်ဆိုတာကို သိခဲ့ရတယ်။
ငါနဲ့နှာခေါင်းသွေးယိုနေတဲ့ဂန္ဒီတို့ ကုက္ကိုပင်အောက်မှာ
မြက်ပင်တွေအကြောင်း ရက်ပေါင်းတစ်ရာကြာအောင် ဆွေးနွေးတယ်။

ခြောက်ခန်းနေတဲ့ရေကန်ကို ဗေဒါကနာမည်ပေးခဲ့သလို
လူဝင်လူထွက်များတဲ့ဖာတန်းကို ကဗျာဆရာကနာမည်ပေးခဲ့တာဖြစ်တယ်။
လူကြားသူကြားမကောင်းလောက်အောင် အော်ဟစ်ညည်းတွားနေတဲ့
လူယောက်ျားနဲ့လူမိန်းမကို စောက်ပါးစပ်ပိတ်ခိုင်းလိုက်၊
ပြီးရင် သူတို့မိတ်လိုက်ဖို့ ကြာအပြည့်နဲ့ရေကန်တစ်ကန်ပေးလိုက်ချေ။
အချိန်တန်ရင် ပေါ်တာအဆွဲခံရသူဟာ သူ့နေရပ်ကိုပြန်လာပြီး “အိမ်
ချိုမြိန်သောအိမ်” လို့ရေရွတ်မှာပဲ။ ထောက်ကြန့်နားက လယ်ကွင်းတစ်ခုမှာ
လေယာဉ်မှုးရဲ့အလောင်းကို လေယာဉ်အပျက်အစီးပုံထဲ ရှာဖွေနေဆဲဖြစ်ပါတယ်။

မောင်ဒေး
၁၃ ဂျူလိုင် ၂ဝ၁၃

Saturday, June 29, 2013

မျောက်ကဗျာ


ငါ့ရဲ့မျောက်ကို စားပွဲမှာကြိုးနဲ့တုပ်၊ အစာကြွေးပြီး
ဒီကဗျာကိုရေးခိုင်းခဲ့တာဖြစ်တယ်။
ဒါဟာငါ့ရဲ့နောက်ဆုံးမျောက်ကဗျာ၊
ဒါဟာတရုတ်ပြည်ရဲ့နောက်ဆုံးဂြိုဟ်တုလွှတ်တင်မှုဖြစ်တယ်။
ခြောက်နှစ်သားငါဟာ အခုငါရပ်နေတဲ့ပြတင်းပေါက်မှာရပ်ပြီး
မိုးသည်းသည်းထဲကရန်ကုန်မြို့ကိုကြည့်တယ်။
တောကွယ်လို့ မြို့ကိုမမြင်ရဘူး။
သစ်ပင်ခိုးခုတ်ထားတဲ့အကွက်ကွယ်နေလို့ တောကိုမမြင်ရဘူး။
ဒီတိုင်းပြည်ကိုငါကိုယ်တိုင် ငါ့လက်နှစ်ဖက်နဲ့တည်ဆောက်ခဲ့တယ်။
ဒီတိုင်းပြည်ရဲ့ပိုးစားနေတဲ့တိုင်လုံးတွေကို ရုရှားကနေငါလှမ်းမြင်ရတယ်။
အချစ်ဆိုတာဟာ ဂျူပီတာဂြိုဟ်ကိုငါလှမ်းမြင်ရတဲ့ ငါ့ရဲ့ပလက်ဖောင်းဖြစ်တယ်။
အချစ်ဟာကောင်းတယ်။ ဟူးကောင်းချိုင့်ဝှမ်းထဲကအလောင်းတွေဟာ
အစိုးရကိုဦးနှောက်ခြောက်အောင်လုပ်နေတယ်။
အိမ်သာထဲဝင်တော့တစ်လောင်း၊ မီးဖိုချောင်ထဲမှာလည်း တစ်လောင်း၊
မိန်းမနဲ့အိပ်ဖို့ စောင်ကိုလှန်လိုက်တယ်။ နောက်တစ်လောင်း။

