Friday, September 28, 2012

အမျိုးသားနေ့အထူးထုတ်စာစောင်အတွက်ကဗျာပို့ခြင်း

မိုးပေါ်ကကျလာခဲ့ နိုင်ငံသားကတ်ပြားတွေ
ဆပ်ကပ်ထဲက စကားပြောရုပ်သေးတိရစ္ဆာန်တွေဟာ
ပျဉ်းမငုတ်တိုထဲကဇာတ်ဝင်ခန်းကို ပြန်လည်
သရုပ်ဆောင်ပြရင်း ဝမ်းသာပီတိကနေရူးသွားရတဲ့အထိ
(သူအိပ်မက်ကိုဆက်မက်တယ်) အဆုပ်ထဲကဒေတာကို
ခိုးဖတ်သွားခဲ့ အလောင်းကို ၈ပိုင်း ပိုင်းပြီးပင်လယ်ထဲပစ်ချ
                      သိုက်တူးပြီးပြန်အလာမှာ
တည်နေရာမိုးသားမည်းမည်းထဲ လမ်းပေါ်ထွက်ဆန္ဒပြ
ဒြပ်နှောထဲကကူဖော်လောင်ဖက်တွေ ပယောဂနဲ့ပလိပ်
ည ၈နာရီတိတိမှာ ဦးနှောက်ကျောက်ကျောဖတ်တွေပို့လိုက်တယ်
စကားပြောသူ။      ။ဒီမိုကရေစီဟာ ပန်းတိုင်ရဲ့ပန်းတိုင်၊
ပန်းမြိုင်လယ်က ပန်းတောင်ကိုင်
စကားမပြောသူ။      ။သူတို့ကို.....ပေး......မဝင်......နဲ့
စကားပြောသူ။      ။ငါ့စကားဟာပြည်သူ
စကားမပြောသူ။      ။သူတို့ကို.....ပေး......မထွက်......နဲ့
ဆွဲကိုင်ထားတဲ့လက်ဟာ ဆုပ်ထားတဲ့လက်သီးရဲ့
မာဂျင်တာ ပိုးအိမ်ငယ်လောကသုံးပါး
ညူရိုးဆစ်ပညာရှင်တွေရဲ့တာဝန်
တောင်ကုန်းပေါ်မှာအလံဖြူစိုက် စားလို့သူတို့ပြောတယ်
သွားလို့သူတို့ပြောတယ် သေလို့သူတို့ပြောတယ်
ဧည့်သည်တွေအတွက် စကားလုံးတွေဟာအခမဲ့ပါ
ဖြဲရဲကြည့်တဲ့အခါ ဘာသာပြန်မူအသစ်
ဆိုင်းဘုတ်ဟောင်းတစ်ခုပေါ်က မှုန်ဝါးဝါးပန်းစာလုံးတွေပေါ့
သင့်အမျိုးကိုချစ်ပါလေ (စွန့်ပစ်ထားတဲ့တိုက်ခန်းအဟောင်းလား၊
စက်ရုံဟောင်းကြီးတစ်ခုလား)
ဒီဇိုင်းအားဖြင့်ပွင့်လင်းခြင်းဟာ နောက်ကျပြီးမှရောက်လာသလို
                 အ,လည်းအနေခဲ့   ကလေးတွေက
ခေါင်းတွေကိုဝါးချွန်နဲ့ထိုး ခေါင်းပေါ်မှာဟယ်လီကော်ပတာ
ဖြတ်မောင်းတဲ့အခါ ဇာတ်ထုပ်တစ်ခုလုံးဟာ
၁၅စက္ကန့်စာ ရေဒီယိုသတင်းအဖြစ်ကျုံ့ဝင်သွား အရိုးကို
ခြင်္သေ့တွေရဲ့ပိုင်နက်ထဲလွှင့်ပစ်လိုက်သလို
                                    တစ်နေ့နေ့မှာ
ပုလင်းထဲကပုစဉ်းတွေကို လွှတ်ပေးမယ်လို့
သူဆန္ဒပြုခဲ့

မောင်ဒေး
၂၅ စက်တင်ဘာ ၂ဝ၁၂

Wednesday, September 26, 2012

ဂလက်စီအသစ်ကိုတွေ့ခဲ့ကြလေပြီ

ငါတို့ရဲ့ဒေါသကို တစ်နေရာမှာသွားထားလိုက်တဲ့အခါတိုင်း အဲဒါဟာ မြို့တစ်မြို့ရဲ့ကျုံး
တစ်ခုဖြစ်လာတယ်၊ နောက်တစ်ကြိမ်မှာ မြို့တံခါး၊ နောက်တစ်ကြိမ်မှာ ပုလ္လင်ဆောင်..
..စသဖြင့်။ အဲဒီဒေါသဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုငြင်းနေတဲ့ အစုပိုင်စိတ်အခြေအနေ
တစ်ရပ်လို၊ လူသိပ်မသိတဲ့နိုင်ငံတစ်ခုမှာ အစာလမ်းကြောင်းမပါဘဲ အသက်ရှင်နေတဲ့
သတ္တဝါတစ်ကောင်လို ငါတို့ရဲ့အဇ္ဈတ္တထဲမှာ စတည်းချဖို့ကြိုးစားနေခဲ့တယ်။

တစ်ချိန်ကဗီယက်နမ်ဟာ
အခုတော့ အစွန်းရောက်အစ္စလာမ်ဖြစ်ခဲ့ပြီ
လက်လုပ်ပစ္စည်းတစ်မျိုးက သူ့အတွင်းမှာပေါက်ကွဲသွားပြီး
သူ့နှာခေါင်းကနေ အတောင့်လိုက်ထွက်ကျလာခဲ့တယ်
ဒါကို ရပ်ကွက်ထဲက လူငယ်တစ်ယောက်ဟာ
သူ့မိဘတွေအလစ်မှာ Download လုပ်နေခဲ့တယ်
မမြင်ရတဲ့ကြိုးမျှင်အရှုပ်အထွေးကြီးထဲမှာ
ရမ္မက်အနံတစ်မျိုးရှိတယ် ဆိုတာသိတယ် ထောက်လှမ်းလို့
မရနိုင်တဲ့ ဆက်ထုံးလွဲရွေ့လျားမှုတစ်မျိုးနီးပါး မျိုးတူအုပ်စုတွေထဲမှာ
အစိမ်းသက်သက်      ဒေါသဖြစ်နေတဲ့လူအုပ်ဟာ
ငါ့ရဲ့ခြင်ထောင်အပြင်ဘက်မှာ ညတိုင်းငုပ်တုပ် မျိုးတူအုပ်စုတွေရဲ့အပြင်မှာ
ငါဘာတွေတွေးနေခဲ့သလဲ

