Wednesday, April 16, 2014

ဘော့ဘ်ပရဲလ်မန်းရဲ့ကဗျာနှစ်ပုဒ်


အခန်း

စကားလုံးတွေဟာ သူတို့ကိုယ်သူတို့ ဖော်ပြကြတယ်။
တိုက်ရိုက်အနက်ကောက်ရင် သူတို့အားလုံးအမှန်ချည်းပါပဲ။
တစ်မိနစ်တစ်ခါ စက်ဝိုင်းတစ်ခုပေါ်လာပြီး
လမ်းတစ်ဝက်မှာတင် သူ့ကိုယ်သူပြန်တွေ့သွားတယ်။

Lockerဟာ အတွင်းကနေ
သော့ပိတ်တယ်။ “ငါ”ဆိုတာ
ဟောဒီအကျဉ်းကျမှုကနေ မွေးဖွားပေးလိုက်တဲ့
ဧရိယာကျယ်ဝန်းတဲ့ စကားဖန်တစ်ခုသာဖြစ်ပါတယ်။

ပဲ့တင်သံတွေဟာ ငါ့ရဲ့အခန်းဖြစ်တဲ့
မြောက်အမေရိကကို ဖြတ်သန်းသွားကြတယ်။
နားက ချက်ချင်းနီးပါး ကြားတယ်။
လမ်းတွေပေါ်မှာတော့ စက်ယန္တရားတွေက

မဟုတ်စက်ယန္တရားတွေရဲ့ အတွေးကို
အများသိအောင်ကြေညာလိုက်တယ်။ ဟောဒီ
အရာဝတ္ထုတွေမှာ လတ်တလော
ဘာမှမပြောဘဲနေခွင့်ရှိပါတယ်။

ဖွင့်ထားတဲ့တံခါးရဲ့အလင်းရောင်ထဲမှာ
ဖောင်တိန်ဟာလက်နဲ့ နပန်းလုံးလျက်။
အရာဝတ္ထုတွေဟာ
သူတို့မှာရှိရမယ့်အရွယ်အစားအတိုင်း ရှိနေကြတယ်။

ဘော့ဘ်ပရဲလ်မန်း
မောင်ဒေး-မြန်မာပြန်

(အမေရိကန်ကဗျာဆရာ Bob Perelman Room ကိုပြန်ဆိုပါသည်။)


ဘော့ဒလဲ၊ယ်၊သို့

ခေါင်းဟာ ခန္ဓာကိုယ်ရဲ့သားရဲတွင်း။
အရှေ့ဘက်ကိုတော့ မသိမသာထွက်ချင်ထွက်နေမယ်။
အဲဒီကင်းကွာချက်တွေကို အခွင့်ကောင်းယူပြီး
စကားလုံးတွေဟာ မူးယစ်စေတဲ့ငြီးငွေ့ဖွယ်ရာဖြစ်မှုအတွက်

သေခြင်းကင်းတဲ့လိုအပ်ချက်ကို တုန့်ပြန်လိုက်တယ်။
ခန္ဓာကိုယ်ဟာ စိတ်ရဲ့ဆန်ခါ။
မြတ်နိုးတွယ်တာရပါသောကြေကွဲမှုဖြစ်တဲ့ ရေဟာ
အနီရောင်ရေခဲတုံးတစ်တုံးပေါ်ကနေ တစ်စက်ချင်းစီယိုစီးပြီး

စာရေးသူနဲ့စာဖတ်သူတို့က အတင်းအဓမ္မ စွဲလန်းဖက်တွယ်ထားတဲ့
ရေမွှေးနံ့ထုံသင်းသော ပျောက်ဆုံးသုခဘုံပေါ်ကို ကျသွားတယ်။
ထူးခြားဆန်းကျယ်တဲ့ ရောင်ခြည်စက်ဝန်းတွေဟာ
သူတို့ကိုယ်သူတို့ ကြာပွတ်နဲ့ပြန်ရိုက်နေတဲ့ ကိုယ်လုံးတီး

ကျွန်တွေရဲ့ခေါင်းမှာ ဝါဝင်းတောက်ပနေကြတယ်။
ကမ္ဘာလောကသစ်ဟာ
ကမ္ဘာလောကဟောင်းရဲ့ ခေါင်းမပါတဲ့ကိုယ်လုံးကြီးပေါ်မှာ
လွင့်မျောနေတဲ့ပုံရုပ်တွေကိုတော့ဖြင့်

သည်းခံပေးနိုင်စွမ်းရှိဖို့ လိုပါတယ်။
ဟောင်းလောင်းကြီးဖြစ်နေတဲ့အပေါက်တစ်ခုကို စိုက်ကြည့်နေမိတာမို့
ငါ့ကိုယ်ငါတောင် အံ့အားသင့်မိတယ်။
ငါမှာခဲ့တာက ပန်းတွေပါ။”

ဘော့ဘ်ပရဲလ်မန်း
မောင်ဒေး-မြန်မာပြန်

(အမေရိကန်ကဗျာဆရာ Bob Perelman To Baudelaire ကိုပြန်ဆိုပါသည်။)

No comments:

Post a Comment