ဘယ်ဥစ္စာကဘာဆိုတာ ငါကောင်းကောင်းသိတယ်။
ယမ်းငွေ့တစ်ထောင်းထောင်းထနေတာ ငါ့ရဲ့စအိုမဟုတ်ဘူး။
ငါ့ရဲ့ဗြဟ္မစိုရ်တရားက လူပျိုလှည့်ကောင်းတုန်း။
ဟုတ်တယ်၊ မင်းကိုပြောတာ။ ဂူချီမျက်မှန်နဲ့ချင်ပန်ဇီ မင်းကိုပြောတာ။
ဂျူလိုင်တောင်မရောက်သေးဘူး၊ မိုးကတိတ်သွားတယ်။
နေပြန်ပွင့်လာတယ်။ ငါထိလိုက်သမျှအရာတိုင်းဟာ ဖျောင်းကနဲကျိုးပြီး
ပန်းပွင့်တွေအဖြစ် အဆုပ်လိုက်အဆုပ်လိုက်ပွင့်သွားတယ်။
ဘာဘူနဲ့ငါ သေတ္တာအတူရွှေ့တယ်။ မဲပုံးတစ်ပုံးနဲ့ငါ ပေါင်းသင်းနေထိုင်တယ်။
ဒီမျောက်ကဗျာဟာ ငါရဲ့နောက်ဆုံးတောကဗျာ၊
အစွန်းရောက်ဗုဒ္ဓဝါဒီတစ်ယောက်ရဲ့ နောက်ဆုံးဂျီဟာ့ဒ်၊
မျောက်တွေရဲ့နောက်ဆုံးဒုံးပျံခရီးစဉ်ဖြစ်တယ်။

ခြောက်နှစ်သားငါဟာ အခုငါရပ်နေတဲ့ ဝရံတာပေါ်မှာရပ်ပြီး
တောင်ခြေဆီကရန်ကုန်မြို့ကိုကြည့်တယ်။ ရောင်နီကွဲအက်လာတာကို
ကြည့်တယ်။ ရောင်နီဟာပန်းဆီရောင်ထနေတယ်။
ငါ့ရဲ့ရေခဲမုန့်ဟာလည်း ပန်းရောင်ဖြစ်တယ်။ Fuck you, ပန်းရောင်!
မျောက်တွေရဲ့ဟော်လိုကော့စ်ပြီးတဲ့နောက် မျောက်ကဗျာရေးတာဟာ
လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒါဟာငါ့ရဲ့နောက်ဆုံးမျောက်ကဗျာ၊
ဒါဟာကလေးသူတို့သမီးရဲ့ နောက်ဆုံးကိုယ်ဝန်ဖြစ်တယ်။

မောင်ဒေး
၂၉ ဂျွန် ၂ဝ၁၃

Tuesday, April 16, 2013

ဂက်ဆိုလင်

ငါ့အကြောင်းကို ငါကောင်းကောင်းသိတယ်။
ငါမရောက်တဲ့နေရာတိုင်းကို ငါ့ရဲ့အမျိုးသားရေးစိတ်ဓါတ်ကရောက်တယ်။
လူ ၂၃ ယောက်ကိုမီးရှို့သတ်ကြတဲ့ပွဲမှာ ငါ့နာမည်ကိုအော်ကြတယ်။
မမြင်ရတဲ့အရာတွေမှာ ဘုရားသခင်ကိန်းအောင်းလျက်ရှိပြီး
မြင်ရတဲ့အရာတွေကိုငါက အသားလှီးဓါးလုပ်ပစ်လိုက်တယ်။
ဒါကငါ့ရဲ့ဓါးရိုး၊ ဒါကငါ့ရဲ့ဓါးဦး၊ ဒါကတော့ငါ့ရဲ့သွေးမဟုတ်ဘူး။
စိတ်ကသွားသမျှ ကိုယ်ကမလိုက်နိုင်ဘူး။
နေရူဒါဟာ ငါသွားသမျှအပျော်ခန်းတိုင်းကိုလိုက်တယ်။
ငါစားသမျှဟင်းသီးဟင်းရွက်တိုင်းဟာ အမှောင်ထဲမှာနိုးလာပြီး
မည်းသွားတယ်။ သရဲမှန်ရင် အမည်းသားကြိုက်ရမယ်။