ကောင်းကင်နဲ့မြေကြီး အတူတွဲလာတာကို
အိမ်ရဲ့အတွင်းပိုင်းကိုမြင်ရသလို ငါမြင်ရတယ်။
ပါကစ္စတန်နဲ့ ဆီးရီးယားက 1Mbps ရဲ့အပြင်မှာပဲ ရှိလေရော့သလား။
ချစ်ရသူ တစ်ကိုယ်လုံးကျည်ရာအပြည့်နဲ့ အိမ်ထဲဝင်လာတယ်။

မကြားရတာကြာပြီဖြစ်တဲ့ စကားတစ်ခွန်းဝင်လာတယ်။
ငါတောင်ပြုံးရာကနေ ရယ်မိမလိုဖြစ်ခဲ့ရတယ်။
အစပြုခြင်းရဲ့အသားသဘောကို ငါစစ်ကြောနေတုန်း
အားလုံးကအစပြုဖို့ အာသာငမ်းငမ်းမျှော်နေကြတယ်။

တီကောင်တွေဟာ
စောစောအိပ်ရာဝင်တတ်တဲ့
ချိုးငှက်တစ်ကောင်ရဲ့
ဝမ်းဗိုက်ထဲမှာ
သူတို့ရဲ့ဂလက်စီအသစ်ကို
တွေ့ခဲ့ကြလေပြီ။
သတင်းအချက်
အလက်တွေဟာ
မြောက်မြားစွာသော
ရုပ်ပုံကားချက်တွေလို
တစ်ခုနဲ့တစ်ခု
ပေါင်းစည်းသွားပြီး
ဟောဒီမှာငုပ်တုပ်
ထိုင်နေတဲ့ ဒေါသ
ဖြစ်လာခဲ့တယ်။
အသိဥာဏ်အနည်းဆုံး
အကောင်က အသံ
အကျယ်ဆုံးပဲ။
ပြန့်ပွားနှုန်းမြင့်တဲ့
စွမ်းအင်တစ်မျိုးက
ဖန်သားပြင်ပေါ်မှာ
ဗြုပ်ထ။
တစ်ချိန်တည်းမှာပဲ
ငါတို့အားလုံးဟာ
တကယ်အစပြု
နေခဲ့ကြပြီလား။

မောင်ဒေး
၂၃ စက်တင်ဘာ ၂ဝ၁၂

Tuesday, September 25, 2012

နံရံကိုကျွန်မခေါင်းနဲ့ဝင်ဆောင့်ပစ်ခဲ့တယ်

ကလေးအရွယ်တုန်းက
သူတော်စင်
ဖြစ်ဖို့ဆိုပြီး
ကျွန်မရဲ့လက်ချောင်းကို မီးထဲထိုးထည့်ခဲ့တယ်။

ဆယ်ကျော်သက်အရွယ်မှာ
နံရံကိုခေါင်းနဲ့ နေ့စဉ်ဝင်ဆောင့်ပစ်ခဲ့တယ်။

မိန်းမပျိုလေးဖြစ်လာတော့
ခုန်ချဖို့ဆိုပြီး
ထပ်ခိုးပြတင်းပေါက်ကတစ်ဆင့်
အမိုးပေါ် ကျွန်မတက်ခဲ့တယ်။

မိန်းမကြီးအရွယ်ရောက်တော့
ကျွန်မတစ်ကိုယ်လုံးမှာ သန်းတွေမြင်မကောင်းဘူး။
ကျွန်မရဲ့ဆွယ်တာကို မီးပူတိုက်တဲ့အခါများ
ပေါက်ပေါက်ဆုပ်တွေလို တဖောက်ဖောက်။

ကွပ်မျက်ခံရဖို့အရေး မိနစ်ခြောက်ဆယ်
ကျွန်မစောင့်ခဲ့ရတယ်။
အနှစ်ခြောက်ဆယ် ဆာလောင်ခဲ့ရတယ်။

အဲဒီနောက် ကလေးတစ်ယောက်ကိုကျွန်မမွေးတယ်၊
အိပ်စက်စေခြင်းလုံးလုံးမရှိဘဲ
ကျွန်မကို သူတို့ထုဆစ်ကြတယ်။

အဲဒီနောက် မိုးကြိုးကကျွန်မကို သုံးကြိမ်ပစ်တယ်။
ဘယ်သူ့အကူအညီမှမပါဘဲ
သေရာကနေ သုံးကြိမ်ပြန်ထလာရတယ်။

သုံးကြိမ်သုံးခါ ရှင်သန်ထမြောက်ခဲ့ပြီးနောက်
ကျွန်မအခုအနားယူနေပါတယ်။

အန်နာဆွားရ်
မြန်မာပြန်-မောင်ဒေး

(ပိုလန်ကဗျာဆရာမ Anna Swir ရဲ့ I Knocked My Head against the Wall ကဗျာကိုပြန်ဆိုပါတယ်)

Sunday, September 23, 2012

“အိမ်ဆိုတာနှလုံးသားတည်ရာနေရာ”လို့ သူတို့ပြောကြတယ်။ ကျွန်မကတော့ အိမ်ဆိုတာ အိမ်ရယ်၊ သူနဲ့ကပ်လျက်က အဆောက်အဦတွေရယ် ရှိတဲ့နေရာလို့ပဲထင်တယ်။ (အမ်မလီဒစ်ကင်ဆန်)

အချက်အလက်

အားလားလား

အခန်းတွေဟာအချုံ့ခံထားရ မြူတွေရဲ့နှစ်ခုတွဲ လိုအပ်ချက်

ရေယာဉ်စု
ထဲမှာ ချင့်ချိန်တွက်ဆမှုမရှိခြင်းရှိတယ် ဖဲလ်စ်ပွိုင့်ရပ်ကွက်က
စာချုပ်ကို ရှင်းသန့်တဲ့စိတ်နဲ့ ဂျွတ်ကနဲမြည်အောင်ချိုးလိုက်စဉ်

မရူးသကဲ့သို့
ခံစားပါ၊ ပြီးတော့ ပညာရှင်တွေကိုပူးတွဲလုယက်ပါ

မင်းကဆေဇန်းပဲ
စွဲလန်းငြိတွယ်ရမှာကို မင်းကြောက်တယ်

ဂျွန်လဟာ စာရေးစားပွဲနဲ့ ဝေဒနာအနာတရ၊ ဝေါ်လ်ဒင်န်၊ အချစ်ကဗျာများ၊ သတ်ဖြတ်ရန်
တိရစ္ဆာန်များ---NY အတွက်ကျန်ရစ်တဲ့
မျက်လုံးနဲ့တပြေးညီမှာ ကျောက်မျက်ရတနာ
အချိန်ဟာ
စွန့်ပစ်ထားတဲ့သစ်သီးအခွံမာတွေကို အထက်ဘက်ရောက်အောင် မောင်းနှင်ခဲ့

အံမယ်အံမယ်နတ်သမီးဟာ
ဗဟိုကျတဲ့နေရာက အခရာပေပဲ
ပြီးတော့ ဟောဒီအပြစ်အနာအဆာများတဲ့ အားအင်ကုန်ခမ်းခြင်းထဲမှာ
ဆင်စွယ်ဂီတကို ကောက်နုတ်ရွေးချယ်တယ်
အကျိုးတူဖလှယ်ခြင်းဥပဒေကိုလည်း ရှုပါလေ
တိရစ္ဆာန်ခြေဖဝါး သို့မဟုတ် တိရစ္ဆာန်ခြေဖဝါး
ကယ်ဆယ်ခြင်းဆိုင်ရာအာရုံကြောဟာ
မဆိုရုံကလေးအကွာ အပဲ့ကလေးအဝေးမှာ ပျော်ဝင်နိုင်စွမ်းရှိ
မသိမသာရဲ့ကြွားဝါမှု
ခုံးကောက်သူရဲ့ကာလပြပုံသဏ္ဍာန်

အကျဉ်းရုံးဖော်ပြမှုထဲက ပိတ်ထားတဲ့မိုးဟာ ရှေ့သို့။

ရင်တွင်းမီးရဲ့ မီးခံသံဘောင်


ရော့ဒ်စမစ်သ်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Rod Smith ရဲ့ They say that “home is where the heart is.” I think it is where the house is, and the adjacent buildings ကဗျာကိုပြန်ဆိုပါတယ်)

Monday, September 17, 2012

ပြင်သစ်ကဗျာဆရာ ဖိလစ်ပ်ဆိုပေါလ်ရဲ့ကဗျာသုံးပုဒ်

ဆည်းဆာ

ရေချိုးဇလုံထဲက ဆင်တစ်ကောင်
အိပ်ပျော်နေတဲ့ကလေးသုံးယောက်
ဆန်းကျယ်တဲ့ ဆန်းကျယ်ပုံပြင်
ဝင်နေတဲ့နေလုံးရဲ့ ဇာတ်လမ်း

(Twilight)

တစ် နှစ် သို့မဟုတ် သုံး

ကလေးတွေကိုထွက်ရှာရအောင်
ကလေးတွေရဲ့မိဘတွေကို
ကလေးတွေရဲ့ကလေးတွေကို
နွေဦးရဲ့ခေါင်းလောင်းတွေကို
နွေရဲ့နွေဦးတွေကို
ဆောင်းဦးရဲ့နောင်တတွေကို
ဆောင်းရဲ့တိတ်ဆိတ်ခြင်းကို

(One Two or Three)

ဂျော်ဂျီယာ

ငါအိပ်မရဘူး ဂျော်ဂျီယာ
ညထဲကို ငါမြှားတွေပစ်သွင်းနေတယ် ဂျော်ဂျီယာ
ငါစောင့်နေတယ် ဂျော်ဂျီယာ
ငါတွေးနေတယ် ဂျော်ဂျီယာ
မီးကနှင်းလိုပါပဲလား ဂျော်ဂျီယာ
အသံတစ်ခုစီတိုင်းကို ငါကြားရတယ် ဂျော်ဂျီယာ
တလူလူတက်လာပြီးနောက်လွင့်ပါသွားတဲ့ မီးခိုးကိုငါမြင်ရတယ် ဂျော်ဂျီယာ
ငါလေအရိပ်ထဲမှာ ညင်ညင်သာသာလမ်းလျှောက်နေတယ် ဂျော်ဂျီယာ
ဆင်ခြေဖုံးတွေမှာ လမ်းတွေမှာ
ငါပြေးနေတယ် ဂျော်ဂျီယာ
ဒါကငါမသိတဲ့ ငါ့ရဲ့မြို့ပဲ ဂျော်ဂျီယာ
ငါအလျင်စလိုဖြစ်နေတယ် ဒါကလေတိုက်တာပဲ ဂျော်ဂျီယာ
ပြီးတော့အေးခဲနေတဲ့တိတ်ဆိတ်မှုနဲ့ အကြောက်တရားပဲ ဂျော်ဂျီယာ
ငါထွက်ပြေးနေတယ် ဂျော်ဂျီယာ
ငါပြေးနေတယ် ဂျော်ဂျီယာ
တိမ်တွေကနိမ့်လိုက်တာ သူတို့ပြုတ်ကျလာလိမ့်မယ် ဂျော်ဂျီယာ
ငါ့လက်ကိုဆန့်တန်းထားတယ် ဂျော်ဂျီယာ
ငါ့မျက်လုံးတွေပိတ်မနေဘူး ဂျော်ဂျီယာ
ငါခေါ်နေတယ် ဂျော်ဂျီယာ
ငါအော်နေတယ် ဂျော်ဂျီယာ
ငါခေါ်နေတယ် ဂျော်ဂျီယာ
ငါမင်းကိုအော်ခေါ်နေတယ် ဂျော်ဂျီယာ
မင်းလာမှာလား ဂျော်ဂျီယာ
မကြာခင်လား ဂျော်ဂျီယာ
ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ
ဂျော်ဂျီယာ
ငါအိပ်မရဘူး ဂျော်ဂျီယာ
ငါမင်းကိုစောင့်နေတယ်
ဂျော်ဂျီယာ

(Georgia)
မြန်မာပြန်-မောင်ဒေး

(ပြင်သစ်ကဗျာဆရာ Philippe Soupault ရဲ့ကဗျာသုံးပုဒ်ကိုပြန်ဆိုပါတယ်)

Saturday, September 15, 2012

စစ်တမ်းအမေးလွှာ

ညွှန်ကြားချက်။      ။အောက်ပါစာကြောင်းတစ်စုံစီတွင် သင့်ထင်မြင်ချက်ကိုအကောင်းဆုံး
ဖော်ပြနိုင်သည့်စာကြောင်းအား ၎င်းစာကြောင်းထိပ်ရှိအက္ခရာ(က) သို့မဟုတ် (ခ) ကိုခဲတံ
ဖြင့်ဝိုင်း၍ရွေးချယ်ပါ။ စာကြောင်းအစုံတိုင်းအတွက် ရွေးချယ်မှုလုပ်ရပါမည်။  မည်သည်ကို
မျှချန်လှပ်ခဲ့ခြင်း မပြုရ။