ငါ့ရဲ့အကြောင်းကိုဒေဝဒတ်သိတယ်။
ထမင်းထုပ်ဝေတဲ့အချိန်ဟာ ငါ့ရဲ့ဒေသစံတော်ချိန်။
ဒေဝဒတ်ကသူ့ကိုမြိုထားတဲ့မြေကို လှန်တယ်။
ငါ့ရဲ့ရည်းစားဟောင်းက ငါ့ရဲ့ပုဆိုးကိုလှန်တယ်။
ဒါကငါ့ရဲ့ပေါင်ရင်း၊ ဒါကငါ့ရဲ့ဘော၊ ဒါကငါ့ရဲ့ယာလာ၊ ဒါကငါ့ရဲ့မောင်းတော။
ရည်းစားဟောင်းဟာ ငါ့ရဲ့ဆံပင်တုကိုဝတ်ကြည့်တယ်။ မတော်ဘူး။
ငါဟာသင်းခွေချပ်တွေနဲ့ အသင်းအပင်းဖွဲ့တယ်။ ငါ့ရဲ့ရာဂစိတ်အတွက်
တိုက်ပွဲဝင်တယ်။ ငါ့မှာသွားမရှိဘူး။ ဧရာမတီကောင်ကြီးဟာ
ငါ့ရဲ့လျှာဖြစ်တယ်။ ငါကိုယ်တိုင်ဟာ ငါမြင်ချင်တဲ့အပြောင်းအလဲ။

နွားရိုင်းတစ်ကောင်ရဲ့ကိုယ်ထဲမှာ ငါအိပ်ရာကထပြီး
နွားရိုင်းတွေကို ချိုကနေကိုင်ကာမောင်းနှင်တယ်။
ရှမ်းပြည်မှာငါဘိန်းစိုက်တယ်။ မန္တလေးမှာနိုက်ကလပ်ဖွင့်တယ်။
ငါရေးခဲ့တဲ့ကဗျာတွေကို ငါမသိတော့ဘူး။
ငါမီးရှို့ခဲ့တဲ့လူအရေအတွက်ကို ငါမမှတ်မိတော့ဘူး။

မောင်ဒေး
၁၄ ဧပြီ ၂ဝ၁၃

ဂက်ဆိုလင်=Gasoline
ယာလာ=Yala Province in Southern Thailand

Wednesday, April 3, 2013

ဧည့်မြှောင်


နောက်ဆုံးကျန်တဲ့ကြောင်တွေဟာ
ကြောင်မျိုးပြုတ်သုတ်သင်ရေးဌာနအဆောက်အဦးပေါ်ကနေ
ခုန်ချလွတ်မြောက်သွားတယ်။ ငါတို့ဟာ ငါတို့တစ်ဝက်၊ ငါတို့မဟုတ်တာ
တစ်ဝက်။ရန်ကုန်ကNotorious B.I.G.လိုခေါင်းစွပ်အနက် ဝတ်ထားတယ်။
ငါတို့ဟာရာသီသွေးပေါ်ခါစအချိန်လို စိတ်လှုပ်ရှားမှုအပြည့်
မျှော်လင့်ချက်အပြည့်နဲ့ဖြစ်ပါတယ်။ အမေ့လျော့ခံတောင်ကြားတွေကို
ငါတို့မျက်လုံးမှေးပြီး ကြည့်ကြတယ်။ မောင်းသူမပါတဲ့ဒရုန်းလေယာဉ်တွေက
ငါတို့ရဲ့ဇာတ်တော်လာသတ္တဝါတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။
ငါးရှဥ့်တွေဟာ သူတို့ရဲ့တွင်းထဲကနေထွက်လာပြီး
အိုဘားမားရဲ့ဗဂျိုင်းနားဆီကို အိတ်ဖွင့်ပေးစာတွေလှမ်းရေးကြတယ်။
ကိစ္စတိုင်းဟာသမ္မတနဲ့သက်ဆိုင်ပါတယ်။
ကိစ္စတိုင်းဟာသမ္မတနဲ့မသက်ဆိုင်ပါဘူး။
ဗမာတိုင်းက ကချင်ဖြစ်ပြီး ကချင်တိုင်းဟာကရင်ဖြစ်ပါတယ်။
ဒါကငါးရှဥ့်ခြောက်စပ်ကြိုက်တတ်သူတစ်ယောက်ရဲ့နွေလယ်စိတ်ကူးပါ။
ဗြဟ္မာကြီးလေးဦးက သူတို့ရဲ့ဦးခေါင်းပိုင်းကနေဖြစ်တည်လာတဲ့လူတွေမှာ
ဦးခေါင်းပါမလာခဲ့ခြင်းအပေါ် အမှုမထားကြပါ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာအိမ်ကိုသတိရလာတယ်။
အချစ်လမ်းခရီးဟာဘယ်တုန်းကမှ ဖြောင့်ဖြူးခြင်းမရှိခဲ့ပါဘူး။
Guns & Roses ရဲ့စာသားအတိုင်း အေးစက်တဲ့နိုဝင်ဘာမိုးထဲမှာ
မီးထွန်းထားတဲ့ဖယောင်းတိုင်ကိုကိုင်ဖို့ ခက်ခဲပါတယ်။

မောင်ဒေး
၁ ဧပြီ ၂ဝ၁၃

Wednesday, March 20, 2013

The President of Snails


Land-grabbers drink to the health of the president of snails.
Snails' president, a land-grabber himself, scoops up soot
from his purple liver & builds from it a nation that goes by
various names: Myanmar League, Terror of Laiza, Hepatitis B.

Himalayan tigers walk behind me. What do you think they got
to remind me? Now it's raining in the middle of summer
& the rain tessellates People's Square with road kill.
Something's wrong if equestrian statues are still getting paid.

The flower-biting ogress, the first lady of snails,
puts a diamond-studded leash on her six-legged pit bull.
The dog eats looted gold. I wish it'd just explode,
its entrails shooting up against gravitational pull.

Every village is a shepherd, every villager a sheep.
Inside every sheep, a tombstone. Before you comb the hair
of one-hundred-year-old shadows, you'd better delouse them.
Would I want a house full of dead sparrows? No, I wouldn't.

Maung Day



Tuesday, March 19, 2013

နံရံလေးဘက်


ကျုပ်တို့နေတဲ့နေရာကို အိမ်လို့

ခေါ်နိုင်ပါတယ်။

အင်မတန်နိမ့်တဲ့မျက်နှာကျက်ပါတဲ့

အင်မတန်မြင့်တဲ့အခန်းတစ်ခု။

အတော်လေးကြီးတဲ့ပြတင်းပေါက်တစ်ခုနဲ့

တံခါးပေါက်သေးသေးလေးတစ်ခု။

လက်ကိုရင်ဘတ်မှာကပ်

ခြေထောက်ကိုတစ်ချက်ကလေးမှမကြွဘဲသွားမယ်ဆိုရင်

အဲဒီတံခါးကနေ ဝင်လို့ထွက်လို့ရပါတယ်။

ပြတင်းပေါက်ရဲ့အပြင်ကိုလှမ်းကြည့်လို့လည်းရပါတယ်။

အင်မတန်နိမ့်တဲ့မျက်နှာကျက်ပါတဲ့

အင်မတန်မြင့်တဲ့အခန်းတစ်ခုရဲ့

ပြတင်းပေါက်လို့ဆိုချင်ဆိုပါလေ။

ခြေထောက်မဆန့်ဘဲအိပ်လို့ရ၊

ဦးခေါင်းကိုတစ်ချက်ကလေးမှမကြွဘဲနေလို့ရတဲ့နေရာပါ။


ဇီရှန်းဆာဟိလ်
မြန်မာပြန်-မောင်ဒေး

(ပါကစ္စတန်ကဗျာဆရာ Zeeshan Sahil ရဲ့ Four Walls ကဗျာကိုပြန်ဆိုပါတယ်)

Sunday, March 17, 2013

ကြယ်တာရာလူသား

အာကာသကိုကြည့်တဲ့မှန်ပြောင်းထဲမှာ
နွားငှက်တွေနဲ့ကြောင်ငှက်တွေဟာ ဖန်ခွက်တွေလို
တစ်လုံးပြီးတစ်လုံးကျကွဲနေပါတယ်။
ကျွန်တော်တို့တတွေဟာလည်း အရင်စီးပွားရေးစနစ်ထဲမှာ
မနေထိုင်ကြတော့ပါဘူး။ ဇောက်ထိုးချိတ်ပြီးအိပ်တာဟာ
လင်းနို့တွေအတွက် အတည့်ဖြစ်တယ်။ မြန်မာဘာသာစကားဟာ
အမေရိကန်တွေရဲ့ဂျပန်ဘာသာစကားဖြစ်သလိုမျိုးပေါ့။