၁။(က) ခန္ဓာကိုယ်နှင့်ကမ္ဘာလောကကြီးအတွင်းရှိ ရုပ်ဝတ္ထုပစ္စည်းများသည် ကျွန်ုပ်တို့ပိုင်
   ဆိုင်နိုင်သော အသိပညာအားလုံး၏သော့ချက်ဖြစ်သည်။
   (ခ) အသိပညာကို စိတ်သို့မဟုတ်စိတ်တန်ခိုးကိုအခြေခံသော နည်းလမ်းများဖြင့်သာရ
   နိုင်ဖွယ်ရှိသည်။

၂။(က) ကျွန်တော်/ကျွန်မ၏ဘဝကို ကံနှင့်ဖြစ်တန်စွမ်းတို့က များစွာထိန်းချုပ်ထားသည်။
   (ခ) ဘဝ၏အခြေခံလားရာကို  ကျွန်တော်/ကျွန်မကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်သည်။

၃။(က) သဘာဝတရားသည် လူသား၏လိုအပ်ချက်တို့အပေါ် အကျိုးလည်းမပြု၊ အကျိုး
   လည်းမပျက်စေပါ။
   (ခ) သိသာထင်ရှားမှုမရှိသည့်တိုင် သဘာဝတရားတွင် ရည်ရွယ်ချက်ရှိသည်။

၎။(က) ကမ္ဘာလောကကြီးကို လုံလောက်သောအတိုင်းအတာတစ်ခုအထိ  ကျွန်တော်/
   ကျွန်မနားလည်ထားသည်။
   (ခ) ကမ္ဘာလောကကြီးသည် စိတ်ရှုပ်ထွေးဖွယ်ဖြစ်သည်။

၅။(က) အချစ်သည် အကြီးမားဆုံးပျော်ရွှင်မှုဖြစ်သည်။
   (ခ) အချစ်သည်အာရုံမှောက်မှားမှု။ ၎င်း၏အပျော်တို့သည်ကား မတည်မြဲ။

၆။(က) ကမ္ဘာလောကကြီး၏အခြေအနေကို နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာဆောင်ရွက်ချက်
   တို့က တိုးတက်ကောင်းမွန်စေနိုင်သည်။
   (ခ) နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာဆောင်ရွက်ချက်တို့သည် အခြေခံအားဖြင့်အကျိုးမရှိ။

၇။(က) ကျွန်တော်/ကျွန်မ၏ ပုဂ္ဂိုလ်ရေးအဆန်ဆုံးခံစားမှုတို့ကို ပြည့်ပြည့်စုံစုံထုတ်ဖော်
   ပြောဆိုနိုင်ခြင်းမရှိပါ။
   (ခ)  ကျွန်တော်/ကျွန်မ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသော ခံစားမှုရယ်လို့မရှိ။

၈။(က) အကျင့်သီလစောင့်ထိန်းခြင်းကိုယ်၌က အကျိုးထူးဖြစ်သည်။
   (ခ) အကျင့်သီလသည် အကျိုးအမြတ်ကိစ္စနှင့်မပတ်သက်။

၉။(က) မည်သူမည်ဝါသည် ယုံကြည်ကိုးစားထိုက်သူဖြစ်သည်ကို အတပ်ပြောလို့ရသည်။
   (ခ) သင်မျှော်လင့်မထားသောနည်းလမ်းများဖြင့် လူတွေကသင့်ကို ရုတ်တရက်ထိုးနှက်
   တိုက်ခိုက်တတ်သည်။

၁ဝ။(က)ကျေးလက်ဒေသမှာနေထိုင်ခြင်းသည် မက်မောဖွယ်အကောင်းဆုံးကိစ္စဖြစ်သည်။
     (ခ) မြို့ပြမှာနေထိုင်ခြင်းသည် မက်မောဖွယ်အကောင်းဆုံးကိစ္စဖြစ်သည်။

၁၁။(က) စီးပွားရေးနှင့်လူမှုရေးဆိုင်ရာမညီမျှမှုသည် အကြီးမားဆုံးသော လူမှုဒုစရိုက်ကြီး
     ဖြစ်သည်။
     (ခ) အကြွင်းမဲ့အာဏာရှင်စံနစ်သည် အကြီးမားဆုံးသော လူမှုဒုစရိုက်ကြီးဖြစ်သည်။

၁၂။(က) ခြုံငုံကြည့်လျှင် နည်းပညာကလူသားကို ကောင်းကျိုးပေးသည်။
     (ခ) ခြုံငုံကြည့်လျှင် နည်းပညာကလူသားကို ဆိုးကျိုးပေးသည်။

၁၃။(က) အလုပ်သည် လူသား၏အကြီးကျယ်ဆုံးသော ဖြည့်စွမ်းမှုကိုပေးနိုင်မည့် ဖြစ်တန်
     စွမ်းသောအရင်းအမြစ်ဖြစ်သည်။
     (ခ) အလုပ်မှလွတ်မြောက်ခြင်းသည် လှုပ်ရှားမှုတိုင်း၊ လူမှုရေးဆိုင်ရာတိုးတက်မှုတိုင်း
     ၏ ပန်းတိုင်ဖြစ်သင့်သည်။

၁၄။(က) အနုပညာ၏အစစ်အမှန်သဘောသဘာဝက နိုင်ငံရေးဆန်ပြီး ကျွန်ုပ်တို့၏အရှိတ
     ရားဆိုင်ရာသိမှတ်မှုတို့ကို ပြောင်းလဲပေးနိုင်သည်။
     (ခ)အနုပညာသည်လူ၏သိစိတ်ကိုသာပြောင်းလဲပေးနိုင်ပြီး အဖြစ်အပျက်တို့ကိုပြောင်း
     လဲပေးနိုင်ခြင်းမရှိသောကြောင့် နိုင်ငံရေးနှင့်မသက်ဆိုင်။

ချားလ်စ်ဘန်းစတိုင်းန်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Charles Bernstein ရဲ့ Questionnaire ကဗျာကိုပြန်ဆိုပါတယ်)
     