ကာ့တ်သေပြီးတော်တော်ကြာမှ
ကမ္ဘာကနောက်ပြန်ဆုတ်ပြီး ပန်းအိုးတစ်လုံးထဲမှာနှင်းကျတယ်။
ကြယ်နာမည်တွေကို သေးသိမ်အောင်လုပ်ဖို့အတွက်
ကြယ်တွေထွက်လာတယ်။ ငါတို့ကံကောင်းရင်
ကောင်းကင်ပေါ်ကနေ ဘိုဝီဆင်းလာတာကိုမြင်ရမယ်။
သူ့ရဲ့သီချင်းကိုပြန်ဆိုပြီး ကာ့တ်နာမည်ရခဲ့တာမို့
သူ့ဘက်ကတာဝန်ကျေခဲ့တယ်လို့ ဘိုဝီထင်တယ်။

အဝေးကဖယောင်းတိုင်ဟာ လူတန်းစားကွာခြားမှုကိုဖယ်ရှားလိုက်ပြီး
တောင်ကိုရီးယားမှာလက်နက်လုပ်နည်းသင်ဖို့အတွက်
အရာခံဘိုလေးတွေကို ပညာသင်ဆုပေးလိုက်တယ်။
မိခင်ရဲ့နို့ရည်ကို ငါတို့ဖြုန်းတီးပစ်ခဲ့ကြပေမယ့်
အဲဒီအတွက် ငါတို့ဂုဏ်မယူပါဘူး။ ကံ့ကော်တွေပြည့်နေတဲ့ဗိုက်ဟာ
မအီမလည်ဖြစ်တတ်ပါတယ်။ နောက်ဆုံးရထားနဲ့ငါအမြဲလွဲခဲ့တယ်။
လိင်တော်လှန်ရေးကြီးနဲ့လွဲခဲ့သလိုမျိုးပေါ့။
အခုငါဆိုလိုသမျှကိုငြင်းပယ်ဖို့အတွက် ငါစကားပြောမယ့်အချိန်ကို
ဘိုဝီကစောင့်နေတယ်။

မောင်ဒေး
၁၇ မတ်လ ၂ဝ၁၃

Sunday, March 10, 2013

ကြွေပြားစီ


မင်းရဲ့ဂုဏ်တော်ကိုငါကျူးရင့်။ ပင့်ကူတွေအကြောင်း
ငါ့ကိုမင်းသတိမပေးခဲ့ဘူး။ မင်းကတိပေးထားတဲ့လင်းပိုင်လည်း
ငါမရသေးဘူး။ မင်းရဲ့တွင်းထဲကနဂါးဟာ
ချောကလက်ရေခဲမုန့်စားတယ်၊ မာယာကော့ဗ်စကီးဖတ်တယ်။
ပျက်ဆီးစရာရှိလာရင် မတ်တပ်ရပ်နေရင်းလည်းပျက်ဆီးရတာမို့
အနီရောင်တပ်မတော်ဟာ အိပ်ရာကစောစောထလာတယ်။
လင်းယုန်တွေကိုလည်ပင်းလှီးပြီး မင်းအသက်မွေးမယ်ဆိုရင်
နတ်သမီးတွေပြာယာခတ်ကုန်မယ်။ ငါ့ရဲ့အဆို့ရှင်ဟာ
ငါပြန်လာမယ့်ရက်ကိုစောင့်နေလေရဲ့။ တကယ်ပါ။
ဒီစကားကိုငါလွယ်လွယ်ပြောခဲ့တာမဟုတ်ပါဘူး။

ငါတို့ရဲ့ဗိသျှနူး ဖော်ဝေးက
ကုန်းပေါ်တက်လာတဲ့ပင့်ကူကြီးတွေကို လက်ဝါးစောင်းနဲ့ရိုက်ချတယ်။
ငါနဲ့ငါ့ရဲ့ပါးခြုပ်ဟာ လင်နဲ့မယား လျှာနဲ့သွားဆိုတာမျိုးပါပဲ။
တစ်နေ့မှာတော့ လယ်ထဲကပြန်လာတဲ့အဖေ့ကို
ငါတို့နှစ်ယောက် နေ့ဖို့ညစာမချန်ဘဲစားလိုက်ကြတယ်။
ငါတို့ကိုဘယ်အရာကညီညွတ်စေသလဲဆိုတာ ငါတကယ်မမှတ်မိဘူး။