Friday, September 14, 2012

ညဆယ့်တစ်နာရီသုံးဆယ်မိနစ်အချိန် ကိုယ်တိုင်ရေးပုံတူ


ဟောဒီမျက်နှာပေါ့။ အယ်လ်မွန့်ဆပ်ပြာရဲ့
ဇာနားကွပ်ရေမြှုပ်တွေနဲ့ ကျွန်မညစဉ်တည်ခင်းဧည့်ခံရတာ။
ဦးခေါင်းက
ခြေကုန်လက်ပန်းကျခြင်းရဲ့ဒုတိယအဆင့်မှာ ငိုက်စိုက်။

ကလေးအရွယ် ဟောဒီရင်သားတွေပေါ့။ ကျွန်မရဲ့အရင့်အမာ
ရင်နှစ်မွှာထဲမှာ သူတို့ကိုထည့်မြှပ်ပစ်ခဲ့ရတယ်။ နိမ့်ကျပုခုံးသားတွေ။
အရိုးပေါ်အရေတင်နေတဲ့ နံရိုးအိမ်၊ ဆုပ်ထားတဲ့လက်သီးက
သံတိုင်တွေကိုထုရိုက်နေဆဲ။

အနက်ရောင်ဘရာစီယာ၊ ညိုညစ်ညစ်ခြေအိတ်ရှည်၊ ရှည်လျားပြီး
ထစ်ငေါ့နေတဲ့ အတွင်းခံဂါဝန်။ ကျွန်မရဲ့ဝမ်းဗိုက်တလျှောက်
လျှောဆင်းသွားတဲ့အမာရွတ်ဟာ အမြှောင်းလိုက်ခုံးကြွပြီး မဟူရာဖလားလို
ရောင်စုံဖျာထွက်။ သူတို့ရိပ်သင်ပစ်ခဲ့တဲ့ အမွေးကြမ်းကြမ်းတွေ
ပြန်လည်ရှည်လျားလာခဲ့တယ်။

ဟောဒါက ကျွန်မရဲ့ဝမ်းဗိုက်ပေါ့။ ရေမြှုပ်လိုပွယောင်း၊ ခွင့်လွှတ်လိုစိတ်လည်းအပြည့်။
သူ့ရဲ့အိတ်ကပ်တွေအားလုံးကို ကျွန်မနှိုက်ထုတ်ရှင်းလင်းခဲ့ပြီးပြီ။
သူဟာငိုက်မြည်းနေတဲ့ ခါးကုန်းကြီးအဖြစ် နေသားကျခဲ့ပြီ။
“တစ်ချိန်တုန်းကတော့ ငါ့ကိုမြတ်နိုးလိုက်ကြတာ”

ပြီးတော့ကျွန်မရဲ့ခြေထောက်တွေ၊ အကြမ်းပတမ်းခံတဲ့ တံဆိပ်ပြားတွေလို
အသားမာတွေ။ ဖိနပ်တို့ရဲ့စက်ရုံထဲမှာ အမိန့်အတိုင်း
သူတို့တစ်နေ့လုံးကြိတ်ခွဲကြတယ်။
ကျွန်မရဲ့ခြေဖမိုးသားတွေကတော့
ရှမွိုင်းလိုနူးနူးညံ့ညံ့။

ရှာနာဘလော့ခ်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာမ Chana Bloch ရဲ့ Self-Portrait at Eleven Thirty P.M ကဗျာကိုပြန်ဆိုပါတယ်)

Wednesday, September 12, 2012

တိုက်ခန်း


ငါနဲ့ရုပ်ချင်းသိပ်မတူလှတဲ့
မီးဖိုစင်ပေါ်ကအမျိုးသမီးဟာ
လွှစက်တစ်ခုကို ကိုယ်နဲ့ခွာပြီး
ကိုင်ထားတယ်၊
ခြောက်ခြောက်ခြားခြားလည်းပြုံးနေတယ်၊
အဲဒီအချိန် ဖော်ထုတ်ခံရခြင်းမရှိသေးတဲ့အကျိတ်တစ်ခုက
သူ့ရဲ့ကျောက်ကပ်ပေါ်မှာ ဆောင့်ကြောင့်တက်ထိုင်လိုက်တယ်။


ပစ္စုပ္ပန်ဟာ
ကြေကြေကွဲကွဲနဲ့ အလိုလားဆုံးဖြစ်ရတဲ့အရာ၊
ဟိတ်ကြီးဟန်ကြီးနိုင်ခြင်းနဲ့
အောက်တန်းကျခြင်းတို့ရဲ့
မူးရစ်ရီဝေစေသော အရောအနှော၊
ထိပ်ပိုင်းအဖြတ်ခံထားရ၊
ဘောင်အသွင်းခံထားရ။


သူငယ်ချင်းတစ်ယောက်ရဲ့အခန်းကို
ငါကတစ်ဆင့်ပြန်ပြီး အငှားချထားသလိုမျိုးပါလား။
ဘယ်သူငယ်ချင်းပါလိမ့်လို့
အိပ်မက်ထဲမှာတောင် မရမက
ငါစိတ်ကူးယဉ်စဉ်းစားနေမိတယ်။

ပြီးတော့ ငါ့ရဲ့ရေလဲဝတ်ရုံတွေအားလုံးကို
မရမက လိုက်လံစုစည်းနေမိတယ်။
ငါတကယ်ပိုင်တဲ့ ဝတ်ရုံတွေကိုရော
ငါမပိုင်တဲ့ဝတ်ရုံတွေကိုရော

ရေးအာမန်ထရောက်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာမ Rae Armantrout ရဲ့ Apartment ကဗျာကိုပြန်ဆိုပါတယ်)

Tuesday, September 11, 2012

သေသွားတဲ့လူတွေ

ပတ်ဒူဂန်...ငါ့အဖိုး...လည်ချောင်းကင်ဆာ...၁၉၄၇။
အက်ဒ်ဘယ်ရီဂန်...ငါ့အဖေ...နှလုံးရောဂါ...၁၉၅၈။
ဒစ်ကီဘတ်ဒ်လောင်း...ငါ့အချစ်ဆုံးသူငယ်ချင်းဘရူစီရဲ့အကိုကြီး၊ ငါတို့က
                                    ၅နှစ်နဲ့ ၈နှစ်အရွယ်...ကိုရီးယားမှာအသတ်ခံရ၊ ၁၉၅၃။
ရက်ဒ်အိုဆူလေဗန်...နာမည်ကျော်ဟော်ကီကစားသမား၊တောလမ်းဖြတ်အပြေးသမား
                အထက်တန်းတုန်းကငါ့ရဲ့နေလည်စာစားပွဲမှာထိုင်ခဲ့...ယာဉ်တိုက်မှု...၁၉၅၄။
ဂျမ်မီ“ဝါး”တီယာနန်...အထက်တန်းတုန်းကသူငယ်ချင်း
                ဘောလုံးနဲ့ပြည်နယ်ပေါင်းစုံဟော်ကီလက်ရွေးစင်...ယာဉ်တိုက်မှု...၁၉၅၉။
စစ္စကိုဟျူစတန်...ကင်ဆာကြောင့်ကွယ်လွန်...၁၉၆၁။
အကပညာရှင်ဖရက်ဒီဟာကို...၁၉၆၃ ခုနှစ်၊ ဂရင်းနစ်ခ်ျဗေးလစ်ဂ်ျ ပြတင်းပေါက်တစ်ခု
ကနေခုန်ချသွား။
အန်းကပ္ပလာ...ငါ့ရည်းစား...ယွန်းကားစ်ကလေးဆေးရုံမှာ ပုလွေမှုတ်နေတုန်း
                                   မီးခိုးအဆိပ်မိပြီးသေဆုံး
                                         ၁၆နှစ်အရွယ်လူငယ်တစ်ယောက်ရဲ့ရှို့မီး...၁၉၆၅။
ဖရန့်ခ်...ဖရန့်ခ်အိုဟားရား...ဖိုင်းယားကျွန်းပေါ်မှာကားတိုက်ခံရပြီးသေဆုံး၊ ၁၉၆၆။
ဝူဒီဂါသရီ...ဟန်တင်တန်ဦးနှောက်ပျက်ရောဂါနဲ့ ၁၉၆၈ခုနှစ်မှာသေဆုံး။
နီးလ်...နီးလ်ကဆာဒီ...မက္ကဆီကိုကရထားလမ်းဘေးမှာ မိုးထဲရေထဲ
                 ညလုံးပေါက်အိပ်ပျော်သွားခဲ့ပြီးသေဆုံး...၁၉၆၉။
ဖရန်နီဝင်စတန်...ကောင်မလေးတစ်ယောက်...သွားဆရာဝန်ဆီကအပြန် ဒဲထရွိုက်-
                 အန်းအားဘားရ်လမ်းမပေါ်မှာ ကားလည်းကြေ၊လူလည်းသေ...
                      စက်တင်ဘာ ၁၉၆၉။
ဂျက်ခ်...ဂျက်ခ်ကရိုးဝက်...အရက်နဲ့ကြမ်းကြုတ်တဲ့အဖျားရောဂါကြောင့်သေဆုံး...၁၉၆၉။

ငါ့ရဲ့နှလုံးအခုန်ကိုနှေးကွေးစေခဲ့တဲ့ သေခြင်းအကြောင်းတရားတွေ။ အဲဒီမိတ်ဆွေတွေ
အခုငါနဲ့အတူရှိနေတယ်။

တက်ဒ်ဘယ်ရီဂန်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Ted Berrigan ရဲ့ People Who Died ကဗျာကိုပြန်ဆိုပါတယ်)

Monday, September 10, 2012

ဆောင်းတစ်ည

မုန်တိုင်းကသူ့ရဲ့ပါးစပ်ပေါက်ကို အိမ်ရဲ့ကိုယ်ပေါ်မှာတပ်ဆင်လိုက်ပြီး
အသံဂုဏ်ရည်တစ်ခုကိုရဖို့အတွက် လေကိုမှုတ်ထုတ်တယ်။
ငါကအိပ်ရာပေါ်မှာဘယ်ညာလှိမ့်။ ပိတ်ထားတဲ့ငါ့မျက်လုံးတွေဟာ
မုန်တိုင်းရဲ့စာသားကို ဖတ်နေခဲ့တယ်။

ကလေးငယ်ရဲ့မျက်လုံးတွေက အမှောင်ထဲမှာပြူးကျယ်လာ။
မုန်တိုင်းက သူ့အတွက်တစ်ဝေါဝေါအ်ာတယ်။
ခါယမ်းနေတဲ့မီးအိမ်တွေကို သူတို့နှစ်ဦးစလုံးသဘောကျတယ်။
နှစ်ဦးစလုံးဟာ စကားပြောဆိုနိုင်ခြင်းဆီရောက်ဖို့ လမ်းတစ်ဝက်မှာ။

မုန်တိုင်းမှာ ကလေးတစ်ယောက်ရဲ့လက်တွေ၊အတောင်ပံတွေရှိတယ်။
အဝေးတစ်နေရာမှာတော့ ခရီးသွားတွေဟာ လေကွယ်ရာဆီအပြေးအလွှား။
အိမ်ဟာ ၎င်းရဲ့နံရံတွေကိုစုစည်းထိန်းချုပ်ထားတဲ့
အိမ်ရိုက်သံ ကြယ်အစုအဝေးကို ထိစမ်းခံစားကြည့်နေတယ်။

ငါတို့ရဲ့အခန်းတွေထဲမှာ ညကငြိမ်သက်လျက်။
အဲဒီမှာ ခြေသံတွေရဲ့ပဲ့တင်ခြေသံတွေဟာ
ရေကန်တစ်ခုအောက်မှာနစ်မြုပ်နေတဲ့ သစ်ရွက်တွေလို အနားယူလျက်။
ဒါပေမယ့်အပြင်ကညဟာတော့ စိတ်ကြမ်းလူကြမ်း။

ပိုပြီးမှောင်မိုက်တဲ့မုန်တိုင်းတစ်ခုက ငါတို့ရဲ့ကမ္ဘာပေါ်မှာမားမားရပ်နေတယ်။
သူ့ရဲ့ပါးစပ်ပေါက်ကို ငါတို့ရဲ့ဝိညာဉ်ပေါ်မှာတပ်ဆင်လိုက်ပြီး
အသံဂုဏ်ရည်တစ်ခုကိုရဖို့အတွက် လေကိုမှုတ်ထုတ်တယ်။ မုန်တိုင်းကငါတို့ကို
ဗလာကျင်းသွားအောင်မှုတ်ထုတ်လိုက်မလားဆိုပြီး ငါတို့ထိတ်လန့်ကြတယ်။

ထောမတ်စ် ထရန်စ(ထ)ရိုးမား
မြန်မာပြန်-မောင်ဒေး

(ဆွီဒင်ကဗျာဆရာ Tomas Transtromer ရဲ့ A Winter Night ကဗျာကိုပြန်ဆိုပါတယ်)