ငါးလိပ်ကျောက်ဟာ ငါ့ကိုပြုစားထားတယ်။ သူ့ရဲ့အမြီးက
တစ်ချိန်မှာမြို့တော်ဝန်ဖြစ်လာတယ်။ ငါးလိပ်ကျောက်နဲ့ငါ့ကိုနှိုင်းတာကို
ငါငြီးငွေ့လှပြီ။ ငါ့ရဲ့ကြမ္မာကိုငါမပိုင်ဘူး။ ငါ့တိုင်းပြည်ရဲ့ကြမ္မာကို
ငါးလိပ်ကျောက်ရဲ့အမြီးကပိုင်သတော်မူတယ်။
ဘာပဲဖြစ်ဖြစ် အိမ်သာနံရံကြွေပြားပေါ်က နီမိုငါးကလေးဟာ
ဘဝကိုလွယ်ကူသယောင် ထင်မှတ်စေတာတော့အမှန်ပဲ။

မောင်ဒေး
၇ မတ်လ ၂ဝ၁၃

Thursday, February 14, 2013

အိုဟားရား


ဓါတ်လှေကားလုံခြုံရေးဟာ တိုက်ခန်းထဲဝင်လာတဲ့ဖုတ်ကောင်ကို ငုံ့ကြည့်တယ်။
ပြီးတော့သူမြင်တာကို မြင့်သန်းဝတ္ထုထဲကလေသံနဲ့ ပြန်ပြောပြတယ်။
ဂျေမီက ယာဉ်တိုက်မှုဖြစ်ပွားနှုန်းတွေကိုရွတ်နေတယ်။
သူ့ရဲ့ကုတင်အောက်ကတယ်ရီယာခွေးဟာ
မန္တလေးမြေဈေးကွက်ကို သူ့စိတ်ကြိုက်ကစားတယ်။
ကြယ်ငါးပွင့်ဟော်တယ်တွေဟာဂင်္ဂါမြစ်လို လူသေတွေကိုမျှောတဲ့နေရာဖြစ်ပြီး
ဇင်ယော်တွေက “မြန်မာ၊ မြန်မာ” လို့ အသံသေးသေးကလေးတွေနဲ့အော်ကြတယ်။
မြစ်တွေမှာမျက်လုံးကိုယ်စီရှိတာမို့ လူတွေအားလုံးပျာ်ကြတယ်။


မီးပြတိုက်ထိပ်ကဆလိုက်မီးဟာ ဇီးကွက်ရဲ့မာကျူရီမီးလုံးဖြစ်တယ်။
မမြင်နိုင်တာကို ဖောက်ထွင်းမြင်ရတဲ့ဟာမျိုးပဲ။
သူ့ကိုပိုးကောင်မျိုးစုံက ဝိုင်းအုံစားသောက်တယ်။
ပျားရည်သုတ်ထားတဲ့ချာတိတ်မဟာ သူရဲ့ပေါင်ကိုမထိတထိဟလိုက်တယ်။
အလှည့်ကိုစောင့်မနေတော့ဘဲ အဲဒီသက်တံထဲမှာငါ့ကိုယ်ငါအတင်းဝင်နှစ်လိုက်တယ်။
ကြက်ဖဘယ်ရောက်နေလဲလို့ဂျေမီကမေးတယ်။ “အော်၊ မင်းလည်းပါသကိုး”လို့
ဆီဇာကဘရူးတပ်စ်ကိုပြောတယ်။ အရှိန်နဲ့မျောလာတဲ့ဒိုက်ပုံကို
မေယု()လမ်းနားကပေါင်းကူးတံတားလည်း မဟန့်တားနိုင်ဘူး။

မောင်ဒေး
၁၅ ဖေဖော်ဝါရီ ၂ဝ၁၃

Monday, January 28, 2013

ABBA


       –ဘရက်ဂုခ်ျအတွက်

ပါတီကိုသွားတဲ့လမ်းမှာ ဘိန်းဖြူကို
ငါတို့အကုန်ရှုပစ်လိုက်တယ်။
အယ်လ်ဘမ်အသစ်ကိုငါတို့ယူလာတယ်။
အယ်လ်ဘမ်အသစ်ကိုဖွင့်ပြီး ငါတို့ကတယ်။