Sunday, September 9, 2012

သဲနွံအိုင်

သဲနွံအိုင် ပျောက်ကွယ်သွားပြီ။ မသိရင် ကမ္ဘာအနှံ့ရွှေ့ပြောင်းဖယ်ရှားရေးစီမံကိန်းတစ်ခုက
သူ့လုပ်ငန်းကိုအပြီးသတ်လိုက်တဲ့အတိုင်းပဲ။ သဲနွံအိုင် ဘယ်ရောက်သွားပြီလဲ။
      သဲနွံအိုင်တစ်ခုထဲမှာကျွံ့ဝင်နေရမယ့်အဖြစ်ကို ငါငယ်ငယ်ကတည်းကကြောက်ခဲ့တာပဲ။
တောကြီးမျက်မည်းထဲမှာငါတစ်ယောက်တည်း၊ ပြီးတော့ဘာလုပ်ရမယ် ဘာမလုပ်ရဘူး ဆိုတာကိုဗျာများပြီးစဉ်းစား။ အတင်းကာရောရုန်းထွက်ရင်လည်း  သဲနွံထဲပိုပြီးနစ်ဝင်ဖို့ပဲရှိ မယ်။အနီးပတ်ဝန်းကျင်မှာ ဟိုဒီသွားလာနေတဲ့ဒေသခံတိုင်းရင်းသားတစ်ယောက်တစ်လေ ရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အော်ဟစ်အကူအညီတောင်းဖို့ဆိုတာကလည်း  အသုံးမတည့်
လှတဲ့ကိစ္စ။ အဲဒီတိုင်းရင်းသားက မျှားသေးသေးလေးတွေကို မှုတ်ပြောင်းနဲ့မှုတ်ပြီးတိုက်ခိုက်
တတ်တဲ့ မျိုးနွယ်ကဖြစ်ချင်ဖြစ်နေမှာ။ ငါ့တစ်ကိုယ်လုံးထုံကျင် သွက်ချာပါဒလိုက်ပြီးတဲ့အခါ
ကျတော့ သူကငါ့ကိုနွံတောထဲကဆွဲထုတ်ပြီး ငါ့ခေါင်းကိုဘေ့စ်ဘောတစ်လုံးအရွယ်လောက်
ကျုံ့သွားအောင် လုပ်ပစ်မှာ။ မဖြစ်သေးဘူး၊ တိတ်တိတ်ကလေးနဲ့စိတ်အေးအေးထားနေတာ
က ပိုကောင်းမယ်။စိတ်အေးအေးထားတော့ ရုပ်ရှင်ထဲမှာကြည့်ဖူးတဲ့ပညာရှင် တစ်ယောက်
ပြောတာကို သွားအမှတ်ရမယ်။အဲဒီပညာရှင်ရဲ့အဆိုအရ တစ်ခုတည်းသောလွတ်မြောက်ရာ
လမ်းဟာ ငါရေကူးနေပါလားလို့မြင်ယောင်ကြည့်ခြင်းပဲတဲ့။ ဒါပေမယ့် ဘယ်နေရာမှာကူးရမယ်
ဆိုတာကိုတော့ သူကပြောမသွားဘူး။ ကော့ထ်ဒဲဇယူးရ်ကမ်းရိုးတန်းမှာကူးရမှာလား။ မြောက် အတ္တလန္တိတ်မှာကူးရမှာလား။ အဲဒီကရေမည်းမည်းကြီးတွေရဲ့အောက်ခြေကိုတော့ တိုက်တန်း နစ်သင်္ဘောကြီးလျှောဆင်းသွားခဲ့ဖူးတယ်။ ဒါမှမဟုတ် ငါငယ်စဉ်ကအော်ဟစ်ရယ်မောဆော့
ကစားခဲ့တဲ့ ပြည်သူပိုင် စိမ်းပြာရောင်ရေကူးကန်မှာ ကူးရမှာလား။
      ဒါပေမယ့် အခုဒီကိစ္စအတွက် သောကရောက်စရာမလိုတော့ဘူး။ သဲနွံအိုင်ပျာက်ကွယ်သွား
ပြီလေ။မသိရင် သူ့ကိုယ်သူပြန်မြိုသွားသလား အောက်မေ့ရတယ်။။

ရွန်ပတ်ဂျစ်ထ်
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Ron Padgett ရဲ့ Quicksand ကဗျာကိုပြန်ဆိုပါတယ်)

Saturday, September 8, 2012

ငါတို့ ချီတုံချတုံ


ရောက်လာမယ့်နေ့တွေဟာ ရေဝေကုန်းတန်းတစ်ခု။
မင်းရဲ့ဘုရားသခင်ပုံတူကို ဒီထက်ကောင်းအောင်လုပ်ဖို့တော့လိုမယ်။
ဒါမှရိုးရိုးရှင်းရှင်းဖြစ်မယ်။ စာရင်းထဲမှာအဲဒါပါတယ်။
မင်းနဲ့မင်းရဲ့ခန္ဓာကိုယ်တွေက အဝတ်လှန်းတဲ့ကြိုးတန်းပေါ်မှာ။

အသစ်ဟူသောအတိတ်က မှိုင်းညို့သောမျှော်လင့်ချက်ကြီးတစ်ခုလို
သစ်ပင်တန်းရဲ့အထက်မှာ အလိပ်ကိုဖြည်ချလိုက်တယ်။ ကမန်းကတန်းရွေ့နေတဲ့
တိမ်တွေပေါ်မှာ အခိုက်အတန့်သဘောတင်ထားတဲ့ ဧရာမလက်ကြီးတစ်ခုအလားပဲ။
မြစ်ဝှမ်းတွေပြည့်တင်းလာ၊ ပြီးတော့ရှုပ်ထွေးလာကြ

ဒါပေမယ့် မလုံလောက်သေးဘူး။ စိုးရိမ်ပူပန်မှုနဲ့ ရှက်ကိုးရှက်ကန်းဖြစ်ရတာတွေက
သိပ်သည်းဗောင်းလန်စွာ ကြီးထွားလာတယ်။ သူတို့အိမ်ပြန်ရောက်တာနဲ့တစ်ပြိုင်နက်
ဆဲဆိုတာတွေမရှိတော့ဘူး။ မီးလောင်တာတွေက ညနေခင်းရဲ့စိတ်ကိုနှောင့်ယှက်တယ်။
တကယ့်ဇာတ်လမ်းကိုဘယ်သူမှမကြားနိုင်။ ဒါမှမဟုတ် တစ်ခါတစ်ရံမှာလူတွေဟာ