လင်ချယ်လှယ်တာခံရတဲ့မိန်းမနှစ်ယောက်
အဲဒီအဖွဲ့မှာပါတယ်။
သူတို့က ငါတို့ရဲ့ဘာသာစကားကိုမသိဘူး။
ဝဏ္ဏသံတိုင်းဟာ အတားအဆီးပဲ။

အဲဒီမိန်းမနှစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို
ကြွေနေတယ်။ ဟိုလူက အခြားတစ်ယောက်ကိုဖီးလ်လာတယ်။
ဒါပေမယ့် ကိစ္စမရှိဘူး။ သူတို့မလောပါဘူး။
တစ်သက်လုံးစောင့်ဆိုလည်း စောင့်ရုံပဲ။

ညဘက်သူတို့အပြင်ထွက်ပြီး
အတူတူအိပ်ဖို့ယောက်ျားရှာတဲ့အခါ
ဟိုလူကို အမြဲတမ်းရှာတွေ့နေမှာပဲ။
သူတို့ကကျားတွေပဲလေ။

မိန်းမတစ်ယောက်နဲ့အိပ်ဖို့မဖြစ်နိုင်လောက်အောင်
ငါတို့ကပြဲကွဲနေပြီ။ လှုပ်မရတော့တဲ့အထိ ငါတို့ကတယ်၊
သီချင်းစာသားကိုနားထောင်တယ်၊ ငါတို့ရဲ့ပါးစပ်တွေက
ဘာသာစကားတစ်ခုလို အသံထွက်ကိုလိုက်ရွတ်နေတယ်။

သူတို့ရဲ့သီချင်းကြောင့် ငါတို့ခံစားရတာကို
ပြန်လည်ဖွင့်ဆိုပြဖို့ မဖြစ်နိုင်ဘူး။
စကားလုံးအားဖြင့်ပြောပြလို့လည်းမရဘူး။
ငါတို့ရဲ့ကကွက်တွေကတော့ မြင်သာအောင်ပြချင်ပြနိုင်မယ်။

ABBA ဟာသူတို့ရဲ့ဂီတအတွက်အသက်ရှင်တယ်။
ငါတို့ကတစ်ယောက်ကိုတစ်ယောက် တောင့်တတယ်။
ငါတို့ဘာတွေလုပ်နေတယ်ဆိုတာ သူတို့မြင်တယ်။
အဲဒီမြင်တာကို သူတို့ရဲ့ဓါတ်ပြားပေါ်တင်လိုက်တယ်။

သူတို့ကတီး၊ ငါတို့ကနားထောင်။
ငါတို့အားလုံးမြောသွားတယ်။
ငါတို့တကယ်ခံစားရတာဟာ တခြားလူတွေပြောပြတာထက်ပိုတယ်။
အဲဒါကို ABBA သိတယ်။

ဒဲန်းနစ္စကူးပါး
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Dennis Cooper ရဲ့ ABBA ကဗျာကိုပြန်ဆိုပါတယ်)

မှတ်ချက်။ ။ ABBA ဟာ ၁၉၇ဝ နဲ့ ၁၉၈ဝ နှစ်တွေမှာထင်ရှားခဲ့တဲ့ ဆွီဒင်ပေါ့ပ်ဂီတအဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်အမျိုးသားနှစ်ယောက်ဟာ အဖွဲ့ဝင်အမျိုးသမီးနှစ်ယောက်နဲ့အသီးသီးလက်ထပ်ခဲ့ကြပြီး အသီးသီး ကွာရှင်းခဲ့ကြပါတယ်။

Monday, January 21, 2013

ပတ္တရားမှာ စိုးလွင်လွင်ကိုနားထောင်ခြင်း


ငါဟာ ရှော့ပင်းစင်တာထဲက တိမ်မျှင်တန်း”
အဲဒါကိုမောင်စွမ်းရည်မရေးခဲ့ဘူး။ အသက်မပြည့်သေးတဲ့မိန်းကလးတွေဟာ ရည်ရွယ်မထားဘဲပေါ်ပေါက်လာတဲ့ လူနေအိမ်တန်းဖြစ်တယ်။
အိပ်ရာပေါ်မှာ ကိုယ်လုံးတီးလဲလျောင်းနေတဲ့ ပြည့်တန်ဆာမိန်းကလေးဟာ
အသက်မပြည့်သေးတဲ့ လွမ်းတေးတစ်ပုဒ်ဖြစ်တယ်။
ကမ်းရိုးတန်းဟာ ဆိုင်းဘုတ်ကိုမဖတ်တတ်ဘူး။ အချိုရှိတဲ့နေရာမှာ
လူရှိတယ်။ ငါမင်းကို ရေလိုဆက်ချစ်နေပေမယ့် အချစ်ကြောင့်
မိုးသားတွေအုံ့မှိုင်းမလာဘူး။
ဘော့ဘ်ဒီလန် ဒီမှာပျော်ခဲ့သလားဆိုတာ ကာလီဒါသလည်းမသိဘူး။
ရေနွေးပူနဲ့အပက်ခံရတဲ့ပုရွက်ဆိတ်အုံဟာ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေရဲ့
ဆန့်ကျင်ဘက်ဖြစ်တယ်။ အပူကိုဟိုတယ်ခန်းထဲကနေ ငါစောင့်ဖမ်းတယ်။
ကားတစ်စီးဖြတ်မောင်းသွားတယ်။ ကွန်ကရစ်တံတားဘောင်ကို
လရောင်အမှတ်နဲ့ဝင်တိုက်တယ်။ ယာဉ်မောင်းသူရဲ့ခံတွင်းဟာ
မင်းနန္ဒာကို Eဆေးပြားတစ်ပြားလိုငုံထားတယ်။

မောင်ဒေး
၂၁ ဇန်နဝါရီ ၂ဝ၁၃

Saturday, January 19, 2013

အကောင်းမြင်သမားပြန်လာတယ်


နွေ၊ မိုး၊ Facebook၊ ဆောင်း
ရာသီအလီလီပြောင်းတယ်။
ချောင်းထဲမှာ ရေမရှိတော့ပေမယ့်
မြောင်းထဲမှာ ဧဝရတ်တောင်ပေါ်ကနှင်းတွေ ဖွေးဖွေးလှုပ်။
ငါးကြီးဆီအသည်းနဲ့လုပ်ထားတဲ့ သောင်ပြင်ဟာ
အိပ်ရာတစ်မျိုးဖြစ်တယ်။ ဝင်ကစွပ်ကောင်တွေဟာ ငါ့သဲငါ့သောင်ပေါ်မှာ
အစုံအဆန်ပြေးလွှားကြရင်း ဘေယွန်းဆေးရဲ့ကြေးခေါင်းလောင်းကို
သူတို့ရဲ့အက်ဆစ်ကျင်ငယ်နဲ့ ဟောင်းလောင်းဖောက်ပစ်လိုက်တယ်။
Jay-Z စိတ်လှုပ်ရှားသွားတယ်။
အာကာသယာဉ်တစ်စင်းဝယ်မယ် တကဲကဲလုပ်နေတယ်။
ကောင်းကင်ပြာပြာမှာ ဧဝရတ်တောင်လောက်ကြီးတဲ့ မစင်ပုံကြီးကို
ဖြတ်ပြီးမောင်းနှင်သွားမတဲ့လေ။
တံငါသည်ရဲ့ပိုက်ကွန်ဟာ တောဝက်မရဲ့လိင်ပြွန်ဝဖြစ်တယ်။
ပွေးကွက်လိုဝိုင်းစက်နေတဲ့ ကျွန်းစုကို မထိတထိ
ဘယ်သူကြည့်မိသလဲ။ လမ်းပေါ်မှာ သွေးသံရဲရဲသေဆုံးနေတဲ့အရူးကို
ဝိညာဉ်ဖြူဖြူတွေဟာ ချီမ မသွားကြဘူး။
အကောင်းမြင်သူတွေရဲ့ ကနေ့ငွေကြေးဟာ ခွေးသေကောင်ဖြစ်တယ်။

မောင်ဒေး
၁၉ ဇန်နဝါရီ ၂ဝ၁၃