ကလေးတစ်ယောက်လို မေ့လျော့တတ်ကြတယ်။ အဲဒီကျင့်ဝတ်ကိုတားမြစ်လိုက်နိုင်ဖို့
ငါ့အတွက် လပေါင်းများစွာကြာခဲ့တယ်။ အဲဒါကိုတားမြစ်လိုက်တဲ့အတွက်ရော
ဘာများအကျိုးရှိသတုန်း။ မင်းကတော့ ဦးနှောက်လည်းပုံမှန်၊ လည်လည်ပတ်ပတ်လည်းရှိတဲ့
လူတစ်ယောက်ဖြစ်နေဆဲပါပဲ။ ဆည်းဆာမှာအမြစ်တွယ်ပြီး စိတ်ကူးယဉ်နေတဲ့ ယာဉ်ကြောပေါ့။

ဂျွန်အက်ရှ်ဘရီ
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ John Ashbery ရဲ့ We Hesitate ကဗျာကိုပြန်ဆိုပါတယ်)

Friday, September 7, 2012

လစ်သူယေးနီးယန်း ငိုချင်းတစ်ပုဒ်

မြူနှင်း မြူနှင်း ငါ့ရဲ့အလှတရားကဆုံးရှုံးခဲ့တဲ့အရာ
အဖိုးကြီးတစ်ယောက်စကားပြောနေတာ ငါကြားတယ်

ငါတို့ သစ်တောတွေပဲဖြစ်ရမယ်
ဥာဏ်ပညာကြီးရင့်သူအမျိုးသမီးတွေက သစ်ကိုင်းမှာဖဲကြိုးတွေချည်နှောင်

လေက စာဘယ်လိုပေါင်းဖတ်ရမလဲဆိုတာကို သိတယ်
ဟောဒီမြစ်သေးသေးလေးထဲမှာ ရေတွေများလှချည့်

ဘာသာတရားဟောင်းကြီးကို မဆုံးရှုံးစေနဲ့လမင်း
ငါတို့လိုအပ်လို့ ငါတို့သန်မာနေကြတာပဲ

တစ်ခါတရံအဖေကသားထက် တစ်လကြီးတယ်
ကျိုးနေတဲ့ဂစ်တာပေါ်ကတရားကို မင်းကြားလား

ငါ့သမီးကို သစ်ပင်နာမည်တွေခေါ်တတ်အောင် သင်ခဲ့ပေးပြီးပြီ
နေမကွယ်ခင်အထိ ဘယ်သူ့ကိုမှသွားမထိနဲ့

သွေးထွက်နေတဲ့လူတစ်ယောက်ကို မြစ်ကမ်းနဖူးပေါ်မှာမင်းမြင်ခဲ့တယ်
အကြိမ်ကြိမ်ဆေးကြောကြပေမယ့် ငါတို့ဘယ်တော့မှ သန့်ရှင်းမလာ

လမ်းလျှောက်ပုံကိုကြည့်ပြီး ငါတို့တစ်ယောက်ကိုတစ်ယောက်သိတယ်
မိုးရေထဲမှာ ဖဲကြိုးနီတွေက အသားစတွေလို။

ရောဘာ့ထ်ကယ်လီ
မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာRobert Kelly ရဲ့ A Lithuanian Elegy ကဗျာကိုပြန်ဆိုပါတယ်)

Wednesday, September 5, 2012

အတွင်းသူပုန်ကိုအရေဆုတ်ရန်

အိပ်ချိန်ဟာအတိတ်ရဲ့မီးကို သတိတရရှိတယ်။ စက္ကန့်တစ်ချို့ကြာမြင့်
ပြီးနောက် အချိန်ကအချိန်ဘက်ကိုပြန်လှည့်သွားတယ်။ အတိတ်ကိုကြောက်တာဟာ
မမြင်ရတဲ့ငမန်းကိုကြည့်ဖို့ ပင်လယ်ဆီသွားရသလိုပဲ။ “အတွင်းသူပုန်”
ကိုတစ်ကြိမ်မကငါရှာခဲ့ပြီးပြီ။ အဲဒီနောက်၊
ထောင်ချောက်တံခါးများနဲ့ ရင်ဘတ်အောင့်ခြင်းတစ်ချို့။

ပြတင်းပေါက်ရဲ့အပြင်ကိုကြည့်၊ ယုန်တွေမျိုးပွားသလို
ပစ္စုပ္ပန်ကိုဆတိုးကိန်းနဲ့မြှောက်၊ ရှေ့နောက်သွေဖယ်နေတာတွေကို လှီးထုတ်။
တစ်ခါတရံ ဘာကိုဆုံးဖြတ်ရမလဲငါတို့မသိဘူး။ လက်သမားတွေ
လှေကားကိုယ်စီ။ မကြာခဏဆိုသလိုပဲ အိမ်တစ်လုံးအတွင်းမှာ
နောက်ထပ်အိမ်တစ်လုံးဆောက်ဖို့အရေးဟာ။ အဲဒီနောက်၊
လမ်းချော်နေတဲ့ဇာတ်ဝင်ခန်း

ရထားတွေလမ်းချော်တာကိုပြတဲ့ဇာတ်ဝင်ခန်းမှာ ငါတို့ဟာ
တံတားကိုဖျက်မယ့်လူစူလုဝေး။ ယုန်ကို
ဘယ်လိုအရေဆုတ်ရသလဲလို့ သူမကမေးတယ်။
သင့်တင့်လျောက်ပတ်တဲ့စကားစုမရှိခြင်းကို ပြတဲ့သဘောပဲ။
မီးအိမ်အနောက်မှာပုန်းနေတဲ့ရန်သူ။ မီးဖိုချောင်ထဲကထမင်းစားပွဲဟာ
လူအယောက်တစ်ရာကိုနေရာပေးနိုင်တယ်။

မကြာခဏဆိုသလိုပဲ ငါတို့ဟာအိပ်စက်မှုအတွင်းလိင်ဆက်ဆံကြတယ်။
ကြမ်းတမ်းတယ်လို့ထင်ရပေမယ့် တကယ်ကဝမ်းနည်းကြေမွ
နေတာ။ နောက်ပြန်လမ်းလျှောက်ရင်း ကြိုးစားအားထုတ်မှုတစ်ခုအဖြစ်
တိုက်စားပျောက်ကွယ်နေတာ။ ရင်ထိတ်ဖိုရခြင်းရဲ့အလယ်အလတ်အဆင့်။ ငါ့မှာ
ဘုံအသိရှိတယ်လို့ထင်တာပဲ။ အိပ်ရာကနိုးလာတော့လည်း မြို့ဟာဇောက်ထိုး။

မောင်ဒေး
စက်တင်ဘာ ၅၊ ၂ဝ၁၂